ဘုရားရှိခိုးကြစို့ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၆) ဘုရားရှိခိုးကြစို့ (ကျောင်းသားကိုင်သို့)
339298ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၆) ဘုရားရှိခိုးကြစို့ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ ( ၆)

ဘုရားရှိခိုးကြစို့

သင်ယူမှုဦးတည်ချက် ။ ။ ထိခြင်းငါးပါးဖြင့်ရှိခိုးတတ်စေရန်နှင့် ဘုရားရှိခိုးသည့်အလေ့အကျင့် ရရှိလာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ထိခြင်းငါးပါး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍သင်ခဲ့ပြီးသော ထိခြင်းငါးပါးရှိခိုးခြင်းအကြောင်းကို ပြန်မေးပါ။ (ထိခြင်းငါးပါးနဲ့ရှိခိုးတယ်ဆိုတာ ဘယ်လိုမျိုးလဲ ... စသည်ဖြင့်)

֍ကလေးများအား ဦးစွာပြောစေပြီး ကလေးများအဖြေသည် မှန်ကန်ပြည့်စုံမှု မရှိမှသာ ဆရာက ထပ်လောင်း၍ ဖြည့်စွက်ပြောပြပေးပါ။

֍ပြီးလျှင် “ဆရာတို့ အရင်ဆုံး ရတနာသုံးပါးကို ဦးချကန်တော့ကြရအောင်။ ရတနာသုံးပါး ဆိုတာက ဘုရား၊ တရား၊ သံဃာပဲဖြစ်တယ်ဟု အရင်ဆုံးရှင်းပြပြီး ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုဖွဲ့ပြီး အုပ်စုတစ်ခုမှ တစ်ဦးစီကို အတန်းရှေ့သို့ခေါ်၍ ရတနာသုံးပါး ဘုရားဦးချခြင်း ကို နမူနာ သရုပ်ပြပါစေ။ ကျန်ကလေးများ အကဲဖြတ်ကြပါစေ။

֍ထိုနည်းအတိုင်း ကျန်အုပ်စုများမှ တစ်ဦးစီကို ထွက်စေပြီး အလှည့်ကျ သရုပ်ပြပါစေ။ ထပ်မံ၍ အုပ်စုလိုက် ယှဉ်ပြိုင်ကြမည်ဟု ပြောပြီး အုပ်စုလိုက်အလှည့်ကျ သရုပ်ပြ ယှဉ်ပြိုင် ကြပါစေ။

[သတိပြုရန် 1]

֍အုပ်စုတိုင်းအား ချီးမွမ်းအားပေးမှု ပြုလုပ်ပါ။

֍ဆရာက ဘုရားရှိခိုးသည်ဆိုရာတွင် မိမိပူဇော်ရှိခိုးလိုသူကို စိတ်အာရုံတွင် မှန်းဆ မြင် ယောင်၍ (မိမိရှေ့တွင် အမှန်တကယ်ရောက်ရှိနေသကဲ့သို့) ရှိခိုးမှသာ အကျိုးရှိကြောင်း၊ ထို့ကြောင့် မည်သည့်ဘုရားရှိခိုးခြင်းကို ပြုလုပ်သည်ဖြစ်စေ စိတ်တွင် ရည်မှန်း၍ ထိခြင်း ငါးပါးဖြင့် အကျိုးရှိရှိ ကန်တော့တတ်ရမည် ဖြစ်ကြောင်း ရှင်းပြပါ။

֍ပြီးလျှင် အောက်ပါ ထိခြင်းငါးပါးကဗျာကို ရွတ်ဆိုကြပါစေ။

ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း

ဦးချတာ ဦးချတာ၊
ဒီလိုဦးချပါ။
လက် ခြေ နဖူး တံတောင် ဒူး
ငါးဦးမြေထိပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သရဏဂုံသုံးပါးအကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ရွတ်ပြပြီး အခု ရွတ်ပြသော ပါဠိကို ကြားဖူးခြင်း ရှိ/မရှိ မေးပါ။ ထို့နောက် ပါဠိကို အသံထွက် မှန်မှန်ဖြင့် ရွတ်ဖတ်တတ်အောင် သင်ပေးပါ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

