ဘုရားပွဲတော် (ဆရာ)

From Wikisource
Jump to navigation Jump to search
339372ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၉။ ဘုရားပွဲတော် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

ဘုရားပွဲတော်

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို သိရှိပြီး ယဉ်ကျေးစွာ ပါဝင်ဆင်နွှဲ တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားပွဲတော်အကြောင်း၊ ဘုရားပွဲတော်ကျင်းပနေသော သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့၊ သမီးတို့ ဘုရားပွဲရောက်ဖူးလား။
-ဘုရားပွဲဆိုတာ ဘာကိုပြောတာလဲ။
-ဘုရားပွဲကို ဘာကြောင့် ကျင်းပတယ်လို့ ထင်သလဲ။
-ဘယ်သူတွေနဲ့ သွားကြသလဲ။ ဘာလုပ်ကြသလဲ။
-ဘာဖြစ်လို့ ဘုရားတွေကို တည်ထားကြတာလဲ။
-ဘုရားပွဲမှာ ဘာတွေတွေ့ ရသလဲ။
-ဘာတွေဝယ်ကြသလဲ။ ဘာတွေစားကြသလဲ။

֍မေးခွန်းများဖြေပြီးပါက အောက်ပါ ဘုရားပွဲတော် အကြောင်းကို ရုပ်ပုံများပြ၍ အမေး အဖြေပြုလုပ်ပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဘုရားပွဲတော်

မြန်မာနိုင်ငံမှာ စေတီပုထိုးတွေကို နေရာအနှံ့အပြားမှာ တွေ ့နိုင်ပါတယ်။ အဲဒီလို နေရာအနှံ့အပြားမှာ တွေ့ မြင်နိုင်တဲ့အတွက် နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို စေတီပုထိုး ပေါများတဲ့နိုင်ငံလို့ သတ်မှတ်ပြောဆိုကြပါတယ်။ စေတီပုထိုးတွေ အများကြီး တည်ထားရတဲ့ အဓိကအကြောင်းရင်းကတော့ မြတ်စွာဘုရားကို ပြန်ပြီးသတိရကြစေဖို့အတွက် ဘုရားရှင် ကိုယ်စား တည်ထားကိုးကွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ စေတီပုထိုးတွေဟာ အိမ်ထက်ပိုပြီး အေး ချမ်းတိတ်ဆိတ်တဲ့အတွက် ကောင်းမှုကုသိုလ်တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ တရားထိုင်တာတို့၊ ဘုရားရှိခိုးတာတို့၊ တရားစာတွေ ရွတ်ဖတ်ရတာတို့ လုပ်ချင်တယ်ဆိုရင် လည်း အိမ်မှာထက်ပိုပြီး အေးချမ်းတိတ်ဆိတ်မှုရှိတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေဟာ စေတီပုထိုးတွေ တည်ကြတယ်၊ တည်ရှိပြီးတဲ့ စေတီပုထိုးတွေကိုလည်း မပျက်စီး အောင် ထိန်းသိမ်းကြတယ်။ ဒါ့အပြင် ဘုရားပွဲတော်တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြတယ်။

တချို့ ဒေသတွေမှာဆိုရင် မိမိတို့ဒေသရှိ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ စေတီပုထိုးတွေ ကို ပြုပြင်ထိန်းသိမ်းဖို့ရည်ရွယ်ပြီး အလှူငွေရရှိဖို့အတွက် ဘုရားပွဲတော်တွေကို ကျင်းပကြတာ ဖြစ်တယ်။ ဘုရားသမိုင်းကို ပြန်လည်အမှတ်ရပြီး တစ်နှစ်တစ်ခါ ကုသိုလ်ကောင်းမှုတွေ ပြု လုပ်ဖြစ်ကြစေဖို့၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ ကြစေဖို့၊ တစ်မြို့နဲ့တစ်မြို့ ကူးသန်းရောင်းဝယ်ရေးတွေ ဖြစ်ထွန်းဖို့အတွက်လည်း . ဘုရားပွဲတော်တွေကို ကျင်းပကြပါ တယ်။ ဒါ့အပြင် ဘုရားပွဲတော်ကျင်းပကြတဲ့ တခြားရည်ရွယ်ချက်တွေလည်း ဒေသအလိုက် အမျိုးမျိုးရှိကြပါတယ်။

