မဟာဇနကဇာတ်တော်ကြီး/အခန်း-၁၅

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၅။ မိဖုရား ၇၀၀-တို့ လိုက်ခန်း

မိဖုရား ၇၀၀-တို့သည်လည်း အထက်ဘုံဆင့်သို့တက်၍ ဘုရားအလောင်းကို ကြည့်ရှုကြလေသော် စက်တော်မူရာရွှေသလွန်ပေါ်၌ ဝတ်ဆင်တော်မူသည့် ဝတ်လဲတော်တန်ဆာ အဆောင်အရွက်တို့ကို စုပုံလျက်၊ ထိုဝတ်လဲတော်၏အပေါ်၌ ခွေလျက်တင်ထားခဲ့သော ပိတုန်းတောင်အဆင်းကဲ့သို့သော ဆံတော်တို့ကို မြင်ကြလတ်လျှင်-

“ရဟန်းအသွင်ဖြင့် ယခုတွင် ဆင်းသက်တော်မူသော သခင်ကို ငါတို့ကား အရှင်ပစ္စေကဗုဒ္ဓါဟု အမှတ်မှားဘိ၏။ အရှင်ပစ္စေကဗုဒ္ဓါ မဟုတ်။ ငါတို့အရှင် ဖြစ်ခဲ့၏တကား။ ယခုသွား၍ တောင်းပန်ကြကုန်အံ့”ဟု အထက်ပြာသာဒ်ဘုံဆင့်မှ ဆင်းသက်ခဲ့ကြပြီးသော် ဘုရားလောင်း အရှေ့စမုခ်ဝ ရောက်တော်မူစဉ် မီကြလေ၏။ ထိုသို့မီကြသောအခါ ၇၀၀-သောမိဖုရားတို့သည် ဆံပင်ဖြန့်ကြဲလျက် လက်အစုံတို့ဖြင့် ရင်အုံကိုခတ်တီး၍ “အရှင်မင်းကြီး၊ ကျွန်မတို့နှလုံး ဆုံးရှုံးကြေကွဲအောင် အဘယ့်ကြောင့် ဤသို့ပြုရသနည်း”ဟု သနားစဖွယ် အသွယ်သွယ်ငိုကြွေးလျက် ဘုရားလောင်းနောက်သို့ အစဉ်တစိုက်လိုက်ကြကုန်၏။ မှူးမတ်ပြည်သူ လူအပေါင်းတို့သည်လည်း မိထိလာပြည်အလုံး ချောက်ချားလျက် “ငါတို့အရှင်မင်းကြီး ရဟန်းပြုတော်မူခဲ့သော် ငါတို့အရှင်နှင့် ဘုန်းအာဏာ ပညာသီတင်း တူမျှသောမင်းကို အဘယ်မှာ ငါတို့ ရနိုင်ပါအံ့နည်း”ဟု ငိုကြွေးလျက် မင်းကြီးနောက်တော်သို့ အစဉ်တစိုက် လိုက်ကြကုန်၏။

ထိုအခါ မိဖုရား ၇၀၀-တို့၏ သနားစဖွယ်ငိုကြွေးလျက် နောက်တော်သို့လိုက်ကြောင်း၊ ထိုသို့လိုက်သည်ကိုစင်လျက် ငဲ့ကွက်ခြင်းမရှိမူ၍ လွတ်လွတ်ထွက်ကြတော်မူကြောင်းကို ထင်စွာပြတော်မူလိုသော မြတ်စွာဘုရားသည် “တာ စ သတ္တသတာ ဘရိယာ”အစရှိသော ၆ ဂါထာတို့ကို ဟောတော်မူသည်။

