ဘူရိဒတ်ဇာတ်တော်ကြီး/အခန်း-၀၄

From Wikisource
Jump to navigation Jump to search
ဘူရိဒတ်ဇာတ်တော်ကြီး by ရှင်နန္ဒမေဓာ
၄။ မိစ္ဆာဒိဋ္ဌိကထာ

ဘုရားလောင်း နဂါးပြည်သို့ရောက်လျှင် နဂါးအလုံး အုတ်အုတ်ကျက်ကျက် ငိုကြွေးသောအသံသည် ဖြစ်၏။ ဘုရားလောင်းလည်း အလမ္ပာယ်ပခြုပ်၌ တစ်လပတ်လုံး ပင်ပန်းလှသောကြောင့် ကြင်နာခြင်းသို့ ရောက်သည်ဖြစ်၍ ပြာသာဒ်ထက်၌ အိပ်၏။ ဘုရားလောင်းထံလာကုန်သော နဂါးအပေါင်းတို့သည်ကား အရေအတွက် အတိုင်းအရှည်မသိ များပြားစွာ၏။ ဘုရားလောင်းသည် ထိုနဂါးအပေါင်းတို့နှင့် စကားပြောဟောခြင်းငှာ မတတ်နိုင်။ ပင်ပန်းလှ၏။

ကာဏာရိဌ်သည် နတ်ပြည်သို့ အရှာသွား၍ ဘုရားလောင်းကိုမတွေ့လျှင် ဘုရားလောင်းမရောက်မီ ရှေးဦးစွာပင် ပြည်သို့ ရောက်နှင့်လေ၏။ ထိုအခါ ကာဏာရိဌ်ကို “ဤကာဏာရိဌ်ကား စိတ်ကြမ်းတမ်းစွာရှိ၏။ နဂါးပရိသတ်တို့ကို ဘုရားလောင်း ဘူရိဒတ်နဂါးမင်းထံ မဝင်ရအောင် ဆီးတားနိုင်၏”ဟု ဘုရားလောင်း အိပ်ရာပြာသာဒ်၌ တံခါးစောင့် ထား၏။

သုဘောဂလည်း အလုံးစုံသော ဟိမဝန္တာကိုရှာပြီးမှ မဟာသမုဒ္ဒရာကိုလည်းကောင်း၊ မြစ်ကြီးမြစ်ငယ်တို့ကိုလည်းကောင်း၊ ဘုရားလောင်းကို ရှာဖွေစူးစမ်းသော် ယမုနာမြစ်သို့ ရောက်လေ၏။ နေသာဒပုဏ္ဏားလည်း အလမ္ပာယ် နူသည်ကိုမြင်ရ၍ “အလမ္ပာယ်ကား ဘူရိဒတ်နဂါးမင်းကို ဖမ်းယူမိသောကြောင့် နူ၏။ ငါသည်လည်း ထိုဘူရိဒတ်ကို ပတ္တမြား၌တပ်သော ရမ္မက်ဖြင့် အလမ္ပာယ်အား ပြညွှန်မိ၏။ အဆွေခင်ပွန်းကို ပြစ်မှားမိသော ထိုမကောင်းမှုအကျိုးသည် ငါ၌ ယခုမချွတ် ရောက်လတ္တံ့။ ထို မကောင်းမှုမရောက်မီ ယမုနာမြစ်နားသို့သွား၍ ပယောဂဆိပ်၌ မကောင်းမှုကိုလျှော်အံ့”ဟု ထိုဆိပ်သို့ သွားလေ၏။

ဆိပ်သို့ရောက်လျှင် “ငါသည် ဘူရိဒတ်နဂါးမင်း၌ အဆွေခင်ပွန်း ပြစ်မှားသောအမှုကို ပြုမိ၏။ ထိုမကောင်းမှုကို ဤမြစ်၌ လျှော်အံ့” ဟု ငုပ်၏။

