ဘူရိဒတ်ဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
ဘူရိဒတ်ဇာတ်တော်ကြီး by ရှင်နန္ဒမေဓာ
၅။ ဓမ္မကထာခန်း

ထိုအခါ ကာဏရိဌ်၏စကားကိုကြား၍ ဘုရားလောင်းနေရာအရပ်သို့ လာကုန်သော များစွာသော နဂါးပရိသတ်အပေါင်းတို့သည် “ဤကာဏရိဌ်သည် အမှန်ကို ဆိုပေ၏” ဟု မှားသောအယူရှိသော နဂါးတို့သည် ရောက်လာကုန်၏။

ဘုရားလောင်းဘူရိဒတ်သည်လည်း နေရာမှလျောင်းလျက် ကာဏာရဌ်၏အသံကို နာ၍နေ၏။ နဂါးအပေါင်းတို့သည် ဘုရားလောင်းအား လျှောက်ကြကုန်သော် ဘုရားလောင်းသည်လည်း နောက်မှ ကြံ၏။

“ကာဏရိဌ်ကား မှားသောအယူရှိသောခရီးကို ချီးမွမ်းဘိသည်။ ထိုကာရိဌ်၏ အယူကိုဖျက်၍ နဂါးပရိသတ်တို့အား ကောင်းသောသမ္မာဒိဋ္ဌအယူကို ယူစေအံ့”ဟု ဘုရားလောင်းသည် အိပ်ရာမှထ၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော တရားဟောသဘင် ပလ္လင်၌နေပြီးလျှင် အလုံးစုံသော နဂါးပရိသတ်တို့ကို စည်းဝေးကြစေ၍ ကာဏာရိဌ်ကိုခေါ်ပြီးလျှင်-

“ကာဏာရိဌ်။ သင်သည် မဟုတ်မမှန်သည်ကိုဆို၍ ဗေဒင်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းကိုလည်းကောင်း၊ ပုဏ္ဏားတို့ကိုလည်းကောင်း ချီးမွမ်းသည်။ အကယ်၍ သင်ဆိုသော စကား သင့်စေ။ ပုဏ္ဏားတို့သည် ဗေဒင်ကိုစီရင်သဖြင့် ယဇ်ပူဇော်ခြင်းကိုကား မကောင်းမှုဟု သမုတ်အပ်၏။ နတ်ရွာသို့ ဆောင်သည် မဟုတ်။ သင့်အယူ မဟုတ်သည်ကို ငါမြင်၏”ဟု ယဇ်ပူဇော်ခြင်း အယူကို ဖျက်လို၍-“ကလီဟိ ဓီရာနံ ကဋံ မဂါနံ”အစရှိသော ၂၁ ဂါထာတို့ကိုမိန့်၏။

ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-

“ကာဏာရိဌ်။ ဗေဒင်အတတ်တို့ကား ပညာရှိအား အရှုံးသာတည်း။ ထိုစကားသည် သင့်စေ။။သူမိုက်တို့အား အောင်သောအယူသည် ဖြစ်၏။ အဆင်အခြင်နှင့် မစပ်သောကြောင့် တံလှပ်သဘောကဲ့သို့သော သဘောရှိ၏။ လှည့်ပတ်သော အဖို့ရှိသော ဗေဒင်ကိုကား ပညာရှိတို့သည် မဆောင်ရွက်ကုန်။”

“ကာဏာရိဌ်။ ဗေဒင်တို့ကား ခင်ပွန်းကိုပြစ်မှားတတ်သည့် အစီးအပွားကိုဖျက်ဆီးတတ်သည့် သူအားလည်း စောင့်ခြင်းငှာ မဖြစ်ကုန်။ လုပ်ကျွေးသောမီးသည်လည်း မကောင်းမှုရှိသော ပြစ်မှားသောနှလုံးရှိသောလူကို မစောင့်ပေ။”

“၂-ခုသောလျှာတို့ဖြင့် အရသာကိုသိသော ကာဏာရိဌ်။ လူတို့သည် ဥစ္စာစည်းစိမ်တို့ကို ထင်း,မြက်တို့ဖြင့်ရော၍ မီးတိုက်အံ့။ ထိုထင်းမြက်တို့ကိုလောင်သော, အတုမရှိရှိန်စော်သော ထိုမီးသည် မရောင့်ရဲ။ အဘယ်သူသည် ထိုမီးကို ဝအောင် ပြုနိုင်ပါအံ့နည်း။”

“ဥပမာကို ဆိုဦးအံ့။ နို့ရည်လည်း ဖောက်ပြန်သောသဘော ရှိ၏။ နို့ဓမ်းလည်း ဖြစ်၏။ ဆီဦးလည်း ဖြစ်၏။ ဤအတူ ၄င်းမီးသည် ဖောက်ပြန်သောသဘော ရှိ၏။ ထိုမီးသည်ကား လုံ့လယှဉ်မှသာ ဖြစ်သည်။”

“မီးသည် ခြောက်ကုန်သော သစ်တို့၌လည်းကောင်း၊ သစ်ရွက်ခြောက်တို့၌လည်းကောင်း, ဝင်သည်ကို မထင်။ ထိုမီးကား ပွတ်ကျေပွတ်ခုံတို့ဖြင့် မပွတ်ဘဲမဖြစ်။ အမှုနှင့်ကင်း၍လည်း မဖြစ်။”

