မဟောသဓဇာတ်တော်ကြီး/အခန်း-၀၂

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂။ ဇရပ်ဆောက်ခန်း

ထိုအခါ ဘုရားလောင်းသည် ဤသို့သောအကြံ ဖြစ်၏။ “ငါတို့ပျော်ပါးကစားရာဖြစ်သော မြေတလင်းသည် ဆင်, မြင်း, ကျွဲ, နွားစသည် သွားလာခြင်းကြောင့် ငြောင့်ခလုတ်သည် ထူထပ်၏။ လေ, နေပူ, တံလျှပ်တို့ခတ်သဖြင့်လည်း ငါတို့ ပင်ပန်းကုန်၏။ မိုးရွာသဖြင့်လည်း ရွံ့နှင့်မကင်း တလင်းမသန့် ပြန့်ပြန့်ပြူးပြူး မြူးထူးပျော်ပါး မကစားရသည်လည်း ဖြစ်ကုန်၏။ ထိုသို့ဖြစ်၍ ဤအရပ်၌ ကစားရန် ဇရပ်ဆောက်အံ့သောငှာ အပ်၏”ဟု ကြံပြီးလျှင်၊ ဖွားဖက်ရွေဖော် သူငယ် ၁၀၀၀-တို့ကို “အချင်းတို့ ဤအရပ်၌ ငါတို့ ယခုကစားရသည်ကား မိုး, လေ, နေပူ၊ တံလျှပ်လာလတ်သော် အလွန်ပင်ပန်းကြကုန်၏။ ထိုဘေးရန်အပေါင်းတို့ကို တားမြစ်စေခြင်းငှာ ငါတို့ကစားရာ ဇရပ်ဆောက်ရသော် ကောင်း၏။ ဇရပ်ဆောက်လုပ်ရန် တစ်ယောက်လျှင် အသပြာတစ်ကျပ်စီ ဆောင်ယူစုပေါင်းကြလော့”ဟုဆို၏။

ဖွားဖက်တော် ၁၀၀၀-တို့လည်း ဘုရားလောင်းဆိုတိုင်းပင်လျှင် မိမိတို့အိမ်မှ တစ်ကျပ်စီ ဆောင်ယူစုပေါင်းကြသဖြင့်၊ အသပြာ ၁၀၀၀-စုမိပြီးသော် ဘုရားလောင်းသည် ဗိသုကာမှု အစီအရင်၌ ကျွမ်းကျင်လိမ္မာ ထင်ရှားစွာသော ဗိသုကာ ဆရာကြီးကိုခေါ်စေ၍၊ ရောက်လျှင် “ဆရာကြီး။ ဤအသပြာ ၁၀၀၀-ကိုအခပေးအံ့။ လက်ခဥစ္စာနှင့်တန်အောင် ဤအရပ်၌ ဇရပ်တစ်ဆောင်ကို ဆရာကြီးဆောက်လော့”ဟုဆို၍ အသပြာ ၁၀၀-ကို လက်သမားကြီးအား ပေး၏။ ဗိသုကာကြီးလည်း “ကောင်းပြီ၊ ဆောက်အံ့”ဟု ဝန်ခံ၍ အသပြာ ၁၀၀၀-ကိုယူပြီးလျှင် ဇရပ်ဆောက်ရာမြေအရပ်၌ ဆူးငြောင့်ခလုတ်တို့ကို နုတ်ပယ်လျက် ညီညွတ်စွာညှိပြီးသော် မိမိတတ်သမျှသော ပညာအစွမ်းဖြင့် ဆန်းဆန်းကြယ်ကြယ် တင့်တယ်လျောက်ပတ်ကြောင်း ကောင်းစွာတံမျဉ်းကြိုးကိုခင်း၏။

