ဘုရားဖြစ်တော်မူခြင်း -ဆရာ

From Wikisource
Jump to navigation Jump to search
339256ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၅) ဘုရားဖြစ်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားဖြစ်တော်မူခြင်းကိုကလေးများ သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖြစ်တော်မူခြင်း ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ယခင်အပတ်က သင်ကြားခဲ့သည့် ဗုဒ္ဓဝင်သင်ခန်းစာများကို အကျဉ်းချုပ် ပြန်လည် ပြောပြပြီး ကလေးများ မှတ်မိခြင်း ရှိ/မရှိ ပြန်လည်မေးမြန်းပါ။

֍ထို့နောက် အောက်ပါ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ပြောပြပါ။

ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းဟာ တရားအသိအမြင်ရပြီး ဘုရားဖြစ်ဖို့ တောထဲမှာ တစ်ပါး တည်း တရားကျင့်တော်မူခဲ့တယ်။ အစပိုင်းမှာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူခဲ့ပေမဲ့ နောက် ပိုင်းမှာ တရားအားထုတ်တာ ပျက်မှာစိုးရိမ်တဲ့အတွက် တောထဲက သစ်သီးတွေကိုသာ စားပြီး ကျင့်ကြံနေခဲ့တယ်။ နောက်ပိုင်း အစားအသောက်မျှတအောင် မစားဘဲ တရားတွေပဲ ဆက်တိုက်ကျင့်နေတော့ ဘုရားအလောင်းရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကို ပိန်ချုံးလာခဲ့ တယ်။ အရင်က အသားအရေ ပြည့်ဖြိုးပြီး အလွန်တင့်တယ်လှပတဲ့ ဘုရားအလောင်းဟာ အသားအရေတွေက မည်းခြောက်လာပြီး အရိုးပေါ်အရေတင် ဖြစ်လာခဲ့တယ်။ ဘယ် လောက်ပဲ အပင်ပန်းခံ တရားကျင့်ကျင့်၊ တရားထူး မရခဲ့ဘူး။ နောက်ပိုင်းမှာတော့ အစား အသောက်ကို ပုံမှန်ပြန်လည်စားသောက်ပြီး ကျင့်တော်မူခဲ့ပါတယ်။ ဒီလိုနဲ့ ကဆုန်လပြည့် နေ့ကို ရောက်လာတယ်။ အဲဒီနေ့မှာ သုဇာတာအမည်ရှိတဲ့ သူဌေးသမီးတစ်ယောက်ဟာ ရွှေခွက်နဲ့ နို့ဃနာဆွမ်းလာကပ်တယ်။ ဘုရားအလောင်းတော်ဟာ နို့ဃနာဆွမ်း ဘုဉ်းပေး ပြီးတဲ့အခါမှာ မြစ်ကမ်းစပ်ကို သွားခဲ့တယ်။ “ဘုရားဖြစ်မည်သေချာလျှင် ဤရွှေခွက်သည် မြစ်အထက်ကို ဆန်တက်ပါစေသတည်း”လို့ အဓိဋ္ဌာန်ပြုပြီး ရွှေခွက်ကို မြစ်ထဲမှာ မျှော လိုက်တဲ့အခါ ရွှေခွက်ဟာ ရေဆန်ကို တက်သွားခဲ့ပါတယ်။

ဘုရားအလောင်းဟာ မြစ်ကမ်းကနေ ပြန်လာပြီး ဗောဓိညောင်ပင်အောက်မှာ တရားထိုင်နေခဲ့တယ်။ တရားအားထုတ်ရင်း တရားအဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် တက် နေပြီး ဘုရားဖြစ်ခါနီးအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားအလောင်း တော် ဘုရားဖြစ်သွားမှာကို စိုးရိမ်တဲ့ မာရ်နတ်မင်းကလည်း လက်နက်မျိုးစုံနဲ့ လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်အမျိုးမျိုးနဲ့ တိုက်ခိုက်ပေမဲ့ မာရ်နတ်ရဲ့ လက်နက်တွေဟာ ဘုရားအလောင်းတော်ရဲ့ တရားအားထုတ်မှုအစွမ်း၊ တန်ခိုးအစွမ်းတွေနဲ့ မေတ္တာအစွမ်း တွေကြောင့် ဘုရားအလောင်းရဲ့ ခြေတော်ရင်းမှာ ပန်းပွင့်လေးတွေ ဖြစ်သွားခဲ့တယ်။ ဘုရားအလောင်းတော်ဟာ မိုးလင်းခါနီးအချိန်မှာ ရန်သူအားလုံးကို မေတ္တာနဲ့အနိုင်ရပြီး ဂေါတမ မြတ်စွာဘုရားရှင်အဖြစ် ရောက်ရှိတော်မူခဲ့တယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂ဝ။

֍ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ပြောပြီးသောအခါ အနှစ်ချုပ် မေးခွန်းများ မေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ အောင်ပွဲ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ချိန် (၁)တွင် သင်ကြားခဲ့သည့် ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ချိတ်ဆက် ပြောပြပြီး အောက်ပါမေးခွန်းများ မေးမြန်း၍ ဆွေးနွေးပါ။

-ဘုရားအလောင်းဟာ တောထဲမှာ ဘယ်လို တရားအားထုတ်ခဲ့သလဲ။
-ဘုရားအလောင်းတော်ရဲ့ အသားအရေက ဘယ်လို ပြောင်းလဲသွားသလဲ။
-ဂေါတမဗုဒ္ဓ ဘုရားဖြစ်တာ ဘယ်နေရာမှာလဲ။
-အစာမစားဘဲ တရားကျင့်တော့ တရားထူးကို ရခဲ့သလား။
-ဘယ်လိုစားပြီး တရားကျင့်မှ ဘုရားဖြစ်ခဲ့သလဲ။ (မျှမျှတတ စားသောက်မှ ဘုရား ဖြစ်သည်ဟူသော အဓိပ္ပာယ်ရောက်အောင် ကူညီပေးရမည်။ သားတို့၊ သမီးတို့ လည်း အစားအသောက်ကို မျှမျှတတ စားသင့်ကြောင်း၊ အစားအသောက်ကို မျှမျှ တတ စားသောက်မှသာ အောင်မြင်မှုရနိုင်မှာ ဖြစ်ကြောင်း ပြောပြသိစေပါ။)

֍ထို့နောက် “အောင်ပွဲ” ကဗျာကို ဟန်အမူအရာဖြင့် ရွတ်ဆိုကြပါစေ။

အောင်ပွဲ

ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား။

စာသင်ချိန် (၃၊ ၄) ။ ။ ၆ဝ မိနစ်

[သတိပြုရန် 1]

သင်ထောက်ကူပစ္စည်း ။ ။ ဗုဒ္ဓဝင်သင်ခန်းစာအားလုံးတွင် အသုံးပြုခဲ့သော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စု ၄-စု ဖွဲ့ပါ။ ဘုရားအလောင်း ဖွားမြင်တော် မူခြင်း၊ ဘုရားအလောင်း ငယ်စဉ်ဘဝ၊ တောထွက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း အဖြစ်အပျက် ၄-ခုကို မဲလိပ်ပြုလုပ်ပြီး မဲနှိုက်ပါစေ။

֍“ဘုရားအလောင်း ဖွားမြင်တော်မူခြင်း” မဲကျသောအုပ်စုကို “ဘုရားအလောင်း ဖွားမြင် တော်မူခြင်း သင်ခန်းစာတွင် အသုံးပြုခဲ့သော ရုပ်ပုံများကို အစီအစဉ်ကျအောင် စီကြ ပါစေ။ ထိုနည်းအတိုင်း အခြား မဲကျသောအုပ်စုများကိုလည်း ဆိုင်ရာဆိုင်ရာ ရုပ်ပုံများ ကို ပေးပြီး အစီအစဉ်ကျအောင် စီကြပါစေ။

֍ပထမဆုံး မှန်မှန်ကန်ကန် စီနိုင်သောအုပ်စုအား လက်ခုပ်ဩဘာပေးပြီး အသိအမှတ် ပြုပေးပါ။

֍ထို့နောက် အုပ်စုအားလုံးမှ ကိုယ်စားလှယ်တစ်ဦးစီ ထွက်စေပြီး မိမိအုပ်စုကျသော အကြောင်းအရာကို အားလုံးကြားအောင် ပြောကြပါစေ။ လိုအပ်ပါက ဆရာက ကူညီ ပြောပြပေးပါ။

֍ထို့နောက် ကလေးများ၏ နားလည်နိုင်စွမ်းကို တိုးတက်စေရန်အတွက် အုပ်စုတစ်စုက အခြားအုပ်စု ၃- စုအား မေးခွန်းတစ်ခုစီ အလှည့်ကျ မေးကြပါစေ။ လိုအပ်ပါက ဆရာက ကူညီပြောပြပေးပါ။

  1. စာသင်ချိန် မိနစ် ၆ဝ ကို ဆက်တိုက်သင်မပေးဘဲ သင့်လျော်သောနေရာတွင် ရပ်နားပြီး နာရီဝက်စီ သင်ကြားရန် ဖြစ်သည်။