အဓိပ္ပာယ်ကား-

“ရဟန်းတို့။ မဟာဇနကမင်း ငါဖြစ်တော်မူသောအခါ ရဟန်းပြု၍ နန်းတော်မှ ဟိမဝန္တာသို့ထွက်လတ်သော် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော မိဖုရား ၇၀၀-တို့သည် မောင်း ၂-ဘက်တို့ကို ထိပ်ထက်ချီလျက် “အရှင်မင်းကြီး၊ အဘယ်အပြစ်ရှိသဖြင့် ကျွန်မတို့ကို စွန့်ပစ်၍ ကြွတော်မူရက်ဘိသနည်း”ဟု ငိုကြွေးကာ လိုက်ကြကုန်၏။

ထိုအခါ လုံးရပ်သဏ္ဌာန် ကိုယ်ဟန်နုနယ် ငယ်သောခါးရှိကုန်သော မိဖုရား ၇၀၀-တို့သည်-

“အရှင်မင်းကြီး။ ကျွန်မတို့ကို စွန့်ပစ်တော်မူလိုသော်လည်း အပြစ်ကိုသာ သိသိသာသာ ထင်စွာပြ၍ စွန့်တော်မူကောင်းပါလျက် တစ်ခွန်းသောအမိန့်တော်မျှ မပြန်ခဲ့ဘဲ နှလုံးကွဲ၍သေလေအောင် အဘယ့်ကြောင့် ကျွန်မတို့ကို စွန့်ပစ်တော်မူရက်ဘိသနည်း”ဟု မျက်ရည်ယိုစက် ထိပ်ထက်လက်ချီ တိမ်းပီတိမ်းပါး သနားစဖွယ် ကိုးကွယ်ရာမရ ငိုကြွေး၍လိုက်ကြကုန်၏။

ထိုအခါ လင်၏အလိုသို့သာလိုက်လျက် ချစ်ဖွယ်သောစကားကို ဆိုတတ်ကုန်သော မိဖုရား ၇၀၀-တို့သည်--

“အရှင်မင်းကြီး။ ကျွန်မတို့၏အသည်းအအူ လှိုက်ဆူပူပန်ခြင်းကို ကယ်တော်မမူပါပြီလော။ အဘယ်အကြောင်းကြောင့် ကျွန်မတို့ကိုစွန့်ပစ်၍ ကြွတော်မူရက်ဘိသနည်း”ဟု လက်ဝဲလက်ယာ နောက်ပါထက်ကြပ် မရပ်မတည် ဝန်းလည်ညွတ်ပျောင်းလျက် ဦးခေါင်းထက်လက်ချီ အလီလီလျှောက်ထားခြင်းဖြင့် သနားစဖွယ်ငိုကြွေး၍ လိုက်ကြကုန်၏။

“ရဟန်းတို့။ ထို မဟာဇနကမင်းကြီးသည် ရဟန်းအဖြစ်သို့ ရှေးရှုခြင်းဟုဆိုအပ်သော နေက္ခမ္မဝိတက်လျှင် မြန်စေထက်ကြပ် ကပ်၍နှိုးဆော်လေသောကြောင့် သိကြားစံဖက်သကဲ့သို့ နှစ်သက်ဖွယ်အတူတူဖြစ်သော နန်းသူ ၇၀၀-တို့၏ တဏှာကျော့ကွင်း ချိတ်ငင်ခြင်းကို နှိမ်နင်းချိုးဖဲ့၍ ငဲ့ကွက်ခြင်းမရှိ သမာဓိအဘိသိက်ကို ရှေးဦးစွာခံပြီးမှ ပိုလ်ချိန်၁၀၀ အမှန်ရှိသော ရွှေလင်ပန်းကို စွန့်ပစ်လေ၍ မြေသပိတ်လွယ် စံပယ်တင်သင်္ကန်း ရဟန်းအဖြစ်တည်းဟူသော အဘိသိက်ကို ၂-ကြိမ်မြောက် ခံယူနိုင်လေ၏”ဟု ဟောတော်မူ၏။

