သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂။ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း(ကျောင်းသားကိုင်သို့)
348343ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂။ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

သင်ခန်းစာခေါင်းစဉ်။ ။ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ ဘုရားရှင် သာသနာပြုခြင်းအကြောင်းကို သိရှိပြီး ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာသုံးရပ်အကြောင်းကို နားလည်သဘောပေါက်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သာသနာပြု စေလွှတ်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့... ဘုရားအလောင်းတော်ဟာ ဘာကြောင့် ဘုရားဖြစ်အောင် ကြိုးစားခဲ့တာလဲ။ ဘယ်သူတွေအတွက် အဲဒီလို ကြိုးစားခဲ့တာလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

(လောကတ္ထစရိယာ၊ ဉာတတ္ထစရိယာ၊ ဗုဒ္ဓတ္ထစရိယာစသော စကားလုံးများ၏ အဓိပ္ပာယ်နှင့် ချိတ်ဆက် ဆွေးနွေးပေးပါ)

֍ ပြီးလျှင် ဆရာက အောက်ပါမေးခွန်းကို ဆက်၍မေးပြီး ကလေးများဖြေဆိုသော အချက်များကို သင်ပုန်းတွင် မှတ် တမ်းတင်ပေးပါ။

မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးစ အချိန်မှာ ဘာတွေလုပ်ဆောင်ခဲ့သလဲ။

֍ “မြတ်စွာဘုရား သာသနာပြုလုပ်ငန်းတွေ လုပ်တဲ့အခါ သားတို့သမီးတို့ပြောသွားတဲ့ အချက်တွေ ပါ၊ မပါ နောက် စာသင်ချိန်မှာ လေ့လာကြည့်ကြမယ်၊ အခု အဲဒီစာသင်ချိန်ကို မသွားခင် စကားလုံးတွေကို အရင်လေ့လာကြည့်ရ အောင်”ဟု ပြော၍ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်းတွင် ပါဝင်သည့် ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ၊ ပဉ္စဝဂ္ဂီ၊ မိဂဒါဝုန်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ကပ္ပါသိက၊ ဘဒ္ဒဝဂ္ဂီ၊ ပြည့်တန်ဆာမ စသည့် စကားလုံးများကို သင်ပုန်းတွင် ဆရာက ရေးပြထားပါ။ (ထိုစကားလုံးများကို ကလေးများ မဖတ်တတ်လျှင် ဆရာက ဖတ်ပြပါ။)

ဥပမာ-ဘဒ္ဒိယ - ဘတ်ဒိယ
အဿဇိ - အတ်သဇိ
ပဉ္စဝဂ္ဂီ - ပင်စဝက်ဂီ
ကပ္ပါသိက - ကပ်ပါသိက
ဘဒ္ဒဝဂ္ဂီ - ဘတ်ဒဝက်ဂီ

֍ “အခုဖတ်ကြည့်ခဲ့တဲ့ စကားလုံးတွေ၊ အကြောင်းအရာတွေကို နောက်စာသင်ချိန်မှာ ဆက်ပြီးဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း အကြောင်းနှင့် သရုပ်ဖော်ပုံများ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း အကြောင်းအရာကို ဖတ်ကြပါစေ။

သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း

ဘုရားဖြစ်တော်မူပြီး ၄၉-ရက် ကြာသောအခါ ဘုရားရှင်သည် တရားဦးဒေသနာတော်ကို ဟောတော်မူရန် ဆုံးဖြတ်တော်မူသည်။ ထိုအခါ တရားကို လျင်မြန်စွာသိနိုင်မည့် အာဠာရနှင့်ဥဒက ဆရာဟောင်းကြီး နှစ်ဦးကို ရှေးဦးစွာ သတိရတော်မူသည်။ သို့သော်ဆရာကြီး အာဠာရသည် လွန်ခဲ့သော ခုနစ်ရက်က၊ ဆရာကြီးဥဒကသည် လွန်ခဲ့သော ညက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းကို ဉာဏ်တော်ဖြင့် သိတော်မူသည်။ ထို့ကြောင့် ဒုက္ကရစရိယာကျင့်စဉ်အခါက မိမိအား လုပ်ကျွေးပြုစုခဲ့ကြသည့် ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိဟူသော ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဟောတော်မူ ရန် မိဂဒါဝုန်တောသို့ ကြွတော်မူ၏။

မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ကို ဟောတော်မူသည်။ အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူအပြီးတွင် ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။ ထို့နောက် ယသသူဌေးသားနှင့်သူငယ်ချင်း ၅၄-ယောက်တို့အား တရားဟော ချေချွတ်တော်မူသည်။ ဝါကျွတ်သောအခါ ရဟန္တာ အပါး ၆၀ကို “ရဟန်းတို့ ... အရပ်ဒေသ အသီးသီးသို့ လှည့်လည်၍ အစ, အလယ်, အဆုံး သုံးပါးလုံး ကောင်းမြတ်သည့် အနက်အဓိပ္ပာယ် ပြည့်စုံသော တရားတော်များကို ဟောကြချေ၊ တစ်ကြောင်းတည်းသောခရီးကို နှစ်ပါးမသွားကြ နှင့်” စသည်ဖြင့် မိန့်ကြားကာ အနယ်နယ်အရပ်ရပ်သို့ သာသနာပြု စေလွှတ်တော်မူခဲ့၏။ မြတ်စွာဘုရားရှင်ကိုယ်တော် တိုင်လည်း ရသေ့ညီနောင်သုံးပါးနှင့် နောက်ပါတပည့်ရသေ့တစ်ထောင်တို့ကို ချေချွတ်တော်မူရန် ဥရုဝေလတောသို့ ကြွတော်မူသည်။

မြတ်စွာဘုရားရှင်သည် လမ်းခရီးအကြား၌ ကပ္ပါသိကတောအုပ်ရှိ သစ်ပင်ရင်းတွင် ခေတ္တခဏ သီတင်းသုံးနား နေတော်မူသည်။ ထိုအခါ ဘဒ္ဒဝဂ္ဂီမင်းသားညီနောင် ၃၀တို့သည် ဇနီးမယားကိုယ်စီဖြင့် တောအုပ်ထဲတွင် ပျော်မြူးနေကြ၏။ သူတို့ထဲတွင် မင်းသားတစ်ယောက်သည် ဇနီးမယား မရှိသောကြောင့် ပြည့်တန်ဆာမတစ်ယောက်ကို ငွေပေး၍ ခေါ်လာခဲ့သည်။ မင်းသားတို့သည် အစားအသောက်ကောင်းများနှင့် အရက်တို့ကို အလွန်အကျွံ သောက်စားကာ မူးယစ်ပြီး အိပ်ပျော်နေစဉ် ပြည့်တန်ဆာမသည် ရွှေငွေပစ္စည်းများကို ခိုးယူ၍ ထွက်ပြေးသွားလေသည်။

မင်းသားတို့သည် ပြည့်တန်ဆာမ ထွက်ပြေးသွားကြောင်း သိသောအခါ တောအုပ်အနှံ့ လိုက်လံရှာဖွေကြ၏။ ဤသို့ ရှာဖွေရင်း မင်းသားတို့သည် မြတ်စွာဘုရားရှင် သီတင်းသုံးနေတော်မူသော သစ်ပင်အနီးသို့ ရောက်လာခဲ့ကြပြီး “မိန်းမတစ်ယောက်ကို တွေ့လိုက်ပါသလား”ဟု ဘုရားရှင်အား မေးမြန်း လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “မင်းသားတို့ ... မိန်းမပျောက်ကို ရှာခြင်းနှင့် မိမိကိုယ်ကိုရှာခြင်း ဒီနှစ်မျိုးမှာ ဘယ်ရှာခြင်းက မြတ်တယ်လို့ ထင်သလဲ”ဟု မေးတော်မူလိုက်ရာ “မြတ်စွာဘုရား ... မိမိကိုယ်ကို ရှာခြင်းကသာ မြတ်ပါတယ်ဘုရား”ဟု ပြန်လည် လျှောက်ထားကြသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် တရားတော်ကို ဆက်လက်ဟောတော်မူရာ ညီနောင် ၃၀တို့သည် အရိယာအဖြစ်သို့ ရောက်ရှိသွားကြပြီး မြတ်စွာဘုရားထံတော်၌ ရဟန်းအဖြစ်ကို ခံယူခဲ့ကြလေ၏။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၄၁၁-၅၄၃။