֍ဆရာက ၎င်းကို သရဏဂုံ (၃) ပါးဟု ခေါ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူသည် ၎င်းသရဏဂုံ (၃) ပါးကို တစ်သက်လုံး ဆောက်တည်ရမည်ဖြစ်ကြောင်း ပြော၍ အဓိပ္ပာယ်ကို ရှင်းပြပါ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား။

ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား။

သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား။

֍ဆရာက ရွတ်ဆိုပြ၍ ကလေးများအား တစ်ကြောင်းစီလိုက်၍ ရွတ်ဆိုပါစေ။

֍ရှေ့တွင် ဆရာပြောခဲ့သည့်အတိုင်း စိတ်အာရုံတွင် မြင်ယောင်မှန်းဆ၍ ရွတ်ဆိုကြမည် ဖြစ်ကြောင်းပြော၍ အားလုံးကို မျက်စိမှိတ်ထားပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသော သရဏဂုံ (၃) ပါးလုံးကို ပြိုင်တူရွတ်ဆိုကြပါစေ။

֍ဆရာက သရဏဂုံ (၃) ပါးကို ဆောက်တည်သူသည် ဘုရားရှင် ဆုံးမတော်မူခဲ့သော ကျင့်ဝတ်များအတိုင်း လိုက်နာနေထိုင်မည်ဟု မိမိကိုယ်တိုင် ကတိပြုခြင်း၊ သစ္စာပြုခြင်း ဖြစ်၍ ထိုကတိသစ္စာအတိုင်း လိုက်နာနေထိုင်ကြရမည်ဖြစ်ကြောင်း ရှင်းပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သရဏဂုံအကျိုးပြ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

ဆရာက “မြတ်စွာဘုရား ပွင့်တော်မူချိန်တုန်းက သရဏဂုံ (၃) ပါးကို နေ့စဉ်ရွတ်ဆို ဆောက်တည်ခဲ့တဲ့ ကုသိုလ်ကြောင့် အကျိုးရှိခဲ့တဲ့သူအကြောင်း ပြောပြမယ်” ဟု နိဒါန်း ပျိုး၍ အောက်ပါဇာတ်လမ်းကို ပြောပြပါ။

သရဏဂုံအကျိုး

ဟိုးရှေးရှေးတုန်းက မျက်မမြင်မိဘနှစ်ပါးကို ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေး နေတဲ့ ဆင်းရဲသားတစ်ယောက်ရှိတယ်။ သူက ဆင်းရဲပေမဲ့ စိတ်ထားကောင်းပြီး ဘာသာ တရားလည်း အလွန်ရိုသေလေးစားတယ်။ နေ့တိုင်းလည်း သရဏဂုံ ဆောက်တည်တယ်။ ရွတ်ဖတ်တဲ့အခါမှာလည်း ဘုရား၊ တရား၊ သံဃာကို စိတ်ထဲမှာ ရည်မှန်းပြီး ရွတ်ဖတ်တယ်။ သရဏဂုံ (၃) ပါးကို ရာသက်ပန် အမြဲမပြတ် ဆောက်တည်သွားခဲ့တယ်။

ကွယ်လွန်တဲ့အခါမှာ အဲဒီကုသိုလ်တွေကြောင့်ပဲ နတ်သားဖြစ်ရတယ်။ ဘဝတိုင်း၊ ဘဝ တိုင်းမှာလည်း လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ရတယ်။ ဒီလိုနဲ့ အခုဆရာတို့ ကိုးကွယ်နေတဲ့ ဘုရားရှင်လက်ထက်မှာ သူဌေးသားလေးတစ်ဦး ဖြစ်လာတယ်။ သူ (၇) နှစ်သားအရွယ် ရောက်တော့ ရဟန်းတစ်ပါးက သူ့ကို တရားဟောနေတဲ့အချိန်မှာ အရင်ဘဝတွေတုန်းက သူဆောက်တည်ခဲ့တဲ့ သရဏဂုံ (၃) ပါးရဲ့ အကျိုးကျေးဇူးတွေကြောင့် ချက်ချင်းပဲ တရားထူး တရားမြတ်ရပြီး ရဟန္တာ ဖြစ်သွားတယ်။