သီဝလိဒေဝီ မိဖုရားကြီးမူကား မိမိအရွယ်ကြီးပြီဖြစ်၍ အရွယ်ရှိမိဖုရားများကဲ့သို့ လျှမ်းလျှမ်းတက်မျှမပြုဘဲ မိဖုရားငယ် ၇၀၀-တို့ကိုသာ “သင်တို့သည် မင်းကြီးစိတ်ကို ညိတ်၍ပါအောင် များစွာသနားဖွယ်ဖြင့် ဖြားယောင်းကြ”ဟု နှိုးဆော်ကာ သိမ်မွေ့နူးညံ့သောဣနြေဖြင့် မင်းကြီးနောက်ကသာ ငိုကြွေးလျက် နန်းတော်သို့ ပြန်ပါမည့်အကြောင်းကို အသာအယာတောင်းပန်၍ လိုက်၏။

ထို သီဝလိဒေဝီမိဖုရားကြီးသည် အသွယ်သွယ်အပြားပြား များစွာအကြောင်းရှာ၍ တောင်းပန်ပါသော်လည်း ဘုရားလောင်းကို စကားတုံ့ပြန်၍ ဆိုစိမ့်သောငှာ မတတ်နိုင်ရှိလေလျှင် “တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် မင်းကြီးကို နန်းတော်သို့ပြန်စေအံ့”ဟု ကြံပြီးသော် စစ်သူကြီးအမတ်ကြီးကိုခေါ်၍-“အမောင်စစ်သူကြီး။ ယခု မင်းကြီးသွားလတ္တံ့သောလမ်း မနီးမဝေးမှာ အိမ်ဆိုးဇရပ်ဆိုး ရှိသမျှတို့ကို မင်းကြီးမြင်သာအောင် ရှေ့ကဆီး၍ မီးတိုက်ချေ။ မြက်, ကောက်ရိုး, သက်ငယ် လောင်လွယ်သည်များကိုလည်း အခိုးဖြစ်အောင် ရေဆွတ်၍ မီးပုံမှာထည့်။ အခိုးအလျှံ ပြင်းစွာထစေ”ဟု ဆို၍ စေလိုက်သည်။

စစ်သူကြီးသည် လျင်စွာသွားနှင့်၍ မိဖုရားဆိုတိုင်း အိမ်ဆိုး, ဇရပ်ဆိုးတို့ကို စုပုံ၍ အခိုးအလျှံကြီးစွာထအောင် မီးတိုက်နှင့်လေ၏။ ထို မီးအခိုးအလျှံထလတ်သောအခါ သီဝလိဒေဝီမိဖုရားသည် ဘုရားလောင်း၏နံပါးသို့တက်၍ ရှေ့တူရူ ခြေရင်း၌ ဆံပင်ဖြန့်ကြဲလျက် လက်အုပ်ချီကာ တုပ်ဝပ်ပြီးသော်-

“ဘိသ္မာ အဂ္ဂိသမာ ဇာလာ၊ ကောသာ ဍယှန္တိ ဘာဂသော။

ရဇတံ ဇာတရူပဉ္စ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။”

“မဏိယော သင်္ခမုတ္တာ စ၊ ဝတ္ထကံ ဟရိစန္ဒနံ။

အဇိနံ ဒန္တဘဏ္ဍဉ္စ၊ လောဟံ ကာဠာယသံ ဗဟူ။

ဧဟိ ရာဇ နိဝတ္တဿု၊ မာ တေ တံ ဝိနဿ ဓနံ။”