မဟောသဓသတို့သားသည် ဗိသုကာကြီး၏တံမျဉ်းကြိုးအခင်းကို မနှစ်သက်သည်ဖြစ်၍ “ဆရာကြီး။ ဤသို့ မခင်းလင့်။ အသစ်ပြင်၍ ခင်းဦးလော့”ဟုဆို၏။ လက်သမားကြီးလည်း “အရှင့်သား။ ဤတံမျဉ်းကြိုးအခင်းကား ကျွန်ုပ်တတ်သမျှ ပညာစွမ်းဖြင့်စီရင်အပ်သော အခင်းပင်ဖြစ်သည်။ ဤထက်လွန်၍ ဆန်းကြယ်လျောက်ပတ်သော အရာကို ကျွန်ုပ် မတတ်ပြီ”ဟု ဆို၏။

ထိုအခါ မဟောသဓသတို့သားသည် “ဆရာကြီး။ ဤမျှလောက်သော ဗိသုကာအတတ်ဖြင့် ငါတို့ဥစွာ ၁၀၀၀-ကိုယူလျက် ဇရပ်ကိုဆောက်အံ့ဟု ဝန်ခံလေသည်။ အဘယ်သို့ သင် ဖြစ်အံ့နည်း”ဟု ဆိုပြီးလျှင်၊ “တံမျဉ်းကြိုးကို ယူချေ။ ငါး ခင်း၍ပေးအံ့”ဟု ဘုရားလောင်း အသစ်ပြင်၍ တံမျဉ်းကြိုးကိုခင်းပြန်၏။ ထိုအခင်းသည် ဝိသုကြုံနတ်သားခင်းသကဲ့သို့ အဆန်းတကြယ် တင့်တယ်စွာဖြစ်၏။

ထိုသို့ တံမျဉ်းကြိုးခင်းပြီးသော် ဗိသုကာကြီးကို “ဆရာကြီး။ သင် ဤသို့ ခင်းနိုင်ပါအံ့လော”ဟုဆို၏။ ဗိသုကာကြီးလည်း “အရှင့်သား။ ကျွန်ုပ် မတတ်” ဟုဆိုလျှင်၊ ဘုရားလောင်းသည် ဤတစ်ခုတည်းသော ဇရပ်တွင်ပင်-“ဤအရပ်၌ ကိုးကွယ်ရာမရှိကုန်သော ခရီးသွားဧည့်သည်တို့၏ နေရာဖြစ်စေ၊ ဤအရပ်၌ ကိုးကွယ်ရာမရှိကုန်သော ခရီးသွား ကိုယ်ဝန်ဆောင်မိန်းမတို့၏ သားဖွားရာဖြစ်စေ။ ဤအရပ်၌ အာဂန္တုကဖြစ်သော ရဟန်းပုဏ္ဏားတို့၏ နေရာဖြစ်စေ။ ဤအရပ်၌ ခရီးသွားလူဧည့်သည်တို့၏ နေရာဖြစ်စေ။ ဤအရပ်၌ လှည်းကုန်သည် ခြေကုန်သည်တို့၏ ဘဏ္ဍာထားရာဖြစ်စေ။ ဤအရပ်၌ ငါတို့ကစားရာ တလင်း ဖြစ်စေ၊ ဤအရပ်၌ တရားစီရင်ရာသဘင်ဖြစ်စေ”ဟု အလုံးစုံသောအရာတို့ဖြင့် ပြင်သို့တံခါးဝထား၍သာလျှင် ၂-ရက် ၃-ရက်ဖြင့်ပြီးအောင် ဗိသုကာကြီးကို ဆောက်လုပ်စေ၏။