“ထိုစကားသည်လည်း သင့်စေ။ အကယ်၍ မီးသည် ခြောက်ကုန်သော သစ်တို့၏လည်းကောင်း၊ သစ်ရွက်တို့၏လည်းကောင်း၊ အတွင်း၌ နေအံ့။ လောက၌ ခပ်သိမ်းသောတောတို့သည်ကား ခြောက်ကုန်ရာ၏။ ခြောက်သည်ရှိသော် သစ်ပင်တို့၌လည်းကောင်း တောက်ကုန်ရာ၏။”

“ကာဏာရိဌ်။ အကယ်၍ ထင်း,မြက်ဖြင့် အခိုးအလျှံရှိသောမီးကို ကျွေးသောလူသည် ကောင်းမှုကို ပြုသည်ဖြစ်အံ့။ မီးသွေးဖုတ်သော သူတို့သည်လည်းကောင်း၊ ဆားချက်သော သူတို့သည်လည်းကောင်း၊ စားဖိုသည်တို့သည်လည်းကောင်း၊ သူကောင်ဖုတ်သော သူတို့သည်လည်းကောင်း ကောင်းမှုကိုပြုသည် မည်ကုန်အံ့သတည်း။”

“အကယ်၍ ထိုမီးသွေးဖုတ်သောသူတို့သည် ကောင်းမှုပြုသည် မမည်ကုန်အံ့။ ပုဏ္ဏားတို့သည်လည်းကောင်း၊ တစ်စုံတစ်ယောက်သော သူသည်လည်းကောင်း အခိုးအလျှံနှင့်ယှဉ်သော ပူသောမီးကို အစာဖြင့်ရောင့်ရဲစေ၍ လူ့ရွာ၌ ကောင်းမှုကိုပြုသည် မဖြစ်။”

“၂-ခုသောလျှာနှင့် အရသာကိုသိတတ်သော ကာဏာရိဌ်။ ထိုစကားသည် သင့်စွာ့။ လူတို့သည် မနှစ်လိုဖွယ်သောအနံ့ရှိသော, လူတို့သည် မနှစ်လိုအပ်သော အကြင်ခွေးကောင်ပုပ်, မြွေကောင်ပုပ် စသည်တို့ကို ကျွေးကုန်၏။ စက်ဆုပ်ဖွယ်ရှိသော ထိုအကောင်ပုပ်စသည်တို့ကို သင်၏မီးသည် ပူဇော်လျက် အဘယ့်ကြောင့် စားချေအံ့နည်း။”

“ထိုစကားသည် သင့်စေဦး။ အချို့သောသူတို့ကား နတ်တို့တွင် မီးကို နတ်ဟူ၍ ဆိုကြကုန်၏။ တောင်သူတို့ကား ရေကို နတ်ဟူ၍ ဆိုကုန်၏။ အလုံးစုံသော ဤသူတို့ကား ချွတ်လွဲသောစကားကို ဆိုကုန်၏။ မီးသည်လည်း တစ်ပါးသောနတ်သည် မဖြစ်၊ ရေသည်လည်း တစ်ပါးသောနတ်သည် မဖြစ်။”

“ဣန္ဒြေနှင့်မစပ်၊ ကိုယ်စိတ်လည်းမရှိ၊ သတ္တဝါတို့၏အမှုကိုပြုသော ထိုမီးကိုလုပ်ကျွေး၍ မကောင်းမှုကိုပြုသောသူသည် နတ်ရွာ၌ အဘယ်သို့ လားရအံ့နည်း။”

“ကာဏာရိဌ်။ ဤလူ့ရွာ၌ အသက်မွေးလိုသောကြောင့် ဗြဟ္မာမင်းသည် ခပ်သိမ်းသောလောကကို အစိုးရ၏ ဟူ၍လည်းကောင်း၊ မီးကို လုပ်ကျွေးအပ်၏ ဟူ၍လည်းကောင်း၊ ခပ်သိမ်းသောလောကကို ဖြစ်စေတတ်သည် ဟူ၍လည်းကောင်း၊ မီးသာလျှင် မိမိအလိုသို့လိုက်သည် ဟူ၍လည်းကောင်း ဆိုရာအံ့။ ထိုသို့မှန်လျှင် အဘယ့်ကြောင့် မိမိ မဖန်ဆင်းနိုင်ဘဲလျက် သူတစ်ပါးဖန်ဆင်းသောမီးကို ရှိခိုးသနည်း။”

“ပုဏ္ဏားတို့၏စကားသည် ဆင်ခြင်ခြင်းငှာ မခန့်, အချည်းနှီး, ရယ်ဖွယ်သာ ရှိ၏။ ထိုပုဏ္ဏားတို့ကား ရှေး၌ လာဘ်ပူဇော်သက္ကာ မရှိခြင်းကြောင့် လာဘ်ပူဇော်သက္ကာကို လိုသည်ဖြစ်၍ ဇန္တုဟု သမုတ်အပ်သော ယဇ်ကျမ်းကို ဖွဲ့လုပ်စီရင်ကုန်၏။ အသီးအသီး မိမိတို့ညွှန်းသောအတိုင်း ပုဏ္ဏားတို့ကား ဗေဒင်သင်ခြင်း၊ မင်းတို့ကား မြေကိုအောင်ခြင်း၊ သူကြွယ်တို့ကား လယ်လုပ်ကုန်သွယ်ခြင်း၊ သူဆင်းရဲတို့ကား အမျိုး၃-ပါးတို့၏ အလုပ်အကျွေး ဖြစ်ကုန်၏။ ထိုအမျိုး ၄-ပါးတို့ကို ဗြဟ္မာမင်းသာ စီရင်ဖန်ဆင်းသည်ဟု ရှေးသူဟောင်းတို့ဆိုကြောင်းကို ပုဏ္ဏားတို့ ဆိုကုန်၏။”