ဟူသော ၂-ဂါထာခွဲတို့ဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု ကိုယ်တော် မြို့ပြင်သို့မျှ မရောက်မီကပင် ပြည်သားပြည်သူတို့သည် မင်းရေးမင်းဝတ်၌ ခံ့ညားခြင်း မရှိကြပြီ။ မိမိတို့မီးကိုမျှ လုံအောင်မထိန်းဘဲ မြောက်တံခါးနားက မီးထခဲ့ပြီ။ ကိုယ်တော် ရှုစမ်းပါလော့။ ထိုမီးကို ကိုယ်တော်အုပ်ချုပ်၍ ငြိမ်းစေတော်မူပါမှ ထီးနန်းစည်းစိမ် မပျက်မစီးရှိပါမည်။ အကယ်၍ ကြည့်ရှုတော်မမူချေလျှင် နန်းတော်၌ ရွှေတိုက်၊ ငွေတိုက်၊ ပုလဲ, ကြောင်မျက်ရွဲ ပတ္တမြားမျိုး, ခရုသင်းကဲ့သို့ ဖြူစင်စွာသောပုလဲ, ဖြူစင်စွာသော မျက်မျိုးထားရာ ရတနာတိုက်၊ အဖိုးများစွာထိုက်သော အဝတ်ကောင်း, တန်ဆာကောင်း, သစ်နက်ရေ၊ စန္ဒကူးနီထားရာ တန်ဆာတိုက်၊ ဆင်စွယ်, ကြေးနီ, ကြေးစင်, ကြေးဝါ, ခုံလောက်စိမ်း, သလွှဲစင်, သံကောင်းထားရာ ကြေးတိုက်။

“ထီးနန်းအဆက်ဆက် မပျက်မစီးဘူးသော ဤ အလုံးစုံစည်းစိမ်တို့သည် အရှင်မင်းကြီးမျက်မှောက်တွင်ပင် ပျက်စီးမည်ဟူသော် မပျက်စီးသေးသင့်တကား။ ယခု နန်းတော်သို့ဝင်၍ စစ်သူကြီး, မှူးမတ်တို့ကို အာဏာစွဲတော်မူလျက် ဤကြောက်မက်ဖွယ် ထလတ်သောမီးကို ငြိမ်းစေတော်မူပါဦးလော့။ နောက်မှ ရဟန်းပြုတော်မူလိုလည်း ပြုရပါ၏။ ယခုသာ မကြည့်မရှု ထွက်သွားတော်မူချေလျှင် “မဟာဇနကမင်းကြီးသည် မိမိ ပညာရှိသူဖြစ်လျက် မီးကိုသတ်သောသူအား ရဟန်းမပြုကောင်းဟု ထုံးစံရှိလေယောင်ကဲ့သို့ ရှေ့တွင်လောင်လတ်သော မီးကိုမျှ မသတ်မငြိမ်းစေပါလေ”ဟု ပြည်သူပြည်သားမှစ၍ ကြားတိုင်းကြားတိုင်းသော သူတို့သည်လည်း အပြစ်တင်ဖွယ်ရှိ၏။ အရှင်မင်းကြီးအားလည်း ဘုန်းပညာရှိ စင်စစ်ဖြစ်သူမှန်လျက် မိမိရှေ့မှောက်တွင် သူတစ်ပါးတို့ ဖျက်ဆီးရလေသဖြင့် ကြီးစွာသောရှက်ဖွယ်လည်း ဖြစ်ရာ၏။ ထို့ကြောင့် ယခု ရဟန်းပြု၍ မသင့်ပါသေး။ ဤမီးကို ငြိမ်းစေပြီးမှ ရဟန်းပြုလိုလည်း ပြုတော်မူပါလော့။ နန်းတော်သို့ ဝင်တော်မူပါဦး”ဟု လျှောက်ထားတောင်းပန်၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “မိဖုရား။ သင် အသို့ဆိုသနည်း”ဟုဆို၍ ကိုယ်တော်ကို အလွတ်ရုန်းတော်မူခြင်းငှာ-

“သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။

မိထိလာယ ဒယှမာနာယ၊ န မေ ကိဉ္စိ အဒယှထ။”

ဟူသော ဂါထာဖြင့် ဆိုတော်မူ၏။

ဒေဝီ၊ မိဖုရား။ ယေသံနော၊ အကြင်ငါတို့အား။ ကိဉ္စနံ၊ ကြောင့်ကြခြင်းသည်။ နတ္ထိ၊ မရှိ။ တေ မယံ၊ ထို ငါတို့သည်။ သုသုခံ ဝတ၊ အလွန်ချမ်းသာစွာလျှင်။ ဇီဝါမ၊ အသက်မွေးရကုန်၏။ မိထိလာယ၊ မိထိလာပြည်သည်။ ဒယှမာနာယ၊ မီးလောင်လေသော်လည်း။ မေ၊ ငါ၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသောဥစ္စာကို။ န အဒယှထ၊ မီးမလောင်။ ဤကား အနက်။

