မဟောသဓဇာတ်တော်ကြီး/အခန်း-၀၁

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁။ မဟောသဓ ဖွားတော်မူခန်း

လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ ဝေဒေဟအမည်ရှိသောမင်းသည် မင်းပြု၏။

(ထိုမင်းသည် “ဝေဒဟ”အမည်တွင်သည်ကား “ဝိဒေဟေ ဣဿရော ဝေဒေဟော”ဟူသော ဝိဂြိုဟ်နှင့်အညီ ဝိဒေဟရာဇ်တိုင်းကို အစိုးရသောကြောင့် “ဝေဒေဟ”ဟု အမည်တွင်သတည်း။)

ထိုဝိဒေဟရာဇ်မင်းကြီးအား အကျိုးအကြောင်း ကောင်းမကောင်း ရာ,မရာကို ဆုံးမညွှန်ပြတတ်သော မင်းတိုင်ပင်အမတ်သုခမိန်ကား- သေနကအမည်ရှိသော အမတ်, ပက္ကုသအမည်ရှိသော အမတ်, ကာမိန္ဒအမည်ရှိသော အမတ်, ဒေဝိန္ဒအမည်ရှိသော အမတ်ဟူ၍ သုခမိန်အမတ်ကြီး ၄-ယောက်ရှိ၏။

ထိုဝိဒေဟရာဇ်မြို့မှ မနီးမဝေး ၄-မျက်နှာအရပ်တို့၌ အရှေ့က ပါစိနယဝမဇ္ဈဂုံးရွာ, တောင်က ဒက္ခိဏယဝမဇ္ဈဂုံးရွာ, အနောက်က ပစ္ဆိမယဝမဇ္ဈဂုံးရွာ, မြောက်က ဥတ္တရယဝမဇ္ဈဂုံးရွာဟူ၍ ညဉ့်နံနက်ဈေး သူဌေးသူကြွယ်, ကုန်သွယ်,လယ်လုပ် အုတ်အုတ်ကျက်ကျက်သော အိမ်ဈေးတို့ဖြင့်နေ၍ ပျော်ဖွယ်ဖြစ်သော ရွာကြီး ၄-ရွာတို့သည် ရှိကုန်၏။

ထိုရွာကြီး ၄-ရွာတို့တွင် မြို့မှ အရှေ့မျက်နှာ ပါစီနယဝမဇ္ဈဂုံးရွာ၌ သိရီဝဍ္ဎနအမည်ရှိသော သူဌေးကြီးသည် သူဌေးငယ်, သူကြွယ်, ဆွေမျိုးများစွာတို့နှင့် ပြည့်စုံစွာနေ၏။ သူဌေးမကား သုမနဒေဝီ အမည်ရှိ၏။ ထိုအခါ ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်မှ စုတေခဲ့၍ သိရီဝဍ္ဎနသူဌေးကြီး၏မယား သုမနဒေဝီအမည်ရှိသော သူဌေးမဝမ်း၌ ပဋိသန္ဓေယူ၏။ ဘုရားလောင်းနတ်သားနှင့် တပေါင်းတဖော်တည်းဖြစ်သော နတ်သား၁၀၀၀-တို့သည်လည်း ဘုရားလောင်းနှင့်အတူပင်လျှင် တာဝတိံသာနတ်ပြည်မှ စုတေခဲ့၍ သိရီဝဍ္ဎနသူဌေးကြီး၏ အပေါင်းအဖော် ဆွေတော်မျိုးစပ်ဖြစ်သော သူဌေးငယ်တို့၏အိမ်တို့၌ အသီးသီး ပဋိသန္ဓေယူကြကုန်၏။

ဘုရားလောင်း ပဋိသန္ဓေယူသည်နှင့် တစ်ပြိုင်နက်ပင်လျှင် ဝိဒေဟရာဇ်မင်းကြီး၏ ဤသို့သောအိပ်မက် မြင်မက်၏။

