ဘုရားဖြစ်တော်မူခြင်း ပဉ္စ (ဆရာ)

From Wikisource
Jump to navigation Jump to search
348342ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁။ ဘုရားဖြစ်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

သင်ခန်းစာခေါင်းစဉ်။ ။ ဘုရားဖြစ်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို သိရှိပြီး စရိယာသုံးပါး၊ ပါရမီဆယ်ပါးနှင့် စွန့်ခြင်းကြီးငါးပါးတို့ကို နားလည်သဘောပေါက်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဖြစ်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ “ဘုရားဖြစ်တော်မူခြင်း”အကြောင်း ရုပ်ပုံများကို တစ်ပုံချင်းစီ ထောက်ပြပြီး အောက်ပါ မေးခွန်းများကို မေး၍ သင်ခန်းစာကို စတင်ပါ။ ကလေးအားလုံးက စဉ်းစားပြီး ဖြေကြပါစေ။

-ဒီရုပ်ပုံတွေကို မြင်ဖူးလား။
-ဘယ်သူတွေလဲ၊ ဘာလုပ်နေကြတာလဲ။
-ဒီပုံတွေကို ဆက်စပ်ပြီး ကြည့်ရင် ဘယ်သူ့အကြောင်းကို ပြောတယ်လို့ ထင်သလဲ။

֍ “အဲဒီပုံတွေက ဘုရားအကြောင်းကို ပြောတာဆိုတော့ ဘုရားအကြောင်းနဲ့ပတ်သက်ပြီး ဘာတွေ သိထားလဲ။ အရင် အတန်းတွေမှာ သင်ခဲ့ရတဲ့ သင်ခန်းစာတွေကိုရော မှတ်မိသေးလား။ မှတ်မိတယ်ဆိုရင် ပြောပြပါ”ဟု ပြော၍ ပြောလိုသော ကလေး ၃/၄-ဦးက ပြောပြပါစေ။ ပြောသော အချက်များထဲတွင် အောက်ပါအချက်များ ပါလာစေရန် ဆရာက ဦးဆောင်ဆွေးနွေးပြီး သင်ပုန်းတွင် မှတ်တမ်းတင်ပါ။

-ဘုရားဆုပန်တော်မူခြင်း
-ဘုရားလောင်းဖွားတော်မူခြင်း
-ဘုရားလောင်းငယ်စဉ်ဘဝ
-ထီးနန်းစည်းစိမ်စံစားတော်မူခြင်း
-တောထွက်တော်မူခြင်း
-ဘုရားဖြစ်တော်မူခြင်း

֍ ထို့နောက် ကလေးများကို အုပ်စု (၆) စုဖွဲ့ပြီး အုပ်စုတစ်စုစီက အထက်ပါအကြောင်းအရာ တစ်ခုစီကို ဆွေးနွေးပြီး တင်ပြကြပါစေ။ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပြီးတိုင်း ကျန်အုပ်စုများက ဖြည့်စွက်စရာများကို ဖြည့်စွက်ပြောပြ ကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

֍ “သားတို့သမီးတို့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲက ဘုရားဖြစ်တော်မူခြင်းအကြောင်းကို နောက်စာသင်ချိန်မှာ ဆက်ပြီးဆွေးနွေးမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဖြစ်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ကလေးများအားလုံး ဖတ်ကြပါစေ။

֍ ပြီးလျှင် ကလေး၃/၄-ဦးခန့်က နားလည်သည့်အတိုင်း ပြောပြကြပါစေ၊

ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး လောကတ္ထစရိယာ (သတ္တဝါများ ချမ်းသာရေးကျင့်စဉ်)၊ ဉာတတ္ထစရိယာ (မိမိ၏ ဆွေမျိုး၊ မိမိ၏ အမျိုးအနွယ် ချမ်းသာရေးကျင့်စဉ်)နှင့် ဗုဒ္ဓတ္ထစရိယာ (သတ္တဝါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော ဘုရားဖြစ်ရေးကျင့်စဉ်)ဟူသော ရည်မှန်းချက်ကြီး သုံးရပ်ကို ဦးထိပ်ပန်ဆင်၍ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါးတို့ကို ဖြည့်ကျင့်တော်မူခဲ့သည်။

ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌ ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်၊ သောကြာ နေ့တွင် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ အသက် ၁၆-နှစ် အရွယ်ရောက်သောအခါ ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး ကပိလဝတ်ထီးနန်းကို ၁၃-နှစ်တိုင်တိုင် စိုးစံတော်မူခဲ့သည်။ အသက် ၂၉-နှစ် အရွယ်ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တွေ့တော်မူပြီး သံဝေဂရကာ တောထွက်တော်မူခဲ့သည်။

တောထွက်တော်မူပြီးနောက် ဘုရားအလောင်းတော်သည် အာဠာရနှင့် ဥဒကဆရာကြီးနှစ်ဦးထံ ချဉ်းကပ်၍ ကျင့်ကြံအားထုတ်ခဲ့ရာ လောကီဈာန်တရားများ ရရှိခဲ့သည်။ သို့သော် ထိုလောကီဈာန်တရားမျှဖြင့် ကျေနပ်မနေဘဲ ဘုရားဖြစ်ရေးအကျင့်ကို ကျင့်ရန် ဆက်လက်ထွက်ခွာလာခဲ့ပြီးနောက် ဒုက္ကရစရိယာအကျင့် (လူသာမန်တို့ ကျင့်နိုင်ခဲသည့် ခက်ခဲပင်ပန်းသောအကျင့်)ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူခဲ့၏။ ထိုအကျင့်သည်လည်း ပင်ပန်းရုံသာဖြစ်ပြီး ဘုရားဖြစ်စေနိုင်သော အကျင့်မှန် မဟုတ်ကြောင်း သိရှိတော်မူခဲ့သည်။ နောက်ဆုံးတွင် မဇ္ဈိမပဋိပဒါ အကျင့်မြတ် (အလယ်အလတ်လမ်းစဉ်)ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သတ္တဝါအားလုံးတို့၏ ကိုးကွယ်အားထားရာ မြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

မှီငြမ်း။ မဟာဗုဒ္ဓဝင်၊ ပထမတွဲ (ပထမပိုင်း)၊ ၃၈-၈၀။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၃၅၁။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်ကို ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်ဒေသမှာ မွေးဖွားခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ထီးနန်းကို ဘယ်လောက်ကြာအောင် စိုးစံခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ဘာကြောင့် တောထွက်ခဲ့တာလဲ။
-ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ဖို့အတွက် ဘယ်လိုကျင့်ကြံ အားထုတ်ခဲ့ရသလဲ။
-ဘယ်နေ့မှာ ဘုရားဖြစ်တော်မူခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ဖို့အတွက် ဘယ်လိုရည်မှန်းချက်တွေကို ချမှတ်ခဲ့သလဲ။
-အဲဒီ ရည်မှန်းချက်အတိုင်း ရရှိအောင် ဘာတွေကို ဖြည့်ကျင့်ခဲ့ရလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ပါရမီဆယ်ပါးနှင့် စွန့်ခြင်းကြီးငါးပါး ရေးသားထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါးတို့ကို ဖြည့်ကျင့်ခဲ့တဲ့အကြောင်း စတုတ္ထတန်းမှာ လေ့လာခဲ့ကြပြီးပြီ။ မှတ်မိတဲ့သူ ပြန်ပြောပြပါ”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ ပြည့်စုံစွာ မဖြေနိုင်လျှင် ဆရာက ဖြည့်စွက်ပေးပါ။ ကလေးများ ပြောပြီးလျှင် ဆရာက ကြိုတင်ရေးထားသော ပါရမီ ဆယ်ပါးနှင့် စွန့်ခြင်းကြီးငါးပါး စာရွက်ကြီးကို သင်ပုန်းတွင် ကပ်ပါ။

