မဟာဇနကဇာတ်တော်ကြီး/အခန်း-၁၄

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၄။ တောထွက်တော်မူခန်း

ဤသို့ ဘုရားလောင်းသည် နေက္ခမ္မဝိတက်ဖြင့် အကြံတော်အားကြီးခြင်းကြောင့် ငြိစရာတွယ်စရာ ဖွေရှာတတ်သော တဏှာကြိုးစကို တဒင်္ဂပဟာန်ဖြင့် တစ်ဖန် မထပ်မရစ်စေခြင်းငှာ ဟန့်တားဆီးဆို့တော်မူလျက် အထက်ကရစ်ဖွဲ့ဟောင်းဖြစ်သော ဥပါဒါန်ဘဝကိုလည်း ဉာဏ်တော်တဒင်္ဂဖြင့် ၄-လကျော်ပတ်လုံး တစ်လုံးဖြတ်ပိုင်း တစ်လှိုင်းပယ်ပစ် တစ်ရစ်ခုတ်ထွင် တစ်ပင်ချိုးဖဲ့၍ အဖွဲ့အနှောင်မှလွတ်သော နှလုံးတော်ရှိပြီးသော်၊ ကျော့ညွတ်ကွင်းမှ လွတ်ပြီးသောငှက်သည် ဘေးမဲ့ရာသို့ရှေးရှုသကဲ့သို့ ဟိမဝန္တာသို့သာ ရှေးရှုသောစိတ် ရှိတော်မူသည်ဖြစ်၍ အလုပ်အကျွေးဖြစ်သော စားတော်ကဲကို ခေါ်တော်မူပြီးလျှင်-“အချင်း။ ယခု သမဏပရိက္ခရာရောင်းသည့် ဈေးတန်းသို့ သင် သွားချေ။ အိမ်ရှေ့မင်းအမိမှစ၍ မည်သူကိုမျှမသိစေနှင့်။ ထို ပရိက္ခရာတန်းမှ သင်္ကန်း ၃-ထည်နှင့် မြေသပိတ် ၁-လုံးကိုဝယ်၍ ယခု အလျင်အမြန် ပြန်ခဲ့”ဟု စေတော်မူလိုက်၏။

စားတော်ကဲလည်း မင်းကြီးအမိန့်ရှိတိုင်း တစ်ယောက်သောသူကိုမျှ မသိစေဘဲ ပရိက္ခရာတန်းသို့သွား၍သင်္ကန်း, သပိတ်တို့ကို ဝယ်ခဲ့ပြီးလျှင် မင်းကြီးအားဆက်၏။

ဘုရားလောင်းမင်းကြီးသည် သင်္ကန်း,သပိတ် ရောက်သောအခါ ဆတ္တာသည်ကိုခေါ်တော်မူ၍ ဆံ,မုတ်ဆိတ်တို့ကိုရိတ်စေပြီးလျှင် ဆတ္တာသည်အား ကျေးစားရွာစားဆုပေးလျက် “ဤအကြောင်းကို အသူတစ်ယောက်အားမျှ သင် မပြောလေနှင့်”ဟု နှုတ်ပိတ်၍ လွှတ်တော်မူလိုက်ပြီးသော်၊ တစ်ထည်သောသင်္ကန်းကို သင်းပိုင်ဝတ်တော်မူလျက်၊ တစ်ထည်ကို တစ်ဘက်လက်ကတော့ စံပယ်တင်ရုံတော်မူပြီးမှ တစ်ထည်သောသင်္ကန်းကို လက်ဝဲပခုံးပေါ်၌ ဒုကုဋ်တင်တော်မူ၍၊ အိတ်ဖြင့်သွတ်သွင်းအပ်ပြီးသော မြေသပိတ်ကို လက်ယာပခုံး၌ လွယ်တော်မူလျက် ဝါးရင်းတောင်ဝှေးကို ကိုင်စွဲတော်မူပြီးလျှင် ထိုအထက်ဘုံဆင့် နန်းရင်ပြင်၌ပင် အရှင်ပစ္စေကဗုဒ္ဓါ၏ တင့်တယ်ခြင်းနှင့်တူသော တင့်တယ်ခြင်းဖြင့် ၂-ခေါက်, ၃-ခေါက် ထိုမှဤမှ စင်္ကြံကြွတော်မူ၍၊ ထိုနေ့ကား ထွက်သွားရာအခွင့်မရသဖြင့် နန်းတော်တွင်ပင် တစ်ည၌ တည်းနေတော်မူရ၏။

