မဟောသဓဇာတ်တော်ကြီး/အခန်း-၀၃

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃။ အိပ်မက်အရ ပညာရှိကိုရှာခန်း

ဝိဒေဟရာဇ်မင်းကြီးသည်လည်း ထိုအိပ်မက်မြင်သည်မှ ၇-နှစ်ရှိပြီးသော် ဤသို့ အကြံဖြစ်၏။ “ငါ၏အမတ် သုခမိန် ၄-ယောက်တို့သည် မိမိတို့ကိုလွန်၍ ၅-ယောက်မြောက်သော ပညာရှိသည် ပေါ်လတ္တံ့ဟု ငါ၏အိပ်မက်ကို ဖတ်ကြားလျှောက်ထားကြကုန်၏။ ထိုပညာရှိသည် ယခု အဘယ်အရပ်၌ ရှိလိမ့်အံ့နည်း”ဟု အောက်မေ့လျက် အမတ် ၄-ယောက်ကိုခေါ်၍၊ “ငါ၏အိပ်မက်ကို သုခမိန်အမတ်တို့က “ပညာရှိပေါ်မည်”ဟု ဖတ်ကြားကြကုန်သည်။ သင်တို့ ယခု ထိုသုခမိန်တို့ဖတ်သောပညာရှိကို အရပ်၄-မျက်နှာတို့၌ အသီးသီးရှာကြရမည်”ဟု တစ်ယောက်စီ တံခါး ၄-မျက်နှာတို့မှ စေလွှတ်လိုက်၏။

ထိုအမတ်ကြီး ၄-ယောက်တို့တွင် တောင်, မြောက်, အနောက် ၃-မျက်နှာတို့၌ရှာကုန်သော အမတ်တို့သည် ပညာရှိကို မတွေ့ကုန်။ အရှေ့တံခါးမှထွက်၍ရှာသောအမတ်သည် ပါစီနယဝ မဇ္ဈဂုံးရွာအလယ်၌ ဘုရားလောင်းသည် စီရင်အပ်သော ဇရပ်ကိုမြင်လတ်သော် “ဤဇရပ်ကို ဆောက်လုပ်စီရင်သောသူသည် မချွတ်လျှင် ပညာရှိဖြစ်လတ္တံ့”ဟု ကြံလျက်၊ “ဤဇရပ်ကို အဘယ်ဗိသုကာဆောက်သနည်း”ဟု မေး၏။

လူအပေါင်းတို့သည် “ဤဇရပ်ကို လက်သမားဗိသုကာတို့ ဆောက်လုပ်စီရင်သည် မဟုတ်။ သီရီဝဍ္ဎနသူဌေးကြီးသား မဟောသဓသုခမိန်သည် ဆရာအမှီမရှိဘဲ မိမိပညာအစွမ်းဖြင့် စီရင်အပ်သော ဇရပ်တည်း”ဟု ဆိုကြကုန်၏။

ထိုစကားကိုကြားလျှင် အမတ်လည်း “မဟောသဓသုခမိန်သည် အဘယ်မျှနှစ်အရွယ် ရှိပြီနည်း”ဟု မေး၏။ ရွာသားတို့လည်း “မဟောသဓသုခမိန်သည် ယခု ဤလတွင် ၇-နှစ် အသက်စေ့ပြီ”ဟု ဆိုကုန်၏။ ထိုစကားကိုကြားလျှင် အမတ်သည် မင်းကြီးအိပ်မက်သော နှစ်လရက်များကို မှတ်သားရသည်နှင့်လျှော်စွာ မင်းကြီးအိပ်မက်သည့် နေ့မှ ထိုလတိုင် နှစ်,လ,ရက်ပေါင်းကိုချင့်တွက်သော် သူဌေးသားအရွယ် အသက်နှင့်အိပ်မက်သည် နှစ်,လညီကြသည်ဖြစ်၍ “သုခမိန်ဟူသည်ကား ဤသတို့သားပင်တည်း”ဟု အတပ်သိပြီးလျှင် မိဘနေရပ် အတ္ထုပ္ပတ်အသွယ်သွယ်နှင့် အရွယ်အသက်ကို လျှောက်ချက်တင်၍-

“အရှင်မင်းကြီး။ ပါစိနယဝမဇ္ဈဂုံးရွာနေ သိရီဝဍ္ဎနသူဌေးကြီးသား မဟောသဓသုခမိန်အမည်ရှိသော သတို့သားငယ်သည် မည်သည့်နှစ်,လ,ရက်ကဖွား၍ ၇-နှစ်အရွယ်မျှသာရှိသေးလျက် ဤသို့သဘောရှိသော ဇရပ်ကိုဆောက်ပြီးလျှင်၊ ဤသို့သော သဘောရှိသော ရေကန်, ဥယျာဉ်ကို မိမိပညာအစွမ်းဖြင့် စီရင်၏။ ထိုသတို့သားသည် အိပ်မက်တော်မူသော နှစ်, လနှင့်ထောက်ချင့်သော် အညီပင်ဖြစ်၍ ဘုန်းတော်ကြောင့် ပေါ်ထွန်းလာသော ပညာရှိဧကန် မှန်ပါသည်။ ယခု ဆောင်ယူတော်မူလျှင် သင့်မည်ထင်ပါသည်”ဟု မင်းချင်း တစ်ယောက်ကိုစေ၍ လျှောက်ထားစေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုစကားကိုကြားလျှင် အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်သဖြင့် သေနကသုခမိန်အမတ်ကြီးကို ခေါ်စေ၍ ထိုအကြောင်းကိုပြောဆိုပြီးလျှင် “ဆရာအမတ်ကြီး။ ထိုသုခမိန်ကို ယခု ဆောင်ယူရသော် ကောင်းမည်မဟုတ်လော”ဟု တိုင်ပင်မေးမြန်း၏။