အဓိပ္ပာယ်ကား-

“မိဖုရား။ ငါ့အား ဝတ္ထုကာမ, ကိလေသာကာမကိုမှီ၍ တပ်မက်ခြင်း စသောအားဖြင့် “ကိလေသာ”ဟု ဆိုအပ်သော ကြောင့်ကြခြင်းမည်သည် မရှိ။ ထို ကြောင့်ကြခြင်းကိလေသာ ငြိမ်းပြီးသောကြောင့် ယခု ငါ့စိတ်သည် အလွန်ချမ်းသာစွာ ရှိ၏။ ဤသို့ ချမ်းသာသောအသက်မွေးခြင်း ရှိသည်ဖြစ်၍ ထီးနန်းစည်းစိမ်နှင့်တကွ တစ်ပြည်လုံးကိုပင် မီးလောင်လေသော်လည်း ငါ၏စည်းစိမ်ကို လောင်သည်ဟူ၍ အနည်းငယ်မျှ ငါ မြင်တော်မမူ” ဟု ဆိုတော်မူလျက် မြို့မြောက်တံခါးဖြင့် ထွက်တော်မူ၏။

မိဖုရား ၇၀၀-တို့သည်လည်း အသွယ်သွယ်အပြားပြား မြည်တမ်းငိုကြွေးလျက် နောက်တော်သို့လိုက်ကြကုန်၏။ သီဝလိဒေဝီ မိဖုရားကြီးသည်လည်း မှူး, မတ်, ပြည်သားပြည်သူအပေါင်း ခြံရံလျက် ငိုကြွေးကာ နောက်တော်သို့ လိုက်လေကုန်၏။ ထိုမြို့ပြင်သို့ရောက်သောအခါ သီဝလိဒေဝီမိဖုရားသည် တစ်ခုသော ဥပါယ်တံမျဉ်ကို ရှာကြံပြန်၍ စစ်သူကြီး, အမတ်ကြီးတို့ကိုခေါ်ပြီးလျှင်- “အမောင်တို့။ မြို့ရွာ,တိုင်း,နိုင်ငံတို့ကို လုယက်ဖျက်ဆီးသော လူဆိုးလူပျက်, ရန်မီးပေါ်ဟန်ကဲ့သို့စီရင်လေ”ဟု အာဏာထားလိုက်၏။

စစ်သူကြီး, အမတ်ကြီးတို့လည်း မိဖုရားဆိုတိုင်း ထိုခဏ၌ပင်လျှင် များစွာသောသူရဲတို့ကို လက်နက်စွဲစေလျက် မြို့အနီးအစပ်ရှိသော ရွာငယ်နိဂုံးတို့ကို “ထိုးကြကုန်၊ သတ်ကြကုန်, ဖမ်းကြကုန်”ဟူသော အသံဖြင့် မြို့ဝန်းကျင်၌ ကြောက်မက်ဖွယ်ဖြစ်စေလျက် လုယက်ဖျက်ဆီးသကဲ့သို့ ပြုစေ၏။ မင်းကြီးမြင်လောက်ရာ အရပ်တို့၌လည်း ရွာသားမြို့သားဖြစ်သော ယောက်ျားတို့၏ကိုယ်ကို ချိပ်ရည်ဖြင့်လောင်းသွန်း၍ အချို့သောသူတို့အား ဓား,လှံထိသဖြင့် သွေးယိုစီးလျက် ပြေးလာယောင်ကဲ့သို့လည်းကောင်း၊ အချို့သောသူတို့အား ဓား,လှံထိ၍ သွေးအလိမ်းလိမ်း ကပ်သောကိုယ်ဖြင့် သစ်ပင်အကြား လမ်းနား, လမ်းလယ် စသည်တို့၌ သေသော အခြင်းအရာတို့ဖြင့် အိပ်စေခြင်းကိုလည်းကောင်း၊ ကြောက်မက်ဖွယ်သောအသံနက်နှင့် တစ်ပြိုင်နက် ကြွေးကြော်ခြင်းကိုလည်းကောင်း ပြုစေ၏။