“မင်းအား ညီလာခံရာမြေအပြင်၌ပင်လျှင် ၄-ထောင့်သောအရပ်တို့၌ မြို့တံတိုင်းခန့်အမြင့်ရှိသော မီးပုံကြီး ၄-ပုံတို့သည် ထလတ်၍ တလျှပ်လျှပ်တထိန်ထိန် အရှိန်အဝါနှင့်တောက်ပကုန်၏။ ထိုမီးပုံကြီး ၄-ခုတို့၏ အလယ်၌ပင်လျှင် ပိုးစုန်းကြူးခန့်ပမာဏရှိသော မီးပုံငယ်သည် ထလတ်ပြန်၍ အလျှံက်မိုးသဖြင့် ထိုမီးပုံကြီး ၄-ခုတို့ကိုလွှမ်းလျက် အထက်ဗြဟ္မာပြည်တိုင်အောင်တက်၍ စကြဝဠာတိုက်အလုံး၌ ဖုံးကွယ်တတ်သော အမိုက်မှောင်ကို အရောင်အဝါဖြင့်ပျောက်စေ၍ တောက်ပလျက်တည်၏။

ထို မီးပုံငယ်သည် ကောင်းကင်၌ထွန်းလင်းပြီး၍ မြေသို့တစ်ဖန် ကျလတ်ပြန်သော် မုန်ညင်းသီးပမာဏခန့်သာ ထင်၏။ နတ်ပြည် ၆-ထပ်၌ရှိကုန်သော နတ်ပရိသတ်, လူ့ပြည်၌ရှိကုန်သော လူပရိသတ်အပေါင်းတို့သည်လည်း ထိုမီးပုံငယ်ကို ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ကုန်၏။ မီးလျှံအတွင်း၌ လူအပေါင်းတို့သည် သွားလာကြကုန်၏။ ထိုလူတို့သည်လည်း မွေးတွင်းမျှ ပူရှိန်သောမည်သည်ကို မရှိ။ ချမ်းငြိမ်းစွာလျှင် သွားလာကြကုန်၏။”

ဤသို့သော အိပ်မက်ကို မင်းကြီး မြင်မက်သတည်း။

ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့ အိပ်မက်ကို မြင်ပြီးလျှင် ကြောက်လန့်တကြားနိုးလတ်သဖြင့် ထ၍ “ငါ့အား အဘယ်သို့ဖြစ်လတ္တံ့သည် မသိ'ဟု ကြံမိသောစိတ်ဖြင့် အိပ်မပျော်နိုင် ထိုင်လျက်ပင်လျှင် နေအရုဏ်တက်၍ ၄-ချက်တီးကျော်အချိန်ရှိလျှင် သုခမိန်အမတ်ကြီး ၄-ယောက်တို့သည် ရှေ့နောက်အစဉ်သင့် မင်းခွင့်မင်းရေး မေးလျှောက်တိုင်ပင် ဆင်ခြင်စုံစမ်းမြဲအတိုင်း နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားကြလျက် “အရှင်မင်းကြီး။ ယနေ့ညဉ့် ကိုယ်စိတ်ချမ်းသာစွာ စက်တော်ခေါ်၍ ပျော်မွေ့ငြိမ်းအေးတော်မူပါ၏လော”ဟု သာရဏီယကထာစကား လျှောက်ထားကြကုန်၏။ ဝိဒေယရာဇ်မင်းကြီးသည် “သုခမိန်အမတ်ကြီးတို့။ ယနေ့ အဘယ်မှာ ချမ်းသာစွာအိပ်ရအံ့နည်း။ ဤသို့သော အိပ်မက်ကို ပြက်ပြက်ထင်ထင် မြင်မက်တော်မူ၏”ဟု မြင်မက်တိုင်း အလုံးစုံသောအိပ်မက်ကို သုခမိန်တို့အား ပြန်ကြားလေ၏။