“ပုဏ္ဏားတို့ဆိုတိုင်း ထိုစကားမှန်လျှင် မင်းမျိုးမဟုတ်သူ မင်းအဖြစ်ကို မရရာ၊ ပုဏ္ဏားမဟုတ်သူ ဗေဒင်မသင်ရာ။ သူကြွယ်မဟုတ်သူ လယ်လုပ်ကုန်သွယ် မပြုရာ။ သူဆင်းရဲအမျိုးလည်း သူ့အစေအပါးမှ မလွတ်ရာ။ ထိုသို့ကား မဟုတ်။ မင်းမဟုတ်သူလည်း မင်းအဖြစ်ကိုရ၏။ ပုဏ္ဏား မဟုတ်သူလည်း ဗေဒင်သင်၏။ သူကြွယ်မဟုတ်သူလည်း ကုန်သွယ်လယ်လုပ်၏။ သူဆင်းရဲလည်း သူ့အစေအပါးမှ လွတ်၏။ ဤသို့ လောကတွင် ထင်ရှားရှိသောကြောင့် ပုဏ္ဏားတို့စကား မမှန်။ ဝမ်းကိုဝလိုသောကြောင့် မဟုတ်မမှန်သောစကားဖြင့် လှည့်ပတ်၍ဆိုကုန်၏။ ထိုပုဏ္ဏားတို့စကားကို ပညာနည်းသောသူတို့သာ ယုံကုန်သည်။ ပညာရှိတို့ မယုံကုန်။”

“ထိုစကားသည် မှန်လှ၏။ မင်းတို့သည် သူကြွယ်တို့၏အခွန်ကို တောင်းယူကုန်၏။ ပုဏ္ဏားတို့ကား ဓားလက်နက်တို့ကိုယူ၍ သွားကုန်၏။ ထိုသို့ မညီမညွတ် ချောက်ချောက်ချားချား လူအများ စီးပွားယုတ်လျှော့ ပျက်စီးကြောင်းကို အဘယ့်ကြောင့် ဗြဟ္မာသည် ဖြောင့်မှန်ညီညွတ်အောင် မစီရင်သနည်း။ အကယ်၍ “ဗြဟ္မာမင်းသည် ခပ်သိမ်းသောလောကကို အစိုးရ၏”ဟူသော ပုဏ္ဏားတို့စကား မှန်အံ့။ အဘယ့်ကြောင့် လူအပေါင်းတို့၏ဆင်းရဲကို ပြုသနည်း။ လူတို့၏ အရှင်မှန်လျှင် ချမ်းသာကိုသာ ဆောင်ရမည်မဟုတ်လော။”

“ထိုစကားသည် သင့်စွာ့။ ဗြဟ္မာမင်းသည် ခပ်သိမ်းသောလောကကို အစိုးရသည်ဖြစ်၍ လူအပေါင်းတို့၏အရှင် အကယ်၍ ဖြစ်အံ့။ လှည့်ပတ်သဖြင့်လည်းကောင်း၊ မဟုတ်မမှန် ပြောဆိုသဖြင့်လည်းကောင်း၊ မေ့လျော့သဖြင့်လည်းကောင်း၊ မတရားသဖြင့်လည်းကောင်း လူတို့ကို အဘယ့်ကြောင့် အကျိုးစီးပွားမဲ့ ပြုစေသနည်း။”

“ငါညီ ကာဏာရိဌ်။ ထိုဗြဟ္မာသည် ခပ်သိမ်းသောလောကကို အစိုးရသည်ဖြစ်၍ လူအပေါင်းတို့အရှင် ဖြစ်အံ့။ တရားထင်ရှားရှိလျက် မတရားကို အဘယ့်ကြောင့် ဆောက်တည်စေသနည်း။ ဗြဟ္မာကား အဓမ္မကို ကျင့်စွာ့တကား။”

“ပေါက်ဖတ်,ကင်း,သန်း,နှံ,မြွေ,ဖား,ငါး, ယင်,မှက်,ပိုးရွ, ခြပုန်းတို့ကိုသတ်၍ စင်ကြယ်၍ဟူသော အယူဝါဒ အဓမ္မသဘောသည် ကမ္ဗောဇတိုင်းသားတို့၏ အဓမ္မသဘောတည်း”

ဤမှတစ်ပါး ပုဏ္ဏားတို့၏ ချွတ်လွဲသောသဘောကို ပြလိုရကား- “သစေ ဟိ သော”အစရှိသော ၂၇-ဂါထာတို့ကိုဆို၏။