ခက်ဆစ်အဖွင့်

ချေချွတ် = အကျွတ်တရားရအောင် ဟောပြောသည်
ပြည့်တန်ဆာမ = ငွေကြေးယူ၍ အမျိုးသားများနှင့် ပျော်ပါးရသော မိန်းမ

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားရှင်က ဘယ်သူတွေကို ဓမ္မစကြာတရားဦး ဟောခဲ့သလဲ။ ဘယ်ဒေသမှာ ဟောခဲ့သလဲ။
-ဘုရားရှင် သာသနာပြုစေလွှတ်ရာမှာ ရဟန္တာဘယ်နှပါး ကြွရောက်ပြီး သာသနာပြုခဲ့သလဲ။
-ဘုရားရှင်က ကပ္ပါသိကတောအုပ်ထဲမှာ ဘယ်သူတွေကို တရားဟောခဲ့သလဲ။ ဘယ်လို ဟောခဲ့သလဲ။ မင်းသား တွေက ဘယ်လိုပြန်လျှောက်သလဲ။
-မင်းသားတွေ ဘာဖြစ်သွားကြသလဲ။
-သားတို့သမီးတို့ ဖတ်ခဲ့တဲ့အကြောင်းအရာမှာ မြတ်စွာဘုရားရှင်ဟာ အုပ်စုသုံးခုကို တရားဟောတော်မူခဲ့တယ်။ အဲဒီ အုပ်စုသုံးခုက ဘာတွေလဲ။ (ပဉ္စဝဂ္ဂီငါးဦး၊ ယသနှင့် သူငယ်ချင်း ၅၄-ဦး၊ ဘဒ္ဒဝဂ္ဂီမင်းသားညီနောင် ၃၀ ဦး။)
-မြတ်စွာဘုရားရှင်က ဘာကြောင့် သာသနာပြုလုပ်ငန်းတွေကို လုပ်ခဲ့သလဲ။

֍ “နောက်စာသင်ချိန်ကျရင် သာသနာပြုလုပ်ငန်း စတင်တော်မူခြင်း အကြောင်းကို ပြန်ဖတ်ပြီး မေးခွန်းတွေ အပြန် အလှန် မေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့ပါ။

֍ “သားတို့သမီးတို့ မြတ်စွာဘုရားရှင် သာသနာပြုလုပ်ငန်း ဘယ်လို စတင်တော်မူခဲ့တယ်ဆိုတာ သိခဲ့ကြပြီ၊ အခု မေးခွန်းတွေ ဖြေကြည့်ကြရအောင်”ဟု ပြော၍ အောက်ပါမေးခွန်းများကို ဆွေးနွေးကြပါစေ။

-သာသနာပြုတယ်ဆိုတာ ဘာလုပ်တာလဲ။

(မျှော်မှန်းအဖြေ-ဘုရားရှင်၏ တရားတော်များကို သင်ကြားခြင်း၊ တရားဟောခြင်း စသည်ဖြင့် ရဟန္တာများကို စေလွှတ်ပြီး တရားဟောခြင်း၊ သာသနာတော်ပြန့်ပွားအောင် ပြုလုပ်ခြင်း။)