ထိုအိပ်မက်ကိုကြားလျှင် သေနကသုခမိန်သည် ဤသို့ဖတ်၏။

“အရှင်မင်းကြီး။ မည်သည်ကိုမျှ စိုးရိမ်တော်မမူပါလင့်။ မြင်မက်သော အရှင်မင်းကြီး အိပ်မက်တော်သည် မင်္ဂလာရှိသော အိပ်မက်တည်း။ အရှင်မင်းကြီးအား ကြီးမြတ်သောစီးပွားချမ်းသာ ဘုန်းကျက်သရေတော်တိုးတက်ရာသောအကြောင်း ဖြစ်ပါသည်”ဟုလျှောက်၏။

“အရှိန်လျှံပြီး မီးတောက်ကိုစင် မြင်မက်သည်ဖြစ်လျက် အဘယ့်ကြောင့် ချမ်းသာရာဖြစ်မည်ဟု သင်ဖတ်သနည်း။ အကြောင်းအကျိုးစပ်၍ အတပ်သိသာအောင် ဖတ်လော့”ဟု မင်းကြီး ဆို၏။

သေန်ကသုခမိန်သည်-

“အရှင်မင်းကြီး။ မီးတောက်မီးလျှံဟူသည်ကား ဉာဏ်ပညာ ဘုန်းကျက်သရေပင် ဖြစ်ပါသည်။ အိပ်မက်တော်၌ မီးပုံကြီး ၄-ပုံကို မြင်တော်မူသည်ကား အကျွန်ုပ်တို့ အမတ်ကြီးသုခမိန် ၄-ယောက်တို့သည် တိုင်းရေး, နိုင်ငံရေး, အရှင့်အရေးတော်တို့၌ မှေးယှက်မိုက်မှောင်ကင်းလျက် ထွန်းလင်းသောပညာဖြင့် စိပ်ဖြာခွဲခြမ်း ဝေဖန်စီရင်တတ်သော အမတ်ကြီးများ ဖြစ်ကြသည်နှင့်လျော်စွာ အကျွန်ုပ်တို့ သုခမိန် ၄-ယောက်တို့ကိုရည်၍ မြင်မက်တော်မူပါသည်။ ထိုမီးပုံကြီးတို့အလယ်၌ ပိုးစုန်းကြူးခန့် ပမာဏရှိသော မီးပုံငယ်ကို မြင်တော်မူသည်မှာ ပါရမီတော် ဘုန်းတော်ကြောင့် အသစ်ပညာရှိတစ်ယောက် ပေါ်ထွန်းမည့်အကြောင်း ဖြစ်ပါသည်။ ထိုပညာရှိသည် အကျွန်ုပ်တို့ သုခမိန် ၄-ယောက်တို့ကိုလွှမ်း၍ နတ်နှင့်တကွသောလူ၏ အတုမရှိ မိမိကျေးဇူးပညာဂုဏ်ဖြင့် ကျော်စောထင်ရှားစွာဖြစ်မည်ကား မချွတ်ရာပြီ”ဟု အိပ်မက်ကို ဖတ်ကြားလျှောက်ထား၏။

ဝိဒေဟရာဇ်မင်းကြီးသည် သေနကသုခမိန်စကားကိုကြားလျှင် နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် “အမတ်ကြီး သုခမိန်။ ယခု သင်ဖတ်သော ပညာရှိသုခမိန်သည် အဘယ်မှာရှိမည်နည်း”ဟု မေး၏။

သေနကအမတ်ကြီးသည် မိမိသင်အပ်သော ဗေဒင်ကျမ်း, နေမိတ္တကကျမ်းတို့၌ ထွက်သည့်အတိုင်း နတ်မျက်စိကိုရသကဲ့သို့ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်းမြင်၍ “အရှင်မင်းကြီး။ ယခု ဤပညာရှိသည် ပဋိသန္ဓေယူဆဲသော်လည်း ဖြစ်ရာသည်။ ဖွားဆဲသော်လည်း ဖြစ်ရာသည်”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုအိပ်မက် မြင်သည့်နေ့မှစ၍ သေနကအမတ်ကြီးစကားကိုသာလျှင် တစ်နေ့မပြတ် အောက်မေ့လျက်နေ၏။