ထိုဂါထာတို့၏အဓိပ္ပာယ်ကား-

“ငါ့ညီ ကာဏာရိဌ်။ အကယ်၍ အကြင်သူသည် သတ်၏။ ထိုသတ်သောသူသည် အပြစ်မှ စင်ကြယ်အံ့။ အကြင်သူကိုသတ်၍ နတ်ပြည်သို့ ရောက်သည် မှန်အံ့။ ပုဏ္ဏားတို့သည် မိမိတို့အချင်းချင်း သတ်ကုန်ရာ၏။ ပုဏ္ဏားတို့ဆိုတိုင်း ယုံကြည်ကုန်သော လူအပေါင်းတို့သည်လည်း အချင်းချင်း သတ်ကုန်ရာ၏။”

“အချို့သော သားသမင်တို့ကား မိမိကိုယ်ကို သတ်အံ့သောငှာ မတောင်းပန်ကုန်၊ ဆိတ်, နွား, ကြက်, ဝက် အစရှိသောသတ္တဝါတို့သည်လည်း မိမိကိုယ်ကို သတ်စိမ့်သောငှာ မတောင်းပန်ကုန်။ ထိုသို့လျက် ယဇ်တွင်း၌ နွားအစရှိသောသတ္တဝါတို့ကို တုန်လှုပ်စေလျက် အသက်ရှည်လိုသောငှာဟု သတ်ကြကုန်၏။”

“သူမိုက်တို့ကား ဤယဇ်သည် တမလွန်ဘဝ၌ အလိုကိုပေးတတ်သည် ဖြစ်လတ္တံ့။ တမလွန်၌ အမြဲချမ်းသာကို ပေးလတ္တံ့ဟု နွားချေးစုဝယ် စိုက်ထားအပ်သောယဇ်တိုင်၌ ဆန်းကြယ်စွာသော အကြောင်းတို့ဖြင့် မျက်နှာကို ကြည်ညိုစေကုန်၏။ အကယ်၍ ယဇ်တိုင်၌လည်းကောင်း၊ သစ်ခြောက်, သစ်စိုတို့၌လည်းကောင်း၊ ပတ္တမြား, ခရုသင်း, ပုလဲ, ရွှေ၊ ငွေ၊ ဆန်စပါး ဥစ္စာများကိုလည်းကောင်း၊ နတ်ပြည်ကိုလည်းကောင်း ပေးတတ်သည် မှန်အံ့။ ထိုပုဏ္ဏားအပေါင်းတို့သည် များစွာ ပူဇော်ကုန်အံ့သတည်း။ တစ်စုံတစ်ယောက်သော ပုဏ္ဏားတို့သည် မပူဇော်ကုန်။ ယဇ်၌လည်းကောင်း၊ သစ်ခြောက်, သစ်စိုတို့၌လည်းကောင်း၊ ပတ္တမြား, ခရုသင်း, ပုလဲ ရွှေငွေ ဆန်စပါး ဥစ္စာများကိုလည်းကောင်း၊ နတ်ပြည်၌ ခပ်သိမ်းသော အလိုကိုလည်းကောင်း အဘယ်မှာလျှင် ပြည့်စုံစေနိုင်အံ့နည်း။”

“ကြမ်းကြုတ်ယုတ်မာ စဉ်းလဲစွာသော ပုဏ္ဏားမိုက်တို့သည် ဖြားယောင်းလျက် မီးကိုစွဲ၍ ငါ့အား ဥစ္စာပေးလော့။ ငါတို့ ပုဏ္ဏားအား ဥစ္စာကိုပေးလှူရအောင် ခပ်သိမ်းသောအလိုကိုရ၍ ချမ်းသာလတ္တံ့။ ဆန်းကြယ်စွာသော အကြောင်းတို့ဖြင့် မျက်နှာကို ရွှင်စေ၏။ မီးပူဇော်ရာ အုံတွင်းသို့ဝင်၍ ဆန်းကြယ်စွာသောအကြောင်းဖြင့် မျက်နှာကို ရွှင်စေကုန်၏။ ဆံမုတ်ဆိတ်, ခြေသည်း, လက်သည်းတို့ကိုလည်း ရိတ်ဖြတ်၍ မီး၌ထည့်ကုန်၏။ ဗေဒင်တို့ဖြင့် ဥစ္စာကိုလည်း ဖျက်ဆီးကုန်၏။”

“များစွာကုန်သောကျီးတို့သည် တစ်ခုသောခင်ပုပ်ကို ခြံရံကုန်၍ ထမင်းဘောဇဉ်တို့ကို စားသောက်လျက် ဦးခေါင်းဖြင့်ပြည့်စေ၍ ယဇ်ပူဇော်ရာအရပ်သို့ ကပ်လေကုန်၏။ ထိုပုဏ္ဏားတို့သည် တစ်ယောက်တည်းသော မင်းအား များစွာလှည့်ပတ်ခြင်းဖြင့် လုယက်ကုန်လျက် မျက်မှောက်ထင်ထင်မြင်သော ဥစ္စာကို မမြင်မသိရသော နတ်ရွာဖြင့် လှည့်ပတ်၍ ဆောင်ကုန်၏။ မင်းတို့သည်ဆုံးမအပ်သော မင်းချင်းကဲ့သို့ မင်း၏ဥစ္စာကိုယူ၍ ဆောင်လေကုန်သော ခိုးသူနှင့်တူသော သူတော်မဟုတ် ယုတ်လှစွာသော ထိုပုဏ္ဏားတို့ကို သတ်လိုက်လျက် လူ့ပြည်၌ မသတ်မညှဉ်းဆဲကုန်။”

