ဘူရိဒတ်ဇာတ်တော်ကြီး/အခန်း-၀၆

From Wikisource
Jump to navigation Jump to search
ဘူရိဒတ်ဇာတ်တော်ကြီး by ရှင်နန္ဒမေဓာ
နိဂုံး

သာသနာတော်၊ နှစ်ထောင်ကျော်၍၊ စွန်းပေါ်သုံးရာ၊ နှစ်ဆယ်သာလျှင်၊ ရောက်လာသောနှစ်၊ သက္ကရာဇ်သင်္ချာ၊ နှစ်ကောဇာမူ၊ ဧကာဧက၊ ဗေဒစတု၊ နှစ်ဗသျှု၌ ၊ ရွက်နုလန်းလန်း၊ နွယ်ပန်းညွန့်ရှင်၊ ဂေါ်သဇင်နှင့်၊ ခွာပင်ကျော့ဖူး၊ သင်းပျံ့ကြူးလျက်၊ အထူးပျော်မှန်၊ မြောက်လေပြန်၍ ၊ ဝဿန်ကျော်ပြောင်း၊ ဆောင်းသို့အဝင်၊ ရာသီခွင်ဝယ်၊ စက်ရှင်နေမင်း၊ ဗြိစ္ဆာချဉ်း၍၊ လမင်းမေထုန်၊ သင့်ကြုံခါကျော်၊ လနတ်တော်ဝယ်၊ ပုဏ္ဏော်ပြည့်ရွေ့၊ နှစ်ရက်နေ့တွင်၊ ချမ်းမြေ့ဇီဝါ၊ ဤအခါ၌၊ မင်္ဂလာလျှံမြူး၊ ရွာမင်းပူး၏၊ နောက်စူးဒိသာ၊ ရပ်မျက်နှာဝယ်၊ လေသာတိုက်ကျော်၊ ဆရာတော်၏၊ ဉာဏ်တော်ဖလမ်၊ ဆုကြီးပန်သား၊ နန္ဒမေဓာ၊ သညာပျံ့ဆွတ်၊ မထေရ်မြတ်ကို၊ ဘူရိဒတ်စစ်၊ သားရင်နှစ်ကို၊ ဖော်လှစ်ဓိပ္ပာယ်၊ သိသာလွယ်အောင်၊ မကျယ်မကျဉ်း၊ မလျဉ်းမပါး၊ စကားမြန်မာ၊ ညီညွတ်စွာနှင့် သမ္မာစောင်ယူ၊ ရှင်လူတကာ၊ မှတ်စိမ့်ငှာလျှင်၊ ထုတ်ပါမည်ကြောင်း၊ လျှံတောင်းပဏမျှ၊ ဥက္ကံသဟု၊ နာမပြုတေ၊ သာမဏေလျှင်၊ ရိုသေဝပ်တွား၊ ပန်သောအားဖြင့်၊ အများမှတ်မှု၊ ဇာတ်ဝတ္ထုကို၊ လက်နုသွန်စိုက်၊ ယဉ်သိုက်မြိုက်အောင်၊ ပုရပိုက်လက္ခံ၊ မလျှံမယွင်း၊ မကြွင်းစေချင်၊ ပေထက်တင်၍၊ အောင်မြင်ပြီးလတ်၊ ကမ္ပည်းသတ်သည်၊ ကောင်းမြတ်မဂ်ဖိုလ်၊ မညိုလွယ်ကူ၊ ဆွတ်ယူအသင့် ပန်လိုသော်။

ဘူရိဒတ် ဇာတ်တော်ကြီး ပြီး၏။