-ဘာကြောင့် သာသနာပြု စေလွှတ်တာလဲ။

(မျှော်မှန်းအဖြေ-အဓိကရည်ရွယ်ချက်က မြတ်စွာဘုရားရဲ့ တရားတော်တွေ ပျံ့ နှံ့စေရန်၊ တရားတော်တွေကို ကျင့်သုံးပြီး ကောင်းကျိုးချမ်းသာ ရရှိစေရန်)

-သာသနာပြု ရဟန္တာတွေက ဘယ်လို သာသနာပြုမယ်လို့ ထင်သလဲ။

(မျှော်မှန်းအဖြေ-ပရိယတ္တိ (စာပေသင်ကြားခြင်း)၊ ပဋိပတ္တိ (တရားတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း)၊ ပဋိဝေဓ (မဂ်ဖိုလ် နိဗ္ဗာန်တရားကို သိကြရခြင်း) နှင့် ဆက်စပ်သည့် လုပ်ငန်းမှန်သမျှသည် သာသနာပြုခြင်း ဖြစ်သည်။)

֍ ဆွေးနွေးရရှိသောအချက်များကို ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

֍ ကလေးများ ပြောသမျှကို ဆရာက ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓ ခေါင်းစဉ်အောက်တွင် အသီးသီး ထည့်သွင်းပါ။ ထို့နောက် သာသနာသုံးရပ် အကြောင်းအကျိုးဆက်စပ်ပုံကို အောက်ဖော်ပြပါ ပုံစံဖြင့် ထပ်မံရှင်းပြပါ။

အကြောင်း - အကျိုး

ပရိယတ္တိ

ပဋိပတ္တိ

ပဋိဝေဓ

(ပရိယတ္တိ၊ ပဋိပတ္တိသာသနာ ဟူသော အကြောင်းလုပ်ငန်းနှစ်ရပ်ကို လုပ်ခြင်းကြောင့် ပဋိဝေဓသာသနာဟူသော အကျိုးကို ရရှိမည်ဟု ချုပ်၍ ရှင်းပြပါ။)

֍ ပြီးလျှင် “ကလေးတို့ ဓမ္မစကူးလ်မှာ တက်ရောက်ပြီး ဘုရားရှင်ရဲ့ အဆုံးအမတွေကို သင်ယူနေတာ၊ လက်တွေ့ လိုက်နာ ကျင့်ကြံခြင်းဟာလည်း သာသနာပြုခြင်းဖြစ်တယ်”ဟု ဆရာက ရှင်းပြပါ။

֍ “နောက်စာသင်ချိန်ကျရင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် ကလေးတို့ကိုယ်တိုင် ဘာတွေ လုပ်ဆောင်ကြ မယ် ဆိုတာကို ဆွေးနွေးကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ စာသင်ချိန်(၃) အတိုင်း အုပ်စုကိုထား၍ အောက်ပါမေးခွန်းကို ဆွေးနွေးပြီး ရရှိသောအချက်များကို စာရွက်လွတ်တွင် ရေးကြပါစေ။

-ဘုရားရှင်ရဲ့ သာသနာပြုလုပ်ငန်းတွေအကြောင်းကို သိခဲ့ရပြီးပြီ၊ ဒီတော့ သားတို့သမီးတို့ အနေနဲ့ရော ဗုဒ္ဓ သာသနာ ထွန်းကား ပြန့်ပွားအောင် ဘာတွေလုပ်ဆောင်သွားကြမလဲ။

֍ ထို့နောက် ကိုယ်စားလှယ်တစ်ဦးစီက အလှည့်ကျတင်ပြပြီး စာရွက်များကို သင်ပုန်းတွင် ကပ်ကြပါစေ။

֍ ကလေးများပြောပြသော အချက်များကို ခြုံငုံသုံးသပ်ပြီး ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“သားတို့သမီးတို့ ... ဗုဒ္ဓသာသနာတော်နဲ့ အခုလိုကြုံတွေ့ပြီး ကိုးကွယ်ခွင့်ရနေကြတာဟာ တကယ်ကို ကံကောင်း ကြတယ်၊ ဒါကြောင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားကြရမယ်၊ ကြိုးစားနိုင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်”