“ကာဏာရိဌ်။ နာဦးလော့။ ပုဏ္ဏားတို့သည် ပေါက်ကိုင်းကို သိကြားမင်းလက်ရုံးဟု ယဇ်ပူဇော်ရာ၌ ဖြစ်ကုန်၏။ အကယ်၍ ထိုစကား မှန်အံ့။ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် လက်ရုံးပြတ်ရကား အဘယ့်ကြောင့် လက်ရုံးဖြင့် အသုရာတို့ကို အောင်နိုင်အံ့နည်း။ ထိုစကား မမှန်။ သိကြားမင်းသည် ဘုန်းလက်ရုံးနှင့်လည်း ပြည့်စုံ၏။ ထိုနတ်မင်းကား ပုတ်ခတ်၍ မသတ်အပ်သော နတ်မြတ်တည်း။ ပုဏ္ဏား၏ဗေဒင်တို့ကား အကျိုးမရှိ။ ဤလှည့်ပတ်ခြင်းကား လူ၌ မျက်မှောက်ဖြစ်သော လှည့်ပတ်ခြင်းတည်း။”

“မာလာဂိရိတောင်, ဟိမဝန္တာတောင်, ဂိဇ္ဈတောင်, သုဒဿနတောင်, နိသဘောဂတောင်, ကုဝေရုတောင်၊ ဤတောင်တို့ကိုလည်းကောင်း, ဤမှတစ်ပါးသော တောင်တို့ကိုလည်းကောင်း၊ ပုဏ္ဏားတို့သည် ယဇ်ပူဇော်သောအခါ အုတ်ဖြင့်စီ၍ စီရင်ကုန်၏။ ထိုစကား သင့်စွ။ အကြင်အုတ်တို့ကို ယူ၍ ယဇ်ပူဇော်သောသူတို့သည် စီရင်၍ ပြုကုန်၏ဟု ဆိုကုန်၏။ တောင်တို့ကား အုတ်မဖြစ်ကုန်။ မတုန်မလှုပ် တည်ကုန်၏။ အုတ်တို့သည် ကြာမြင့်သဖြင့် ကျောက်မဖြစ်၊ ကြေးတို့သည်လည်း သံမဖြစ်ကုန်။ ဤယဇ်ကို ချီးမွမ်းအပ်ကုန်၏။ ယဇ်ပူဇော်သော သူတို့သည် အုတ်ဖြင့်စီရင်၍ ပြုအပ်သောကြောင့် ကောင်းသည်ဟု ဆိုကုန်၏။ မန္တရား ဗေဒင်အတတ် အကျင့်သီတင်းနှင့် ပြည့်စုံသော ပုဏ္ဏားတို့ကို အလှူခံခြင်းနှင့် ယှဉ်သောသူဟူ၍လည်း ဆိုကုန်၏။ သမုဒ္ဒရာရေကို သွန်ထသော ထိုပုဏ္ဏားကို သမုဒ္ဒရာရေသည် နှစ်မိ၏။ ထို့ကြောင့် မသောက်ကောင်းသတည်း။ ဗေဒင်နှင့် ပြည့်စုံကုန်သော ပုဏ္ဏားတို့ကို အထောင်မကသောမြစ်တို့သည် မျှော်လေကုန်၏။ ထိုမြစ်တို့သည် မသောက်ကောင်းသည် မဖြစ်။ အဘယ့်ကြောင့် အတုမရှိသော သမုဒ္ဒရာရေကိုသာလျှင် မသောက်ကောင်း ပြုဘိသနည်း။”

“လျှာ၂-ခွရှိသော ကာဏာရိဌ်။ ဤလူ့ရွာ၌ အကြင်တွင်းတို့သည် ဆားငန်ရေအတိသာ ရှိကုန်၏။ ထိုတွင်းတို့သည် ပုဏ္ဏားတို့ကို မနှစ်။ ထိုသို့မနှစ်ဘဲလျက် အဘယ့်ကြောင့် မသောက်ကောင်းသနည်း၊ ရှေးကမ္ဘာဦးအစ၌ အဘယ်အမည်ရှိသော မိန်းမသည် အဘယ်မည်သောသူ၏ မယားနည်း, ဤစိတ်သည်လူကို ဖြစ်စေတတ်၏။ ထိုသဘောဖြင့် တစ်စုံတစ်ယောက်သောသူသည်မရှိ။ ဤသို့သော်လည်း မိမိပြုသော ကြမ္မာဖြင့် သူယုတ်ဖြစ်သည်ဟု ဆိုကုန်၏။”