ထိုခဏ၌ သုဘောဂသည် ထိုအရပ်သို့ ရောက်လေသော် နေသာဒပုဏ္ဏားဆိုသော စကားကိုကြား၍ “ဤသူယုတ်သည် ကြီးစွာသောစည်းစိမ်ကိုပေးတတ်သော ငါ၏အစ်ကိုကို ပတ္တမြား၌တပ်ခြင်း ရမ္မက်ကြောင့် အလမ္ပာယ်အား ပြညွှန်ဘိ၏။ ဤသူယုတ်၏အသက်ကို သေစေအံ့” ဟု နေသာဒပုဏ္ဏား၏ခြေကို မြီးထူးဖြင့်ရစ်၍ ဆွဲငင်ပြီးလျှင် ရေ၌နစ်မွန်းစေ၏။ အလွန်ပင်ပန်းသောအခါ အတန်ငယ် အရစ်ကို လျှော့ပြန်လျှင် ပုဏ္ဏားဦးခေါင်းဖော်နိုင်ပြန်၏။ ထိုအခါ ပုဏ္ဏားကို တစ်ဖန်ငင်၍ ရေ၌ နှစ်ပြန်၏။ ဤသို့ အကြိမ်များစွာ ဖော်ကာ, နှစ်ကာ သက်သာမရ ပင်ပန်းစေပြီးသော် နေသာဒပုဏ္ဏားသည် ဦးခေါင်းကိုဖော်၍ “လောကျံ” အစရှိသောဂါထာကို ရွတ်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“ယမုနာမြစ်သို့သက်၍ ပယောဂဆိပ်၌ “မကောင်းမှုကို လျှော်ရာဆိပ်”ဟု လူတို့သမုတ်အပ်သော ရေကို သွန်းချိုးလျက်နေသောငါ့ကို ရေ၌နှစ်သည်ကား အဘယ်သူနည်း”ဟု မေး၏။

ထိုစကားကို သုဘောဂကြားလျှင် “ဟယ်၊ ပုဏ္ဏား။ အကြင်နဂါးမင်းကား နဂါးပြည်ကို အစိုးရ၏။ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၏။ ဗာရာဏသီပြည်အလုံး ထက်ဝန်းကျင်ရစ်၍ ပါးပျဉ်းဖြင့် ဖုံးလွှမ်းနေသော နဂါးမင်းကို နင် မသိသလော။ ငါကား ထိုနဂါးမင်း၏ သားတော်တည်း။ အမည်ကား သုဘောဂဟု ထင်ရှား၏”ဟု ဆို၏။

ထိုအခါ နေသာဒပုဏ္ဏားသည် “ဤသူကား ဘူရိဒတ်နဂါးမင်း၏ ညီတည်း။ ငါ့အသက်ကို အရှင်မထားပေရာ။ မချွတ်လျှင် သတ်လတ္တံ့။ သို့ရာတွင်မူကား ထိုသုဘောဂကိုလည်းကောင်း၊ သုဘောဂ၏ မိဘတို့ကိုလည်းကောင်း၊ အဆင်းကျော်စောခြင်းဖြင့် စိတ်နူးညံ့သည်၏အဖြစ်ကို ချီးမွမ်း၍ အသက်ကိုချမ်းသာရအောင် တောင်းပန်အံ့”ဟု ကြံပြီးသော် “အချင်း။ သင်သည် အကယ်၍ မြွေတကာတို့ထက် မြင့်မြတ်သော နဂါးတို့ကိုအစိုးရသော ကာသိကရာဇ်မင်းကြီး၏ သားဖြစ်အံ့။ သင်၏အဖကား နဂါးအပေါင်းတို့တွင် တန်ခိုးကြီးသော နဂါးမင်းတည်း။ သင်၏အမိကား လူတို့တွင် အရှင်ဟုမှတ်အပ်သော အတုမရှိသော ကာသိကရာဇ်မင်း၏ သမီးတော်တည်း။ ထိုသို့ မိမျိုးဖမျိုးအားဖြင့် တန်ခိုးကြီးသော်လည်း ပုဏ္ဏားတို့၏ ကျွန်ကိုမျှ ရေမှာ မနှစ်ထိုက်” ဟုဆိုလေ၏။