နံနက်မိုးသောက်ရောက်လတ်၍ နေအရုဏ်တက်လာသောအခါ၌ နန်းတော်အထက်ဘုံဆင့်မှ ဆင်းသက်၍တောသို့ကြွတော်မူအံ့ဟု ပြင်ဆင်တော်မူလေ၏။

ထိုအခါ အိမ်ရှေ့မင်းမယ်တော်သည် မင်းကြီး၏နှလုံးအကြံကို အတပ်သော်လည်း မသိရ၊ မရိပ်မတွေးမိသော်လည်း မဆိုရ၊ စိတ်ချ၍မနေနိုင်သဖြင့် မင်းကြီးမြတ်နိုးတော်မူသော မိဖုရားငယ် ၇၀၀-တို့ကို ခေါ်ပြီးလျှင်--“အမယ်တို့။ သင်တို့,ငါတို့သခင်ကို မမြင်မဖူးရသည်မှာ ယခု ၄-လကျော်ရှိပြီ။ ရာဇပလ္လင် ဥကင်ထီးနန်းကို သိမ်းမြန်းတော်မူသည်မှစ၍ အနှစ် ၆၀၀၀-ကျော် ၇၀၀၀-ခန့် ရှိပြီ။ အဘယ်ကာလတွင်မျှ ငါနှင့်ခွဲ၍ အခြားပျော်တော်မူသည် မရှိဘူးဘဲလျက် ယခု ၄-လကျော် ကိုယ်တော်တစ်ပါးတည်းသာ ပျော်မွေ့တော်မူသည်မှာ ဖောက်လွဲသောအကြံ ရှိတော်မူသည်ဖြစ်ရာ၏။ ယခု အဖူးအမြင် ပြည်ကြီးသခင်ရှိရာသို့ သွားကြကုန်အံ့။ သင်တို့သည် မင်းကြီးမြတ်နိုးတော်မူသည်လည်း ဖြစ်ကြ၏။ အရွယ်အဆင်းလည်း ရှိကြ၏။ ငါးတစ်ခုကို ကွန်ကြီးဖြင့် မပြေးမထွက်နိုင်အောင် ဖွဲ့ရစ်ပိုက်ခြုံသကဲ့သို့ မင်းကြီးစိတ်တော်ကို ပြင်သို့မထွက်ရအောင် ဖွဲ့ရစ်ပိုက်ခြုံကြရမည်။ သင်တို့အား ထိုက်ရာနံ့သာ အမွှေးအထုံ အဝတ်တန်ဆာတို့ကို ဝတ်ဆင်ဖီးလိမ်း၍ ငါနှင့် လိုက်ခဲ့ကြ”ဟု ဆိုလျက် ပြင်ဆင်ဝတ်စားစေပြီးသော် အိမ်ရှေ့မင်းမယ်တော်သည် မိဖုရားငယ် ၇၀၀-ခြံရံလျက် မင်းရှိရာအထက်ဘုံဆင့်သို့ တက်လေ၏။

ဘုရားလောင်းမင်းကြီးလည်း “ဟိမဝန္တာသို့ သွားအံ့”ဟု နန်းတော်အထက်ဘုံဆင့်မှ ဆင်းသက်မည်အပြုတွင် ရှေးရှုတက်လာလတ်သော မိဖုရား ၇၀၀-တို့သည် ရဟန်းအသွင်ဖြင့် ဆင်းသက်အံ့ဟုပြုသော ဘုရားလောင်းကို ရှောင်တခင်မြင်လေသော် အသွင်ခြားသည်ဖြစ်၍ “မင်းကြီး”ဟု တစ်ယောက်သောမိဖုရားမျှ အမှတ်မရှိဘဲ “အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ငါတို့အရှင်မင်းကြီးအား အဆုံးအမပေး၍ ယခု ဆင်းသက်တော်မူလာသည် ထင်၏”ဟု အမှတ်ရှိကြသဖြင့်၊ လမ်းလွှဲကာ သင့်ရာကထိုင်လျက် ရှိခိုး၍နေကြကုန်၏။

ဘုရားလောင်းမင်းကြီးသည်လည်း ရဟန်းအသွင်ဖြင့် ငြိမ်သက်တည်ကြည်စွာ နန်းတော်အထက်ဘုံဆင့်မှဆင်းသက်တော်မူလေ၏။