“ပညာရှိသော ဒွန်းစဏ္ဍား၏သားသည်လည်း ဗေဒင်ကိုသင်၍ မန္တန်တို့ကို ဆိုအံ့။ ထိုဒွန်းစဏ္ဍားသား၏ ဦးခေါင်း ၇-စိတ်ကွဲရာ၏။ ဤဗေဒင်ကား မိမိကိုယ်ကို သတ်အံ့သောငှာ မပြုသတည်း။ ဤဗေဒင်တို့ကား စကားဖြင့်ကြံ၍ သိကုန်၏။ လာဘ်သပ်ပကာကို လိုသဖြင့်ပြုကုန်၏။ ကဗျာပြုကုန်သော ပုဏ္ဏားတို့၏စကားသို့လိုက်ရကား လွန်နိုင်ခဲ၏။ သူမိုက်တို့၏စိတ်နှလုံးကား မသင့်မတင့်သောအရာ၌လည်း နှလုံးဝင်လွယ်၏။ ထိုဗေဒင်ကို ပညာနည်းသောသူတို့သာ ယုံကြည်ကုန်၏။ ခြင်္သေ့, သစ်, ကျား, လူယောက်ျား ထိုသူတို့၏အားသည် ရှိ၏။ ထိုယောက်ျားတို့အားနှင့် ပြည့်စုံသော ပုဏ္ဏားမည်သည်ကား မရှိ။ လူ့အဖြစ်ကိုလည်း နွားကဲ့သို့ ရှုအပ်၏။ ထိုပုဏ္ဏားတို့၏ ပညာမရှိသောအဖြစ်သည်ကား နွားနှင့်တူ၏။ ဇာတ်သာမတူ။ အကယ်၍ မင်းသည် မြေကြီးကိုမအောင်မူ၍ အမတ်နှင့်တကွ စကားနာသော အခြင်းအရာဖြင့် ပြည့်စုံသည်ဖြစ်ရာ၏။ ထိုမင်းသည် မိမိအလိုလိုလျှင် ရန်သူအပေါင်းကို အောင်သည်ဖြစ်ရာ၏။ ထိုမင်း၏အချင်းကား အမြဲချမ်းသာသည် ဖြစ်ရာ၏။”

“ယတြာစသောကျမ်း, မင်းစသော ကျမ်းတို့သည်လည်းကောင်း၊ ဗေဒင် ၃-ပုံတို့သည်လည်းကောင်း၊ ဤကျမ်းတို့ကား အနက်အားဖြင့် ဇာတ်တူကုန်၏။ ထိုကျမ်းတို့သည်လည်း အနက်ကို မဆုံးဖြတ်မူ၍ ရေအလျဉ်ဖြင့် ဖုံးလွှမ်းသောခရီးကဲ့သို့ မသိ။”

“ယတြာစသောကျမ်း, မင်းစသော ကျမ်းတို့သည်လည်းကောင်း၊ ဗေဒင် ၃-ပုံတို့သည်လည်းကောင်း၊ ဤကျမ်းတို့သည်ကား အနက်အားဖြင့် ဇာတ်တူဖြစ်ကုန်၏။လာဘ်ရခြင်း, မရခြင်းလည်းကောင်း၊ အခြံအရံရှိခြင်း, မရှိခြင်းလည်းကောင်း၊ ခပ်သိမ်းသောတရားတို့သည်ကား ထိုအမျိုး ၄-ပါးတို့၏ တရားတို့တည်း။”

“ဥပမာမည်သည်ကား- သူကြွယ်တို့သည် ဥစ္စာစပါးတို့ကို လိုသောကြောင့် များစွာမြေ၌ အမှုတို့ကို ပြုစေကုန်၏။ ထိုပုဏ္ဏားအပေါင်းတို့သည်လည်းကောင်း၊ များစွာသော သူဆင်းရဲတို့သည်လည်းကောင်း၊ များစွာမြေ၌ အမှုတို့ကို ပြုစေကုန်၏။ ၂-ခုသောလျှာဖြင့် အရသာကိုသိတတ်သော ကာဏာရိဌ်။ ထိုစကားသည် သင့်စွ။ ဤသူကြွယ်တို့သည်ကား ဇာတ်တူ ဖြစ်ကုန်၏။ မပြတ်ကြောင့်ကြမှုကုန်၏ ကာမဂုဏ်တို့၌ ယှဉ်ကုန်၏။ များစွာမြေ၌ အမှုတို့ကို ပြုစေကုန်၏။ ထို့ကြောင့် ပညာနည်းသော ပုဏ္ဏားတို့ကား တရားမှကျင့်ကြောင်း ဝေးကုန်၏”

ဤသို့ ဘုရားလောင်းဘူရိဒတ်သည် ထိုပုဏ္ဏားတို့အယူကို ဖျက်ဆီး၍မိမိအယူ၌ တည်စေ၏။ ထိုအခါ ဘုရားလောင်း၏ တရားစကားကိုကြား၍ ခပ်သိမ်းသော နဂါးပရိသတ်အပေါင်းတို့သည် နှစ်လို့ဝမ်းမြောက်ကြကုန်၏။ ဘုရားလောင်းသည်ကား နေသာဒပုဏ္ဏားကို နဂါးပြည်မှ နှင်ထုတ်စေ၏။ ထိုပုဏ္ဏားမုဆိုးအား ရေရွတ်ခြင်းကိုမျှ မပြု။ သာဂရဗြဟ္မဒတ်မင်းသည်လည်း ဆုံးဖြတ်သောနေ့ကို မလွန်စေမူ၍ စစ်အင်္ဂါ၄-ပါးဖြင့် ခြံရံလျက် အဖနေရာအရပ်သို့ သွား၏။