ဇရပ်ဆောက်လုပ်ပြီးသော် ဆေးခြယ်, ဆေးရေးအတတ်၌ ထင်ရှားကုန်သော ပန်းချီသမားတို့ကိုခေါ်၍ “ဤအရပ်၌ ဤမည်သောဆေးဖြင့် ဤမည်သောအရုပ် ခြူးပန်း ခြူးနွယ်, ပန်းအိ, ပန်းထပ်စသည်တို့ကိုထားလော့”ဟု ဘုရားလောင်းသည်သာလျှင်စီရင်၍ အလုံးစုံသောဇရပ်ကို ဆေးခြယ်စေ၏။ ထိုဇရပ်သည် တာဝတိံသာနတ်ပြည်၌ သုဓမ္မာဇရပ်ကဲ့သို့ လျောက်ပတ်ဆန်းကြယ် အလွန်တင့်တယ်စွာ ဖြစ်၏။ “ဤသို့ဆောက်လုပ် စီရင်ပြီးသောဇရပ်သည် ဤမျှဖြင့် မတင့်တယ်သေး။ ဇရပ်အနီး၌ ရေကန်ကြီးတစ်ခုတူးရသော် သာ၍တင့်တယ်ဖွယ် ရှိသေး၏”ဟု ကြံလျက် ဘုရားလောင်းသည် ဇရပ်အနီး ၄-ထောင့်ကန်ကြီးကို တူးစေပြီးသော် ပန်းရန်အမှု၌ လိမ္မာသော ပန်းရန်ဆရာကြီးကိုခေါ်၍ ဘုရားလောင်းသည်သာလျှင် စီရင်လျက် အကောက် ၁၀၀၀, ရေဆိပ် ၁၀၀-ရှိသော ရေကန်ကြီးကို ပြုစေ၏။ ထိုရေကန်သည် တာဝတိံသာနတ်ပြည်၌ ကြာမျိုး ၅-ပါးတို့ဖြင့် လွှမ်းအပ်သော နန္ဒာရေကန်ကဲ့သို့ နှစ်လိုဖွယ်ဖြစ်၏။

ထိုရေကန်နား ထက်ဝန်းကျင်အရပ်တို့၌လည်း အသီးအပွင့်တို့ကို ဆောင်ကုန်သော သစ်ပင်တို့ကို စိုက်ပျိုးစေသဖြင့် ဥယျာဉ်ပြုစေ၏။ ထိုဥယျာဉ်သည် တာဝတိံသာနတ်ပြည်၌ နန္ဒဝန်ဥယျာဉ်ကဲ့သို့ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်၏။ ထိုဇရပ်သို့ရောက်လာကုန်သော တရားစောင့်သော ရဟန်း ပုဏ္ဏားတို့အားလည်းကောင်း၊ ဧည့်သည်ဖြစ်သော လူတို့အားလည်းကောင်း ထိုသူတို့နှင့်လျော်စွာသော ဒါနဝတ်ကိုလည်း ဖြစ်စေ၏။ ဤသို့စီရင်အပ်သော ဘုရားလောင်း၏ အမူအရာ ကောင်းစွာသောဂုဏ်သတင်းသည် အရပ်ထက်ဝန်းကျင်တို့၌ ကျော်စောထင်ရှားသည်ဖြစ်၏။ ထိုထိုသို့သော ရွာ, နိဂုံး, မြို့တို့၌နေကုန်သော လူအပေါင်းတို့သည်လည်း ဇရပ်, ရေကန်, ဥယျာဉ်, သူဌေးသား၏အမူအရာတို့ကို ကြည့်ရှုဖူးမြင်ခြင်းငှာ လာလတ်ကုန်၏။

ဘုရားလောင်းသည်လည်း ထိုဇရပ်၌နေလျက် ရောက်လာကုန်သောသူတို့အား အကြောင်းအကျိုးနှင့်စပ်သော စကားကိုလည်းကောင်း၊ သင့်သည်, မသင့်သည်ကိုလည်းကောင်း ကောင်းစွာ ဆုံးဖြတ်ပြောဟော၏။

ထိုအခါ ဝိဒေဟရာဇ်တိုင်းသည် ဘုရားပွင့်တော်မူသောအခါကဲ့သို့ များသောအားဖြင့် ဟုတ်မှန်သော တရားအကျင့်တို့၌သာ တည်ကုန်၏။

ဤကား ဘုရားလောင်းမဟောသဓ သတို့သားသည် ၇-နှစ်အရွယ် ရောက်ဦးကပင်လျှင် ကောင်းသောပညာ ကျေးဇူးအထူးဖြစ်သည်ကို ဆိုသောစကားတည်း။