သူကိုယ်တိုင် ရဟန္တာဖြစ်သွားပြီးတဲ့အချိန်မှာ သရဏဂုံ (၃) ပါးရဲ့ အကျိုးကျေးဇူးတွေ ကို ပြန်ပြီး ဟောကြားပေးခဲ့တယ်။ သရဏဂုံ (၃) ပါးကို အမြဲမပြတ် ဆောက်တည်ခြင်း အားဖြင့် “လူချမ်းသာ၊ နတ်ချမ်းသာ ဘဝကိုရရှိမယ်။ ဉာဏ်ကောင်းမယ်။ ချမ်းသာကြွယ် ဝမယ်။ အသားရောင်က ရွှေလို ဝင်းဝါမယ်။ လူတိုင်းကလည်း ကိုယ့်ကို ချစ်ခင်နှစ်သက်မယ်” လို့ ဟောတော်မူခဲ့တယ်။

မှီငြမ်း ။ ။ တိသရဏဂမနိယထေရအပဒါဝတ္ထု၊ ပုံတော်စုံ ထေရအပဒါန်ဝတ္ထုတော်ကြီး၊ ၃ဝ၁၊ အပဒါန၊ ဋ္ဌ၊ ၂။ ၃၉။

֍အောက်ပါမေးခွန်းများ မေးပါ။

-သူဆင်းရဲလေးက အမြဲတမ်း ဘာကို ရွတ်ဖတ်သလဲ။
-သရဏဂုံ (၃) ပါးက ဘာတွေလဲ။
-သူက ဘယ်အချိန်ထိ ဆောက်တည်သွားလဲ။
-သရဏဂုံ (၃) ပါးကို ဆောက်တည်ရင် ဘယ်လို အကျိုးကျေးဇူးတွေကို ရရှိမလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားရှိခိုးမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍သရဏဂုံ (၃) ပါးကို ရွတ်ဆို၍ ထိခြင်းငါးပါးဖြင့် ပူဇော်ကန်တော့ခြင်းကို တစ်ဦးချင်း အုပ်စုလိုက် လေ့ကျင့်ပါစေ။

֍ထို့နောက် စိတ်ထဲတွင် မြင်ယောင်မှန်းဆ၍ ဩကာသကန်တော့ချိုးနှင့် သရဏဂုံ (၃) ပါး ရွတ်ဆိုပြီး ထိခြင်းငါးပါးဖြင့် ကန်တော့ပါစေ။

֍ပထမတန်းတွင် အသုံးပြုခဲ့ပြီးဖြစ်သော အောက်ပါ ဘုရားရှိခိုးမယ် ကဗျာကို ပြိုင်တူ ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ဘုရားရှိခိုးမယ်

သာသာယာယာ ညအခါ၊
ဘုရားရှိခိုးမှာ။
မေတ္တာဝေကာ ဆုခြွေတောင်း၊
ကျန်းမာကြစေကြောင်း။
ရွာဦးကျောင်းက စေတီသာ၊
အေးမြလရောင်ဖြာ။
ကြည်ညိုကာ ဦးနှိမ်ချ၊ 
ဆီမီးပန်းလှူကြ။ ။

  1. ဆရာက အချက်ပေးမှ တစ်ပြိုင်တည်း ဆောင်ရွက်ရမည် ဖြစ်ပြီး ညီညာသော အဖွဲ့က အနိုင်ရမည် ဖြစ်ကြောင်း လှုံ့ဆော်ပါ။