ဘုရားလောင်း ဘူရိဒတ်နဂါးမင်းသည်လည်း ဦးရီးအားလည်းကောင်း၊ အဘိုးအားလည်းကောင်း ဖူးမြင်အံ့ဟု နဂါးပြည်၌ စည်လည်စေ၍ များစွာသော နဂါးပရိသတ်နှင့်တကွ အစိုးရခြင်း, တင့်တယ်ခြင်းဖြင့် ယမုနာမြစ်မှထွက်ခဲ့၍ အစဉ်အတိုင်းသာလျှင်လာလျက် အဘိုးနေရာ ကျောင်းသင်္ခမ်းသို့ သွားလေ၏။ ထိုဘုရားလောင်းမှ ကြွင်းသော အစ်ကိုတစ်ယောက်, အမိအဖတို့သည်လည်း နောက်မှလိုက်ကုန်၏။ ဝရီးတော် သာဂရဗြဟ္မဒတ်မင်းကြီးသည် ခမည်းတော်ထံ ရှေးဦးစွာ ရောက်နှင့်လေ၏။

ထိုအခါ သာဂရ ဗြဟ္မဒတ်မင်းကား များစွာသော ပရိသတ်တို့နှင့်လာသော ဘုရားလောင်းကိုမသိ၍ သာဂရမင်းသည် အဖကိုမေးလို၍ “တာတ တာပသ”အစရှိသော ဂါထာကို ရွတ်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“အရှင်အဖရသေ့ စည်ကြီးတို့ဖြင့်လည်းကောင်း၊ မုရိုးစည်တို့ဖြင့်လည်းကောင်း၊ ခရုသင်းတို့ဖြင့်လည်းကောင်း၊ ထက်စည်တို့ဖြင့်လည်းကောင်း မင်းမြတ်ကို ရွှင်စေလျက် မင်း၏ရှေ့မှ တီးမှုတ်ကုန်၏။ အဘယ်မင်း၏ စည်စောင်းငြင်းတို့နည်း”

“အဖရှင်ရသေ့။ ကြီးစွာသော လျှပ်စစ်နှင့်တူကုန်သော အဆင်းလည်းရှိသော ရွှေသင်းကျပ်နှင့် မျက်နှာလည်း ထွန်းပ၏။ ငယ်လည်းငယ်၏။ တောင့်လည်းလွယ်၏။ အသရေဖြင့် ထွန်းပလျက်လာ၏။ အဘယ်မည်သောသူနည်း။”

“ရှားမီးကျီးနှင့်တူသော ဖို၌ရှိသောရွှေကဲ့သို့ မျက်နှာသည် ထွန်းပ၏။ အသရေဖြင့် ထွန်းပလျက် လာသည်ကား အဘယ်သူနည်း။”

“ဇမ္ဗူရာဇ်ရွှေဖြင့်ပြီးထသော အချင်းနှင့်တကွဖြစ်သော ထီးဖြူသည်ကား နှလုံးမွေ့လျော်ဖွယ်ရှိ၏။ နေရောင်ကိုလည်း ကာ၏။ အဘယ်မည်သော မင်း၏ ထီးဖြူနည်း။ အသရေဖြင့်ထွန်းပလျက် လာသည်ကား အဘယ်သူနည်း။ လက်ဖြင့်စွဲသော မြတ်သော စာမရီမည်သောယပ်သည် မြတ်သောပညာနှင့် ပြည့်စုံသောသူ၏ နံပါး၂-ဘက်၌လည်းကောင်း၊ ဦးခေါင်း၌လည်းကောင်း၊ အထက်အထက်၌လည်းကောင်း တင့်တယ်၏။ အဘယ်မည်သောသူနည်း။”

“ရတနာတို့ဖြင့် ဆန်းကြယ်သော နူးညံ့သော ရွှေ ပတ္တမြားအရိုးတပ်သော ဥဒေါင်းယင်ယပ် စသည်တို့ကား မျက်နှာ၏အပါး ၂-ဖက်တို့၌ သွားကုန်၏။ အဘယ်မည်သောသူနည်း။”

“ရှားမီးကျီးအဆင်းကဲ့သို့ ထွန်းပသောဖို၌ ဦးသစ်သော ရွှေကဲ့သို့ ထွန်းပသော အသံသာသော ထိုနားတောင်းတို့ကား ပါး၂-ဖက်တို့၌ တင့်တယ်ကုန်၏။ အဘယ်မည်သော သူနည်း။”

“နူးညံ့သော, မည်းသော ဆံရောင်တို့ကား လေသည်ခတ်သည်ရှိသော် တိမ်တိုက်မှတက်သော လျှပ်စစ်ကဲ့သို့ နဖူးပြင်ကို တင့်တယ်စေကုန်၏။ အဘယ်မည်သော သူနည်း။”

“ဤမျက်စိတို့ကား အလျားရှည်ကုန်၏။ ကြီးလည်း ကြီးကုန်၏။ ခံတွင်းဝ၌ဖြစ်သော, စင်ကြယ်စွာ မြတ်သော ခရုသင်းနှင့်တူသော, မျောက်လှေကူး အမှုန့်နှင့်တူသော ဤသွားတို့ကား စကားဆိုသည်ရှိသော် တင့်တယ်စေကုန်၏။ အဘယ်မည်သော သူနည်း။”

“ချမ်းသာစွာ တည်ကုန်ထသော ခြေ,လက်တို့ကား ချိပ်ရည်နှင့်တူ၏။ အဘယ်သူ၏ ခြေလက်နည်း။”

“ထိုသူကား ကျီးအာသီးမှည့်နှင့်တူသော နှုတ်သီးနှင့်လည်း ပြည့်စုံ၏။ နေလုလင်ကဲ့သို့ တင့်တယ်၏။ အဘယ်သူနည်း။”