ထိုစကားကို ကြားလျှင် သုဘောဂသည် “ဟယ်၊ မကောင်းသော ပုဏ္ဏား။ သင်ငါ့ကို လှည့်ပတ်၍ သင် အသက်ရှင်မည် မှတ်သလော။ သင်၏အသက်ကို မရှင်စေရ။ အသေသတ်မည်”ဟု ခြိမ်းခြောက်လျက် နေသာဒပြုသောအပြစ်ကို ထင်စွာပြလိုရကား “ရုက္ခံ နိဿာယ” အစရှိသော ဂါထာတို့ကို ရွတ်၏။

ထိုဂါထာတို့၏အဓိပ္ပာယ်ကား-

“သစ္စအမျိုးဖြစ်သော ဟယ်၊ ပုဏ္ဏား။ သင်ကား ရေသောက်ဆင်းသောသမင်ကို သစ်ပင်ကိုမှီ၍ ပစ်ဘိ၏။ ထိုသမင်ကား မှန်သောမြား၏အဟုန်ဖြင့် အရပ်ဝေးသို့ ပြေးလေ၏။ ထိုသမင်ကို လိုက်၍ရပြီးသော် ပြန်ခဲ့သဖြင့် ညချမ်းသောအခါ ပညောင်ပင်သို့ ရောက်လာ၏။ ကျေးသား, ဆက်ရက်, ဥသြ, ကြိုးကြာ သာရကာနှင့် တမာ, ငှက်ခါးတို့ဖြင့် တွန်မြူးကျူးမြည်သောအသံ တစ်ရံမကြွင်း မွေ့လျော်ဖွယ်ရှိသော ဤပညောင်ပင်ရင်းသို့ ကပ်လေ၏။ ထိုပညောင်ပင်ရင်း၌ တန်ခိုးကြီးသော ငါ၏နောင်တော်သည် နဂါးသမီးတို့ဖြင့် ထက်ဝန်းကျင်ခြံရံလျက် တင့်တယ်စံပယ်သည်ကို သင် မြင်လေ၏။ ထိုအခါ သင့်ကို နဂါးပြည်သို့ဆောင်၍ ကြီးစွာသောစည်းစိမ်ဖြင့် ငါ၏နောင်တော် ချီးမြှောက်သည် မဟုတ်တုံလော။ ကျေးဇူးရှင်ဖြစ်သော နောင်တော်ကို သင်ပြစ်မှားဘိ၏။ ထိုမကောင်းမှုသည် သင်၌ ယခု ရောက်တော့သည်။ ဟယ်၊ ပုဏ္ဏား။ ငါ့အစ်ကို၌ သင်ပြုသောအမှုသည် ငါစိတ်မပြေ၊ သေအောင်သတ်အံ့။ သင့်လည်ကို ယခုဆန့်၊ သင့်ဦးခေါင်းကို တောက်တောက်ဖြတ်မည်”ဟု ဆိုလေ၏။

ထိုအခါ နေသာဒပုဏ္ဏားသည် “ဤသူကား ငါ့အသက် အရှင်မထားရာ။ တစိုးတစိဆို၍ လွှတ်သော်လည်း လွှတ်ပါစေ။ အကြောင်းရှာ၍ ဆိုရဦးတော့မည်” ဟု ကြံလျက်-“အဇ္ဈာယကော ယာစယောဂီ”ဟူသောဂါထာကို ရွတ်၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“အချင်းသုဘောဂ။ ပုဏ္ဏားတို့သည် ဗေဒအတတ်ကို သင်၏။ အလှူခံ၍လည်း စားတတ်၏။ မီးကိုလည်း ပူဇော်တတ်၏။ ဤ၃-ပါးသော အကြောင်းတို့ကြောင့် မသတ်အပ်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် သုဘောဂသည် ယုံမှားခြင်း ရှိသည်ဖြစ်၍၊ “ဤပုဏ္ဏားကို နဂါးပြည်သို့ ဆောင်ပြီးသော် ငါ့အစ်ကိုကိုမေး၍၊ ပုဏ္ဏားဆိုသောအကြောင်းကို သိအောင်ပြုအံ့”ဟုကြံပြီးလျှင်-“ယံ ပုရံ ဓတရဋ္ဌဿ”ဟူသော ၂ဂါထာတို့ကိုရွတ်ပြန်၏။

ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-

“ဟယ်၊ ပုဏ္ဏား။ ခမည်းတော်၏ ဓတရဋ္ဌပြည်သည် ဤယမုနာမြစ်အောက်၌ မြစ်နှင့်မနီးမဝေး ဟိမဝန္တာတောင်ကိုထိလျက် ခပ်သိမ်းသောရွှေအတိ ထွန်းတောက်ပ၏။

ဤသို့ဆိုပြီးလျှင် နေသာဒပုဏ္ဏားကို လည်၌ကိုင်လျက် တွန်းငင်ထိုးကြိတ် ဆဲရေး၍ ဘုရားလောင်းအိမ် ပြာသာဒ်တံခါးသို့ ရောက်လေ၏။

ထိုအခါ သုဘောဂကို တံခါးစောင့်ပြု၍နေသော ကာဏာရိဌ်မြင်လျှင် သုဘောဂရှိရာလမ်းသို့သွား၍ “နောင်တော် သုဘောဂ မညှဉ်းဆဲလင့်။ ပုဏ္ဏားတို့မည်သည်ကား ဗြဟ္မာမင်း၏ သားတည်း။ ဗြဟ္မာမင်းသည် အကယ်၍ ညှဉ်းဆဲကြောင်းကို သိအံ့။ “ငါ့သားကို နဂါးတို့ ညှဉ်းဆဲရမည်လော” ဟု ဗြဟ္မာမင်း အမျက်ထွက်လျှင် ငါတို့နဂါးပြည်အလုံး ပျက်စီးရလတ္တံ့။ လောက၌ ပုဏ္ဏားမည်သည် မြတ်၏၊ အာနုဘော်ကြီး၏။ သင်ကား ပုဏ္ဏားတို့အာနုဘော်ကို မသိ။ ငါသာ သိ၏”ဟု ဆို၏။

(ကာဏာရိဌ်ကား အခြားမဲ့ လွန်လေပြီးသောဘဝ၌ ယစ်ပူဇော်ခြင်းကိုပြုသော ပုဏ္ဏားဖြစ်သတတ်။ ထိုသို့ ပုဏ္ဏားဖြစ်ဖူးသောကြောင့် ဤစကားကို ဆိုသတည်း။)

ထိုစကားကိုပြောဆိုပြီးလျှင် အစဉ်ဖြစ်ဖူးသောအားဖြင့် ယဇ်ပူဇော်လေ့ရှိသည်ဖြစ်၍ သုဘောဂကိုလည်းကောင်း၊ နဂါးပရိသတ်ကိုလည်းကောင်း ခေါ်၍ “အချင်းတို့။ လာကြကုန်။ ယစ်ပူဇော်ကုန်သော ပုဏ္ဏားတို့ကျေးဇူးကို ငါဆိုအံ့”ဟု ယဇ်ကျေးဇူးကိုကြားလိုရကား-“အနိတ္တရာ”ဟူသော ဂါထာကို ရွတ်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“နောင်တော်သုဘောဂ။ လူ၌ ယဇ်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း မယုတ်ကုန်။ မယုတ်ကုန်သောပုဏ္ဏားတို့သည် ထိုယဇ်ပူဇော်ခြင်း ဗေဒင်အတတ်တို့၌သာ ယှဉ်ကုန်၏။ ထိုသို့ ယှဉ်ကုန်သော ပုဏ္ဏားတို့အား မကဲ့ရဲ့အပ်ကုန်။ ကဲ့ရဲ့သောသူတို့အား သူတော်ကောင်းတရားသည်လည်းကောင်း၊ စည်းစိမ်ဥစ္စာသည်လည်းကောင်း၊ ယုတ်လျော့ဆုံးရှုံးခြင်းသို့ ရောက်တတ်၏”ဟု ဆိုပြီးသော်၊