ပါရမီ ဆယ်ပါး

၁။ ဒါနပါရမီ (အလှူဒါနပြုခြင်း)
၂။ သီလပါရမီ (ကိုယ်ကျင့်သီလဆောက်တည်ခြင်း)
၃။ နေက္ခမ္မပါရမီ (တောထွက်ခြင်း)
၄။ ပညာပါရမီ (အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်း)
၅။ ဝီရိယပါရမီ (ကြိုးစားအားထုတ်ခြင်း)
၆။ ခန္တီပါရမီ (သည်းခံခွင့်လွှတ်ခြင်း)
၇။ သစ္စာပါရမီ (မှန်ကန်စွာပြောဆိုခြင်း)
၈။ အဓိဋ္ဌာန်ပါရမီ (အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ခြင်း)
၉။ မေတ္တာပါရမီ (ချစ်ခင်ကြင်နာစိတ်ရှိခြင်း)
၁၀။ ဥပေက္ခာပါရမီ (မချစ်မမုန်းဘဲ အသင့်အတင့်သဘောထားခြင်း)

စွန့်ခြင်းကြီး ငါးပါး

၁။ တိုင်းပြည်နိုင်ငံ၊ ထီးနန်းစည်းစိမ် ဥစ္စာပစ္စည်းများကို စွန့်လွှတ်ခြင်း။
၂။ သားသမီးတို့ကို စွန့်လွှတ်ခြင်း။
၃။ ဇနီးမယားကို စွန့်လွှတ်ခြင်း။
၄။ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်လွှတ်ခြင်း။
၅။ မိမိအသက်ကိုပင် စွန့်လွှတ်ခြင်း။

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းများကို မေးပါ။

-စရိယာသုံးပါးက ဘာတွေလဲ။ (ကလေးများဖြေပြီးလျှင် စရိယာသုံးပါးကို သင်ပုန်းတွင် ရေးပါ။)
-လောကတ္ထစရိယာဆိုတာ ဘာလဲ။
-ဉာတတ္ထစရိယာဆိုတာ ဘာလဲ။
-ဗုဒ္ဓတ္ထစရိယာဆိုတာ ဘာလဲ။

֍ “အဲဒီစရိယာသုံးပါးဟာ ဘုရားအလောင်းတော်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ်။ ဘုရားအလောင်းတော်ဟာ အဲဒီ ရည်မှန်းချက်တွေ ပြည့်ဝဖို့ ပါရမီဆယ်ပါးနဲ့ စွန့်ခြင်းကြီးငါးပါးတို့ကို လက်တွေ့ဖြည့်ကျင့်ခဲ့တယ်”ဟု ပြော၍ စာသင် ချိန်(၄) ကို ဆက်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ

သင်ယူမှုလုပ်ငန်းစဉ်

֍ “မြတ်စွာဘုရား ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါး၊ စရိယာ သုံးပါးအကြောင်းကို သိခဲ့ရပြီးပြီ၊ ဒီတော့ သားတို့သမီးတို့က မြတ်စွာဘုရားကို အားကျပြီး ဘယ်အချက်တွေကို လိုက်လုပ်နိုင်မလဲဆိုတာ ဆွေးနွေးကြရ အောင်”ဟု ပြော၍ အောက်ပါမေးခွန်းများကို မေး၍ အဖြေများကို မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-ပါရမီ ဆယ်ပါးထဲက ဘယ်အချက်တွေကို လုပ်နိုင်သလဲ။ ဘယ်လို လုပ်မလဲ။
-စွန့်ခြင်းကြီး ငါးပါးထဲက ဘယ်အချက်တွေကို လုပ်နိုင်သလဲ။ ဘယ်လို လုပ်မလဲ။
-စရိယာ သုံးပါးထဲက ဘယ်အချက်တွေကို လုပ်နိုင်သလဲ။ ဘယ်လို လုပ်မလဲ။

֍ ပြီးနောက် ကလေးတစ်ဦးစီက အလှည့်ကျ ပြန်လည်ပြောပြပါစေ။

֍ ကလေးများပြောသော အကြောင်းအရာများကို ဆရာက မှတ်သားထားပြီး “သားတို့သမီးတို့ ... အခုပြောသွားတဲ့ အချက်တွေကို လက်တွေ့ဘဝမှာ တကယ်လုပ်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။