“ဆီးနှင်းနှင့်စပ်သော ဟိမဝန္တာ၌ ပြင်းစွာပွင့်သော အင်ကြင်းပင်ကဲ့သို့ ထိုသူသည် ပုဆိုးဖြူဝတ်သော အသုရာကိုအောင်သော သိကြားမင်းကဲ့သို့ တင့်တယ်၏။ အဘယ်သူနည်း။”

“ရွှေသားတို့ဖြင့်ပြည့်သော ပတ္တမြားအဆောင်နှင့် ဆန်းကြယ်သော သန်လျက်ကိုကိုင်လျက် ထိုသူသည် ပရိသတ်အတွင်းသို့ဝင်၍ ပခုံးမှချွတ်၏။ အဘယ်မည်သော သူနည်း။”

“ရွှေခတ်သော ဆန်းကြွယ်စွာထသော ကောင်းစွာပြုထသော ဆန်းကြယ်စွာ ချွတ်သောခြေနင်းတို့ကို ထိုသူသည် အရှင်အား ရှိခိုးခြင်းကိုပြု၍ ခြေမှချွတ်၏။ အဘယ်သူနည်း”ဟုမေး၏။

ဤသို့ သားဖြစ်သော သာဂရဗြဟ္မဒတ်မင်းနှင့်တွေ့၍ တန်ခိုးအဘိညာဉ်နှင့်ပြည့်စုံသော အရှင်ရသေ့သည် “ချစ်သား ဗြဟ္မဒတ်၊ ဤသူတို့သည် ဓတရဋ္ဌနဂါးမင်း၏ သားတို့တည်း။ သင်၏တူဖြစ်သော နဂါးမင်းတည်း” ဟု ကြားလိုကား “ဓတရဋ္ဌာ” စသော ဂါထာကိုမိန့်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“ချစ်သား ဗြဟ္မဒတ်။ ထိုနဂါးတို့သည်ကား ဓတရဋ္ဌနဂါးမင်း၏ သားတို့တည်း။ တန်ခိုးကြီး၏။ အခြံအရံများ၏။ ငါ၏သမီး သမုဒ္ဒဇာသားချည်းတည်း။ နဂါးတို့ကား တန်ခိုးကြီးကုန်၏”

ဤသို့ ထိုသူတို့ စကားဆိုစဉ်ပင်လျှင် နဂါးပရိသတ်တို့သည် ရောက်ကုန်၏။ ရှင်ရသေ့ကိုရှိခိုး၍ တင့်အပ်သောအရပ်၌ နေကုန်၏။

]

သမီး သမုဒ္ဒဇာသည်လည်း အဖကိုရှိခိုးလျက် ငို၍၊ နဂါးပရိသတ်နှင့်တကွ နဂါးပြည်သို့ သွားလေ၏။ သာဂရ ဗြဟ္မဒတ်မင်းသည် အဖထံတွင် ၁-ရက် ၂-ရက်နေ၍ ဗာရာဏသီပြည်သို့ ပြန်လေ၏။ သမုဒ္ဒဇာလည်း နဂါးပြည်၌ပင် သေလေ၏။

သားတော်ဘူရိဒတ် ဘုရားလောင်းသည်လည်း အသက်ထက်ဆုံး သီလကိုစောင့်လျက် ဥပုသ်သုံးလျက်နေ၏။ အသက်ကုန်သောအခါ၌ ပရိသတ်နှင့်တကွ နတ်ပြည်၌ ဖြစ်လေ၏။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟော၍ “ဥပါသကာတို့။ ရှေးပညာရှိတို့သည် နဂါးဖြစ်သော်လည်း ဤသို့သဘောရှိသော နဂါးတို့၏စည်းစိမ်ကိုစွန့်၍ ဥပုသ်ဆောက်တည်သောအမှုကို ပြုကုန်၏”ဟု ရှေး၌ဖြစ်ဖူးသော ဇာတ်တော်ကို ပေါင်းတော်မူ၏။

“ထိုအခါ မယ်တော်, ခမည်းတော်တို့သည် ယခုအခါ မြတ်သောမင်းမျိုး၌ ဖြစ်ကုန်၏။ မုဆိုးပုဏ္ဏားသည် ဒေဝဒတ် ဖြစ်လာ၏။ သားသောမဒတ်သည်ကား အာနန္ဒာ ဖြစ်လာ၏။ မိထွေးတော်သမီး အဇမုခီသည်ကား ဥပ္ပလဝဏ် ဖြစ်လာ၏။ နောင်တော် သုဒဿနသည်ကား သာရိပုတ္တရာဖြစ်လာ၏။ သုဘောဂသည်ကား မောဂ္ဂလာန် ဖြစ်လာ၏။ ကာဏာရိဋ္ဌသည်ကား သုနက္ခတ် ဖြစ်လာ၏။ ဘူရိဒတ်နဂါးမင်းသည်ကား ခပ်သိမ်းသောတရားတို့ကို သူတစ်ပါးမပြ မိမိအလိုလို ကိုယ်တော်တိုင်ထိုးထွင်း၍ သိတတ်သော ငါသာလျှင် လောက၌ အတုမရှိ ထင်ပေါ်ကျော်စောသောဘုရား ဖြစ်လာ၏”ဟု ဇာတ်တော်ကို ပေါင်း၍ သစ္စာ ၄ပါးကို ပြတော်မူ၏။