သုမနဒေဝီသူဌေးမသည်လည်း ကိုယ်ဝန်ဆောင်ခြင်းဖြင့် ၁၀-လမြောက်လတ်သော် ဘုရားအလောင်းကို ဖွားမြင်၏။ ထိုဘုရားလောင်း ဖွားမြင်သောခဏ၌ပင်လျှင် သိကြားမင်းသည် လူ့ပြည်ကို ရှုကြည့်လတ်သော် ဘုရားလောင်းသတို့သား ဖွားမြင်သောအဖြစ်ကိုသိမြင်လတ်၍ “သတို့သားဘုရားအညွန့်ကို နတ်နှင့်တကွသောလူ၌ ငါသည် ထင်ရှားစေခြင်းကို ပြုထိုက်လှ၏”ဟု မထင်ရှားသောကိုယ်ဖြင့် လာလတ်၍ ဘုရားလောင်းဖွားစ ခဏဝယ် တစ်ခုသောဆေးတုံးကို ဘုရားလောင်းသတို့သား၏ လက်ပေါ်၌ထားပြီးလျှင် မိမိနေရာ တာဝတိံသာနတ်ပြည်သို့ သွားလေ၏။

ဘုရားလောင်းသည် ထိုနတ်ဆေးတုံးကို လက်ဖြင့်ကိုင်ဆုပ်လျက် နေ၏။ မယ်တော် သုမနဒေဝီ၌လည်း တစ်ပါးသောသူတို့ကဲ့သို့ သားဖွားခြင်းဆင်းရဲသည် တစိုးတစိမျှ မရှိ။ ဓမကရိုဏ်ရေစစ်မှထွက်သောရေကဲ့သို့ သန့်ရှင်းစင်ကြယ်စွာ , ချမ်းသာသဖြင့်ဖွား၏။ မယ်တော်သုမနဒေဝီသည် သတို့သားငယ်၏လက်၌ ဆေးတုံးကိုမြင်လျှင် “ချစ်သား။ အဘယ်မှ ရသနည်း”ဟုဆို၏။

ဘုရားလောင်းသတို့သားငယ်သည် “မိခင်။ ဤကား နတ်ဆေးတုံးတည်း။ မိခင် ယူလော့။ တစ်စုံတစ်ခုသောအကြောင်းဖြင့် မကောင်းသော အနာရောက်၍ မပျောက်နိုင်ကုန်သောသူတို့အား ဤဆေးကိုသွေး၍ လိမ်းစေလော့”ဟုဆိုလျက် မယ်တော်လက်ပေါ်၌ ထား၏။ မယ်တော်သုမနဒေဝီလည်း ထိုအကြောင်းကို သူဌေးကြီးအား ဝမ်းမြောက်ဝမ်းသာပြော၏။

