ဘုရားဖြစ်တော်မူခြင်း -ဒု (ဆရာ)

From Wikisource
Jump to navigation Jump to search
339297ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၅) ဘုရားဖြစ်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မြတ်စွာဘုရား ဗောဓိပင်အောက်တွင် တရားထိုင်နေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါမေးခွန်းများ မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။

-တရားထိုင်တာ မြင်ဖူးလား။
-ဘယ်မှာမြင်ဖူးလဲ။
-ဘယ်သူတွေ တရားထိုင်ကြတာ တွေ့ဖူးလဲ။
-မြင်ဖူးရင် နမူနာပုံစံ လုပ်ပြပါ။

֍အထက်ပါအတိုင်း မေးမြန်းပြီးသောအခါ “ကဲ .. တို့တွေအားလုံး ငါးမိနစ်လောက် တရား ထိုင်ကြည့်ရအောင်၊ မျက်စိမှိတ်၊ ခါးမတ်မတ်ထား၊ ငြိမ်ငြိမ်လေးအသက်ရှူနေပါ”ဟု ပြော ပြီး တရားထိုင်ကြပါစေ။

֍ငါးမိနစ်ပြည့်သောအခါ ချီးကျူးစကား ပြောပေးပါ။

֍ထို့နောက် ဘုရားရှင်ဗောဓိညောင်ပင်အောက်တွင် တရားထိုင်နေသော ပုံတော်ကို ပြသ၍ “ဒီပုံမှာ ဘုရားရှင်ဘာလုပ်နေသလဲ၊ ဘာအတွက် တရားထိုင်တာလို့ ထင်သလဲ” စသည် ဖြင့် မေးပါ။

֍ဆက်လက်၍ အောက်ပါအတိုင်း ရှင်းပြပါ။

“ဘုရားရှင်ဟာ ဒီလိုတရားထိုင်တာကို နှစ်အတော်ကြာ ကျင့်ကြံခဲ့တယ်။ ဘုရားရှင်ဟာ တရားအသိအမြင်ရပြီး ဘုရားဖြစ်ဖို့အတွက် တောထဲမှာ တစ်ပါးတည်း တရားကျင့်ခဲ့တယ်”။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖြစ်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

ရှေ့ပိုင်းဗုဒ္ဓဝင်များနှင့် ချိတ်ဆက်ပြီး အောက်ပါ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ပြောပြပါ။

ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်ဟာ တရားအသိအမြင်ရပြီး ဘုရားဖြစ်ဖို့အတွက် တောထဲမှာ တစ်ပါးတည်း တရားကျင့်တော်မူခဲ့တယ်။ အစပိုင်းမှာ ဆွမ်းခံပြီး ဘုဉ်းပေး (စား) ခဲ့ပေမဲ့ နောက်ပိုင်းမှာ တရားအားထုတ်တာ ပျက်မှာစိုးတဲ့အတွက် တောထဲက သစ်သီးတွေကိုသာ စားပြီး ကျင့်ကြံနေခဲ့တယ်။ နောက်ပိုင်း အစားအသောက် မျှတအောင် မစားဘဲ တရားတွေပဲ ဆက်တိုက်ကျင့်နေတော့ ဘုရားအလောင်းတော်ရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကို ပိန်ချုံးလာခဲ့ တယ်။ အရင်က အသားအရေ ပြည့်ဖြိုးပြီး အလွန်ချောမောလှပခဲ့တဲ့ ဘုရားအလောင်းတော် ဟာ အသားအရေတွေက မည်းခြောက်လာပြီး အရိုးပေါ်အရေတင် ဖြစ်လာခဲ့တယ်။ ဘယ် လောက်ပဲ အပင်ပန်းခံ တရားကျင့်ကျင့်၊ တရားထူး မရခဲ့ဘူး။

နောက်ပိုင်းမှာ အစားအသောက် ပုံမှန်စားသောက်ပြီး တရားကျင့်ခဲ့တယ်။ ဒီလိုနဲ့ ကဆုန်လပြည့်နေ့ကို ရောက်လာတယ်။ အဲဒီနေ့မှာ သုဇာတာ အမည်ရှိတဲ့ သူဌေးသမီး တစ်ယောက်က ရွှေခွက်နဲ့ နို့ဃနာဆွမ်းလာကပ်တယ်။ နို့ဃနာဆွမ်းဘုဉ်းပေးပြီးတဲ့အခါမှာ မြစ် ကမ်းစပ်ကို သွားခဲ့တယ်။ “ငါ ဘုရားဖြစ်မှာ သေချာတယ်ဆိုရင် ဒီရွှေခွက်ဟာ မြစ်အထက်ကို ဆန်တက်ပါစေ”လို့ အဓိဋ္ဌာန်ပြီး ရွှေခွက်ကို မြစ်ထဲမှာ မျှောလိုက်တဲ့အခါ ရွှေခွက်ဟာ ရေဆန် ကို တက်သွားခဲ့ပါတယ်။