ထိုအခါ သီဝလိဒေဝီမိဖုရားကြီးသည် မင်းကြီးထံသွား၍ ခြေရင်း၌တုပ်ဝပ်ပြီးလျှင် မြို့သို့ပြန်စိမ့်သောငှာ ရှိခိုးလျက်-

“အဋဝိယော သမုပ္ပန္နာ၊ ရဋ္ဌိ ဝိဒ္ဓံသယန္တိ တံ။

ဇဟိ ရာဇ နိဝတ္တဿု၊ မာ ရဋ္ဌံ ဝိနသာ ဣဒံ။”

ဟူသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ တောအုပ်ကိုအမှီပြု၍နေသော ခိုးသားဓားပြတို့သည် ကိုယ်တော်ထင်ရှားရှိစဉ်ပင်လျှင် ဤပြည်ကြီးကို ဖျက်ဆီးအံ့ဟု ရန်မီး ယခုထခဲ့၏။ ဤရန်မီးကို ကိုယ်တော် ငြိမ်းအောင်မပြုလျှင် ပြည်သူတို့အား ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ရတော့မည်။ ဤသို့သော သူပုန်ရန်မီးကို မျက်မှောက်ထင်ထင် ကိုယ်တော်မြင်တွေ့သည်ဖြစ်လျက် မငြိမ်းစေဘဲ ကြွတော်မမူသင့်။ ရန်မီးငြိမ်းပြီးမှ ရဟန်းပြုလိုလည်း ပြုတော်မူရပါ၏။ ယခု နန်းတော်သို့ ပြန်တော်မူပါ”ဟု လျှောက်ထားတောင်းပန်ပြန်လေ၏။

ထိုစကားကို ဘုရားလောင်းကြားလျှင် “ငါ ထင်ရှားရှိသေးလျက် အဘယ်သူတို့ ဤပြည်ကို ဖျက်ဆီးဝံ့အံ့နည်း။ ဤအကြံအစည်ကား မိဖုရားကြီးအကြံအစည်သာ ဖြစ်မည်”ဟု သိတော်မူ၍ မိဖုရားကြီးအား စကားဆိုရာမဲ့အောင် ပြုတော်မူခြင်းငှာ-

“သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။

ရဋ္ဌေ ဝိလုပ္ပမာနမှိ၊ န မေ ကိဉ္စိ အာဟရထ။”

“သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။

ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“မိဖုရား။ ကိလေသာတည်းဟူသော ကြောင့်ကြခြင်း ရှိသောသူအားသာလျှင် လုယက်ဖျက်ဆီးခြင်း ရန်မီးသည် ဖြစ်၏။ ကြောင့်ကြခြင်း ကင်းပြီးသောအား လုယက်ဖျက်ဆီးခြင်းရန်မီး မရှိ။ မိထိလာပြည်အလုံးပင် ရန်သူဖျက်ဖြုန်း၍ ဆုံးလေသော်လည်း မက်မောခြင်းကင်းလျက် ချမ်းသာစွာအသက်မွေးခြင်းရှိသော ငါ့အား အဘယ်ပြုအံ့နည်း။ ငါသည် အလုံးစုံသော ပြည်စည်းစိမ်ကို စွန့်လေပြီးသောတံတွေးကဲ့သို့ ထင်၍ တပ်ငြိခြင်း ကင်းလေသဖြင့် အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ပီတိသာလျှင် အစာရှိလျက် ဈာန်၏မွေ့လျော်ခြင်းဖြင့် မွေ့လျော်၍သာ ကာလကိုလွန်စေအံ့”ဟု ဆိုတော်မူလျက် ကြွတော်မူ၏။