ထိုသိရီဝဍ္ဎနသူဌေးကား ၇-နှစ်ရှိပြီးသော ဦးယဉ်းခေါင်းခဲနာသည် ရှိ၏။ သူဌေးကြီးသည် သုမနဒေဝီသူဌေးမ စကားကိုကြားလျှင် အလွန်ဝမ်းမြောက်ဝမ်းသာလျက် ဤငါ၏သားငယ်သည် အမိဝမ်းမှဖွားစကပင်လျှင် ဆေးတုံးကိုကိုင်၍ ဖွား၏။ ဖွားပြီးလျှင်လည်း အမိနှင့် စကားပြော၏။ “ဤသို့သော အခြင်းအရာသည် သူတစ်ပါး ဘုန်းနည်းသောသူတို့၌ မဖြစ်ရာ။ ငါ့သားငယ်၏ပါရမီကြောင့် ဘုန်းတန်ခိုးကြီးကုန်သောသူတို့သည် ဤဆေးတုံးကို ပေးသည်ဖြစ်ရာ၏။ ဤဆေးတုံးသည်လည်း အာနုဘော်ရှိရာ၏”ဟု ယုံကြည်သဖြင့် ထိုဆေးတုံးကို ကျောက်ပျဉ်၌သွေး၍ အတန်ငယ် မိမိနဖူးပြင်၌ လိမ်း၏။ ထိုလိမ်းသောခဏ၌ပင်လျှင် ၇-နှစ်စွဲရောက်၍ မပျောက်နိုင်သော ဦးယဉ်းခေါင်းခဲနာသည် ပဒုမ္မာကြာရွက်မှ လျှောကျသောရေပေါက်ကဲ့သို့ ပျောက်ကင်း လွတ်ငြိမ်းခြင်းသို့ ရောက်လေ၏။

သူဌေးကြီးသည် မိမိအနာပျောက်လျှင် “ဤဆေးတုံးသည် အလွန်အာနုဘော်ရှိစွ”ဟု လွန်စွာနှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၍ ဘုရားလောင်းသတို့သား၏ ဆေးတုံးကိုကိုင်လျက်ဖွားသောအဖြစ်သည် ဇနပုဒ်မြို့ရွာ ၈-မျက်နှာသောအရပ်တို့၌ ကျော်စောထင်ရှားခြင်း ဖြစ်၏။ မည်သည့်အနာမဆို ခပ်သိမ်းကုန်သော လူအပေါင်းတို့သည် မိမိတို့၌စွဲရောက်လျှင် သူဌေးကြီးအိမ်သို့သာ ဆေးတောင်းသွားကြကုန်၏။ သိရီဝဍ္ဎနသူဌေးကြီးသည်လည်း ထိုရောက်လာကုန်သော သူနာတို့အား ဆေးတုံးကို ကျောက်ပျဉ်၌သွေးပြီးလျှင် များစွာသောရေ၌ ဆေးရည်အငွေ့အနံ့မျှ ဖျော်၍ပေး၏။ ထိုနတ်ဆေးကို အတန်ငယ်မျှ ရှူရ, လိမ်းရကုန်သောသူနာတို့သည် အနာမရှိ ပကတိသောကိုယ်အဖြစ်သို့ ရောက်သဖြင့် “သိရီဝဍ္ဎနအမည်ရှိသော ရှင်သူဌေးအိမ်၌ ဆေးတုံးသည် အလွန်အာနုဘော်ရှိပေစွ”ဟု ဝမ်းမြောက်ဝမ်းသာ ချီးမွမ်း၍ သွားကြလေကုန်၏။

ဘုရားလောင်းသူဌေးသားအား အမည်မှည့်အံ့သောနေ့၌ ခမည်းတော်သူဌေးကြီးသည် “ငါ့သားအား တစ်ပါးသောသားတို့မှာကဲ့သို့ အဘိုး၏အမည်စသည်ဖြင့် အမည်မမှည့်ထိုက်။ ဖွားစကာလ၌ ဆေးတုံးကိုကိုင်၍ ဖွားသောကြောင့် ထိုဆေး၏အမည်ဖြင့်ပင်လျှင် ငါ့သား၏အမည်ကိုဖြစ်စေအံ့”ဟု ကြံလျက်၊ “မဟောသဓ”သတို့သား ဟူသောအမည်ကို မှည့်၏။