ဘုရားအလောင်းဟာ မြစ်ကမ်းကနေ ပြန်လာပြီး ဗောဓိညောင်ပင်အောက်မှာ တရား အားထုတ်နေခဲ့ပါတယ်။ ထိုသို့ တရားအားထုတ်နေစဉ် တရားတွေ တစ်ဆင့်ပြီးတစ်ဆင့် တက် လာပြီး ဘုရားဖြစ်ခါနီး အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားအလောင်း တော် ဘုရားဖြစ်သွားမှာကို စိုးရိမ်တဲ့ မာရ်နတ်မင်းကလည်း လက်နက်မျိုးစုံနဲ့ လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ နေမဝင်မီမှာပင် မာရ်နတ်ကို မေတ္တာဖြင့် အောင်မြင်တော်မူပြီး ဘုရား အလောင်းတော်ဟာ မိုးလင်းခါနီးအချိန်မှာ ရန်အားလုံးကို အနိုင်ယူပြီး ဘုရားရှင်အဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂ဝ။

֍ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ပြောပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

-အစပိုင်းမှာ ဘုရားအလောင်းတော်ဟာ ဘာတွေ စားပြီး တရားအားထုတ်ခဲ့သလဲ။
-နောက်ပိုင်းမှာ ဘုရားအလောင်းတော်ရဲ့ ခန္ဓာကိုယ်ဟာ ဘာကြောင့် ပိန်ချုံးသွားခဲ့လဲ။
-အစာမစားဘဲ တရားကျင့်တဲ့အတွက် ဘာအကျိုးထူး ရခဲ့သလဲ။
-ဘယ်လိုပြန်ပြီး တရားကျင့်ခဲ့သလဲ။
-သုဇာတာသူဌေးသမီးဟာ ဘုရားအလောင်းတော်ကို ဘာလှူဒါန်းခဲ့သလဲ။
-ဘုရားအလောင်းတော် တရားထိုင်ခဲ့တဲ့အပင်က ဘာအပင်လဲ။
-ဘုရားဖြစ်ခါနီးမှာ ဘယ်သူလာရောက် တိုက်ခိုက်ခဲ့သလဲ။ ဘာကြောင့် တိုက်ခိုက် ခဲ့တာလဲ။ အောင်မြင်ခဲ့သလား။ ဘာဖြစ်လို့လဲ။ (မေတ္တာတရားကြောင့် အောင်နိုင်ခဲ့သည်။)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားတော်မူခန်း ကဗျာ၊ ဘုရားအလောင်းမင်းသား ကဗျာ၊ တောထွက်ခန်း ကဗျာနှင့် အောင်ပွဲ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့ပိုင်းက ရွတ်ဆိုခဲ့ဖူးသော ဗုဒ္ဓဝင်ကဗျာများကို ပြန်လည်ရွတ်ဆိုပါ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။ 
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း ။

ဘုရားအလောင်းမင်းသား

ကြင်နာ သနားတတ်တဲ့သူ၊
စိတ်ထားကောင်းမြတ်သူ။
သဘောဖြူကာ လူယဉ်ကျေး၊
သိဒ္ဓတ္ထတဲ့လေး။
ရိုးသားအေးဆေး သူ့ဟန်ပန်၊ 
အတုယူကြရန်။
စံနမူနာ ယူကာပြ၊
ဘုရားအလောင်းရဲ့ ငယ်ဘ၀။

တောထွက်ခန်း

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်း စံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာလူသေ သူတွေ့က၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။ ။

֍ဘုရားဖြစ်တော်မူခြင်း ကဗျာကို ဆက်လက်ရွတ်ဆိုပါ။

အောင်ပွဲ

ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား 
တို့ရဲ့ မြတ်ဘုရား။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖြစ်တော်မူခြင်း ရုပ်ပုံကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ဘုရားအလောင်းဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းငယ်စဉ်ဘဝ ဘုရားအလောင်း တောထွက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်းဟူသော အဖြစ်အပျက်များကို ရေးဆွဲထား သော ရုပ်ပုံကတ်ပြားများကို ရောနှောထားပါ။ ရောထားသော ကတ်ပြားများကို တစ်အုပ် စုလျှင် တစ်စုံစီ ပေးပါ။

֍ဘုရားအလောင်း ဖွားမြင်တော်မူခြင်းမှ ဘုရားဖြစ်တော်မူခြင်းအထိ ဖြစ်စဉ်များကို အစဉ် အလိုက် မှန်ကန်စွာ စီစဉ်ပါစေ။ ဆရာက လှည့်လည်ကြည့်ရှု၍ ကူညီပေးပါ။

֍ထို့နောက် တစ်အုပ်စုစီကို ဖြစ်စဉ်တစ်ခုစီ အလှည့်ကျ ရုပ်ပုံကြည့်၍ ပြောကြပါစေ။