သေနကအမတ်သည် ဝန်တိုပိတ်ပင်ခြင်း ရှိသည်ဖြစ်၍ “အရှင်မင်းကြီး။ ဤမျှလောက်သောဇရပ်ကို ဆောက်လုပ်စီရင်တတ်ကာမျှနှင့် သုခမိန် မမြောက်သေး။ ဤမျှလောက်သောဇရပ်ကို သူခပ်သိမ်းတို့ပင် စီရင်နိုင်သည်ချည်းဖြစ်၍ ချီးမြှောက်လောက်အောင် ဂုဏ်ကျေးဇူးမရှိ” ဟုဆို၏။

ဝိဒေဟရာဇ်မင်းကြီးလည်း သေနကအမတ်ကြီးစကားကိုကြားလျှင် “ငါ၏အမတ်ကြီးသည် အကြောင်းထူးရှိသေးသောကြောင့် ဆိုသည်ဖြစ်မည်”ဟု သေနကအမတ်ကြီးစကားကို မပယ်ဘဲ ပါစိနယဝမဇ္ဈဂုံးရွာ၌ ဘုရားလောင်းကိုတွေ့သော အမတ်သို့သာလျှင် “သင်သည် ပါစိနယဝ မဇ္ဈဂုံးရွာ၌နေလျက် မဟောသဓသတို့သား၏ အမူအရာ ပညာရှိ,မရှိကို သိသာအောင် စူးစမ်းဆင်ခြင်လေဦး”ဟု မင်းချင်းတစ်ယောက်ကို စေလွှတ်လိုက်၏။

ထိုအမတ်သည်လည်း မင်းကြီးစကားကိုကြားလျှင် ထိုပါစိနယဝမဇ္ဈဂုံးရွာ၌နေလျက် ဘုရားလောင်း၏ အမူအရာပညာရှိ,မရှိကို မပြတ်လျှင်စူးစမ်းဆင်ခြင်၏။

ထိုအမတ် စူးစမ်းဆင်ခြင်ရာ၌ ဤဆိုလတ္တံ့သည်ကား ဥဒါန်းအစဉ်တည်း။

“မံသံ ဂေါဏော ဂန္ထိ သုတ္တံ၊ ပုတ္တံ ဂေါတော ရထေန စ။

ဒဏ္ဍော သီသံ အဟိ စေဝ၊ ကုက္ကုဋော မဏိ ဝိဇာယနံ။

သြဒနံ ဝါလုကဉ္စာပိ၊ တဠာကုယျာနံ ဂဒြဘော မဏီတိ။”

မံသဉ္စ၊ အမဲတရားလည်းကောင်း။ ဂေါဏော စ၊ နွားတရား လည်းကောင်း။ ဂန္ထိ စ၊ လည်ရွဲတရားလည်းကောင်း။ သုတ္တဉ္စ၊ ချည်ထွေးတရားလည်းကောင်း။ ပုတ္တဉ္စ၊ သားတရား လည်းကောင်း။ ဂေါတော စ၊ ဂေါတကာလ၏ မယားခိုးတရားလည်းကောင်း။ ရထေန စ၊ ရထားလုတရားလည်းကောင်း။ ဒဏ္ဍော စ၊ ရှားလှံတံပြဿနာလည်းကောင်း။ သီသဉ္စ၊ ဦးခေါင်းခွံပြဿနာလည်းကောင်း။ အဟိ စေဝ၊ မြွေပြဿနာလည်းကောင်း။ ကုက္ကဋော စ၊ ကြက်ပြဿနာလည်းကောင်း။ မဏိ စ၊ ပတ္တမြားပြဿနာ လည်းကောင်း။ ဝိဇာယနဉ္စ၊ သားဖွားပြဿနာလည်းကောင်း။ သြဒနဉ္စ၊ ထမင်းပြဿနာလည်းကောင်း။ ဝါလုကဉ္စာပိ၊ သဲလွန်ပြဿနာလည်းကောင်း။ တဠာကဉ္စ၊ ရေကန်ပြဿနာလည်းကောင်း။ ဥယျာနဉ္စ၊ ဥယျာဉ်ပြဿနာလည်းကောင်း။ ဂဒြဘော စ၊ မြည်းပြဿနာ လည်းကောင်း။ မဏိ စ၊ ပတ္တမြားကိုထုတ်ယူခြင်းလည်းကောင်း။ ဣတိဣဒံ၊ ဤ ၁၉-ပါးသည်ကား။ ဝီမံသနုဒါနံ၊ ပညာရှိလက္ခဏာကို စူးစမ်းခြင်းအကြောင်းတည်း။