ကာဏာရဌ်သည် “နောင်တော် သုဘောဂ၊ ဤလူတို့ကို အဘယ်သူ စီရင်သနည်း”ဟု မေး၏။ “ငါမသိ” ဟုဆိုသော် ပုဏ္ဏားတို့၏အဘိုးဖြစ်သော တန်ခိုးကြီးသောဗြဟ္မာမင်း စီရင်သည်ဟု ပြအံ့သောငှာ-“အဇ္ဈေနမရိယာ”ဟူသော ဂါထာကိုရွတ်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“နောင်တော်သုဘောဂ အသီးသီး ညွှန်သောအတိုင်း ပုဏ္ဏားတို့ကား ဗေဒင်သင်ခြင်းသို့သာ ရောက်ကုန်၏။ မင်းတို့ကား မြေကိုအောင်ခြင်းသို့ ရောက်ကုန်၏။ သူကြွယ်တို့ကား လယ်ထွန်ခြင်းသို့ ရောက်ကုန်၏။ သူဆင်းရဲတို့ကား အမျိုး၃-ပါးတို့အား လုပ်ကျွေးခြင်းသို့ ရောက်ကုန်၏။ ထိုအမျိုး၄-ပါးတို့ကို ဗြဟ္မာမင်းသာ စီရင်ဖန်ဆင်းသည်ဟု ဆိုကုန်၏။ ဤပုဏ္ဏားတို့ကား ကြီးစွာသောဂုဏ် ရှိ၏။ အကြင်သူသည် ကြည်ညိုသောစိတ်ဖြင့် ထိုပုဏ္ဏားတို့အား လှူအံ့။ ထိုသူကား တစ်ပါးအရပ်၌ မဖြစ်ရာပြီ။ နတ်ပြည်သို့သာ သွားရသတည်း။

“နောင်တော် သုဘောဂ ဓာတာမည်သော နတ်, ဝိဓာတာမည်သော နတ်, ဝရုဏနတ်, ကုဝေရနတ်, သောမနတ်, ယာမာနတ်, လနတ်, နေနတ်၊ ဤနတ်တို့သည် အထူးထူးသောယဇ်ကို ပူဇော်၍ ဗေဒင်တတ်သော ပုဏ္ဏားတို့အား ခပ်သိမ်းသော အလိုကိုပေး၍ ဤနတ်အဖြစ်သို့ ရောက်ကြလေကုန်၏။

“နောင်တော် သုဘောဂ။ ဗေဒင်အတတ်ကို တတ်ထသော, သီတင်းသီလကိုလည်း ရှာမှီးလေ့ရှိထသော, အလှူခံခြင်း၌လည်း ယှဉ်ထသောသူဟူ၍ သမုတ်အပ်သောပုဏ္ဏားကို သမုဒ္ဒရာမြစ်သည် မွန်းနစ်စေ၏။ ထို့ကြောင့် မသောက်ကောင်းသတည်း။ နောင်တော်သုဘောဂ။ ကောင်းမှုတည်းဟူသော မျိုးစေ့၏စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သော ပုဏ္ဏားတို့သည် ဤမြေအပြင်၌ ရှိကုန်၏။ အရှေ့အနောက်, တောင်, မြောက် မျက်နှာအရပ်တို့၌ နှစ်လိုခြင်းကို ပုဏ္ဏားတို့သာ ဖြစ်စေနိုင်ကုန်၏”။

ဤသို့ ကာဏာရိဌ်သည် ၁၄-ဂါထာတို့ဖြင့် ပုဏ္ဏားတို့ကိုလည်းကောင်း၊ ယဇ်ပူဇော်သက္ကာတို့ကိုလည်းကောင်း၊ ဗေဒင်တို့ကိုလည်းကောင်း ချီးမွမ်း၏။