မဟာဇနကဇာတ်တော်ကြီး/အခန်း-၁၆

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၆။ အရေးသား၍ တားမြစ်တော်မူခန်း

သီဝလိဒေဝီမိဖုရားသည်လည်း များစွာသော ဗိုလ်ခြေပရိသတ်အပေါင်း ခြံရံလျက် နောက်တော်သို့ လိုက်ပြန်လေ၏။ ထိုအခါ ဘုရားအလောင်းသည် မိဖုရား, ပြည်သားပြည်သူတို့ မပြန်လိုလတ်သော် “ဤသူတို့ကို ငါ စိုးစဉ်းမျှ အပြစ်မဆိုလျှင် ဟိမဝန္တာသို့ပင် ရောက်အောင်လိုက်၍ ငါ့အား ရဟန်းပြုခြင်း၏အန္တရာယ်ကို ပြုရာချေသည်။ ထို့ကြောင့် “တစ်ခုသောအကြောင်းဖြင့် ထိုသူတို့ကို ပြန်စေအံ့”ဟု ကြံပြီးလျှင် မိထိလာနေပြည်တော်မှ ခရီးတာ ဥသဘ ၄၀-မျှလောက် ကွာသောအရပ်သို့ရောက်သောအခါ ခရီး၌ နောက်သို့လှည့်လည် ရပ်တော်မူလျက် အမတ်တို့ကို ဤသို့ မေးတော်မူ၏။

“အမတ်တို့။ မိထိလာပြည်သည် အသူ့ပြည်နည်း”ဟု မေးတော်မူ၏။ အမတ်တို့လည်း “အရှင်မင်းကြီး။ ဤပြည်တော်သည် အရှင်မင်းကြီးပြည်တော်တည်း”ဟု လျှောက်ကြကုန်၏။ မင်းကြီးလည်း- “အမတ်တို့။ ဤပြည်သည် သင်တို့လျှောက်ချက်အတိုင်း ငါအစိုးရသော ပြည်မှန်လျှင် တစ်ယောက်သောသူမျှ ကျော်နင်း၍မလိုက်စေခြင်းငှာ ဤလမ်း၌ ဖီလာဖြတ်အရေး သားတော်မူခဲ့မည်။ ငါ သားတော်မူသောအရေးကို ကျော်နင်းဖျက်ဆီးလျှင် ရာဇဒဏ် ထင်ရှားအောင်ပေး”ဟု အာဏာထားတော်မူပြီးသော် လက်စွဲတော်တောင်ဝှေးဖြင့် ထိုခရီးမ၌ ဖီလာဖြတ်အရေး သားတော်မူ၍ ပရိသတ်ကိုကျောထားကာ ကြွသွားတော်မူလေ၏။

မှူးမတ်အပေါင်းတို့သည်လည်း ဘုရားလောင်း၏ဘုန်းတော်ကြောင့် ထိုအရေးကို တစ်စုံတစ်ယောက်မျှ မကျော်နင်းဝံ့သည်ဖြစ်၍ ဘုရားလောင်းကို မျှော်ကြည့်ကာမျှသာလျှင် ထိုသားကြောင်းကိုဦးခိုက်လျက် ငိုကြွေးကြကုန်၏။

အိမ်ရှေ့မင်းမယ်တော်လည်း မိမိကိုယ်ကို မဆောက်တည်နိုင်သည်ဖြစ်၍ ဘုရားလောင်းကို မျှော်ကြည့်ကာ ပြင်းစွာရင်ကိုခတ်တီးလျက် ထိုသားကြောင်းကိုဦးခိုက်၍ မြေ၌လူးလဲကာ ငိုကြွေးလေသော်၊ မိမိရောက်မှန်းမသိဘဲ ထိုသားကြောင်း၏အတွင်းသို့ရောက်သဖြင့် တစ်ဖန်ထ၍ ဘုရားလောင်းနောက်တော်သို့ လိုက်ပြန်လေ၏။

မှူးမတ်ပရိသတ်အပေါင်းတို့လည်း မိဖုရားလူးလဲ၍ သားကြောင်းပျက်လေလျှင်-“ဤအရေးကို သူတစ်ပါး မဖျက်။ အရေးရှင်ပင် ဖျက်သည်ဖြစ်သောကြောင့် ရာဇဒဏ် မရှိပြီ”ဟု မိဖုရားကြီးနောက်သို့ လိုက်ကြပြန်လေ၏။

ဘုရားလောင်းသည် မိဖုရား, မှူးမတ်တို့ကို ပြန်စိမ့်သောငှာ လုံ့လပြုပါသော်လည်း မတတ်နိုင်သည်ဖြစ်၍ အနှောင်အဖွဲ့မှ မလွတ်ကင်းနိုင်သောကိုယ်တော်ဖြင့်ပင်လျှင် မြောက်ဟိမဝန္တာသို့ရှေးရှု ယူဇနာ ၆၀-တိုင်အောင် ကြွတော်မူရ၏။ အိမ်ရှေ့မင်းမယ်တော်လျှင် အုပ်ချုပ်ခြင်းရှိသော မှူးမတ်, ပြည်သားပြည်သူ လူအပေါင်းတို့လည်း သနားဖွယ်သောငိုကြွေးခြင်းဖြင့် ငိုကြွေးကြလျက် ဘုရားလောင်းနောက်တော်သို့ ယူဇနာ ၆၀-တိုင်အောင် လိုက်ကြလေ၏။

ညဉ့်အခါရောက်တိုင်း အိမ်ရှေ့မင်းမယ်တော်မှာ သစ်တပ်တည်စေ၍ တဲစခန်းချ၏။ ဘုရားလောင်းမူကား ထိုသစ်တပ်တဲနန်းမ၌ မနေမူ၍ လွတ်ရာတစ်ခုခုသော သစ်ပင်ရင်း၌သာလျှင် တစ်ပါးတည်းကျိန်းစက်တော်မူ၏။ ဤသို့သောနည်းဖြင့် နေ့တိုင်းကြွတော်မူ၍ မိထိလာပြည်မှ ယူဇနာ ၆၀-ကွာသောအရပ်သို့ ရောက်တော်မူလေ၏။