သိရီဝဍ္ဎနသူဌေးအား ဤသို့သောအကြံသည်လည်း ဖြစ်၏။ “ငါ့သားသည် ဘုန်းအာနုဘော်ရှိသော သားတည်း။ တစ်ယောက်တည်းသာ ဖြစ်သည်မဟုတ်။ ငါ့သားနှင့်အတူ ဖွားဖက်တော် သူငယ်တို့သည်လည်း ရှိရာ၏”ဟု အကြံဖြစ်၍ ရှုကြည့်မေးမြန်းစေသော် ၁၀၀၀-ကုန်သော သူဌေးသားတို့ကိုလည်း ဟောသဓသတို့သားနှင့် ဖွားဖက်တော်၏အဖြစ်ကိုသိပြီးလျှင် ထိုသတို့သားငယ် ၁၀၀၀-တို့အား အထိန်းတစ်ယောက်စီနှင့်တကွ ဆင်ရန်တန်ဆာအစုံပေး၍ “ငါ့သားမဟောသဓ၏ အခြံအရံအလုပ်အကျွေး သူငယ်ဖော် ဖြစ်စေကုန်လော့”ဟု သူငယ်ဖော် ၁၀၀၀-နှင့်တကွ ဘုရားလောင်းအား မင်္ဂလာရှိရာအရပ်၌ အတင့်အတယ်ခံခြင်းမင်္ဂလာကို ပြုစေ၏။ နေ့တိုင်းနေ့တိုင်း မဟောသဓသတို့သားကို တန်ဆာဆင်၍ ထိုမင်္ဂလာပြုရာအရပ်၌ ထား၏။ အထိန်းတို့သည်လည်း ဖွားဖက်ဖြစ်သော သူငယ် ၁၀၀၀-တို့ကို တန်ဆာဆင်၍ မဟောသဓ၏ အခြံအရံအလို့ငှာ ဆောင်ခဲ့ကြကုန်၏။

ဘုရားလောင်း မဟောသဓကုမာရ သူဌေးသားသည် ဤဖွားဖက်သူငယ်တော် ၁၀၀၀-တို့နှင့် ကစားရွှင်ပျော်လျက် ကြီးလတ်၍ ၇-နှစ်အရွယ်သို့ ရောက်လတ်သော် ရွှေဆင်းတုကဲ့သို့ ရှုချင်ဖွယ်သော အရောင်အဆင်းနှင့် ပြည့်စုံသည်ဖြစ်၏။ ဘုရားလောင်း မဟောသဓကုမာရ သူဌေးသားသည် ဖွား၍၇-နှစ်မြောက်သောအခါ ရွာလယ်၌ ကစားရာဖြစ်သော မြေတလင်းသည် ဆင်, မြင်း, ကျွဲ, နွား သွားလာခြင်းဖြင့် ပျက်၏။ လေ,နေပူ တံလျှပ်ခတ်သဖြင့်လည်း သတို့သားငယ်တို့သည် ပင်ပန်းကုန်၏။

တစ်နေ့သ၌ သူငယ်ဖော် ၁၀၀၀-တို့နှင့် ဘုရားလောင်းသည် ကစား၍နေစဉ် တိမ်ထပ်,တိမ်လိပ် ရိပ်ညိုထစ်ကြိုး မိုးကြီးတက်လတ်သဖြင့် ဘုရားလောင်းသည် ဆင်ပြောင်ကြီး၏အားနှင့် တူသောအားဖြင့် လျင်စွာပြေး၍ တစ်ဆောင်သောဇရပ်သို့ ဝင်၏။ ဖွားဖက်သူငယ်တော် ၁၀၀၀-တို့သည်လည်း ဘုရားလောင်း၏နောက်မှ တစ်ယောက်ကိုတစ်ယောက် လွန်မြောက်အောင်မပြေးနိုင်ကြသဖြင့် အချင်းချင်းတိုက်မိ၍ ဦးစိုက်နောက်ပြန် နံစောင်တချို့ မြေ၌လဲခြင်းကြောင့် ဆောင့်မိသည်ဖြစ်၍ ပုဆစ်, ဒူး, နဖူး, တင်သား, ပါး, ကျော, နံရိုးစသည်တို့၌ ကွဲပြတ်စုတ်ရှ ပွန်းတီးခြင်းသို့ ရောက်ကုန်၏။