ဘုရားပွဲတော်တွေကို ဒေသထွက်ပစ္စည်းအမျိုးမျိုး ရောင်းချတဲ့ဆိုင်ခန်းတွေ၊ ပြပွဲ ပြိုင်ပွဲတွေ စတာတွေနဲ့ စည်စည်ကားကား ပြင်ဆင်ကျင်းပလေ့ရှိကြပါတယ်။ ဘုရားပွဲတော်မှာ ပါဝင်ဆင်နွှဲရင်း ဘုရားရင်ပြင်ပေါ် သွားရောက်ပြီး မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ရည်မှန်း ပြီး ရှိခိုးပူဇော်ခြင်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ ဓမ္မစကြာ၊ ပရိတ်၊ ပဋ္ဌာန်းတရားတော် များ ရွတ်ဖတ်ပူဇော်ခြင်း စတဲ့ ကုသိုလ်ကောင်းမှုတွေလည်း လုပ်ဆောင်နိုင်ကြပါတယ်။ ဒါကြောင့် ဘုရားပွဲတော်ဆိုတာ ပါဝင်ဆင်နွှဲသူတွေအတွက် ပျော်စရာလည်းကောင်းသလို စိတ်ဝင်စားစရာတွေလည်းရှိတဲ့အပြင် စေတီပုထိုးတွေမှာ ကုသိုလ်ကောင်းမှုတွေကိုပါ လုပ် ဆောင်နိုင်တဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ဘုရားပွဲကျင်းပရတဲ့အကြောင်းတွေကို သိသွားကြပြီနော်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပြီး အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့နေတဲ့အရပ်ဒေသ သို့မဟုတ် ရပ်ကွက်တွေမှာ ဘာဘုရားပွဲတွေ ရှိလဲ။
-ဘာတွေလုပ်ကြသလဲ။
-ဘယ်လိုထူးခြားမှုတွေရှိလဲ။
-တခြားဘုရားပွဲတွေကိုရော ရောက်ဖူးလား။ ဘာတွေကွာခြားတယ်လို့ ထင်လဲ။

֍ကလေးများဖြေဆိုပြီးပါက သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုတိုင်းအား ဘုရားပွဲတော်တွင် မိမိတို့ပြုလုပ်ချင်သော အရာများကို အနည်းဆုံး အချက် (၅) ချက်ခန့်ရအောင် စဉ်းစားကြရမည်ဖြစ်ကြောင်း ပြောပြီး အုပ်စုလိုက် စဉ်းစား ကြပါစေ။

֍အုပ်စုအလိုက် စဉ်းစားထားသော အချက် (၅) ချက်ကို စာရွက်ပေါ်တွင် ရေးသားပြီး သင်ပုန်းပေါ်တွင် ကပ်ကြပါစေ။ (သို့မဟုတ်) အုပ်စုကိုယ်စားလှယ်က ပြောပြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားပွဲတော်တွင် ရန်ဖြစ်နေသောပုံ၊ သောက်စားမူးယစ်နေသောပုံ၊ ဝတ်အသင်းများ ရွတ်ဖတ်နေသောပုံ၊ ဘုရားရှိခိုးနေပုံ၊ အဝတ်အစားကို ယဉ်ယဉ်ကျေးကျေး ဝတ်ဆင်ထားပုံနှင့် မလုံ့တလုံဝတ်ဆင်ထားပုံ၊ ဟေးလားဝါးလား လုပ်နေကြပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို သင်ပုန်းပေါ်တွင် ကလေးများ မြင်သာအောင် ပြထားပါ။

֍ထို့နောက် ရုပ်ပုံများတွင် “ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိနဲ့ ပါဝင်ဆင်နွှဲတာက ဘယ်လိုမျိုးလဲ”ဟု မေးကာ အုပ်စုလိုက် ဆွေးနွေးကြပါစေ။

֍စဉ်းစားဆွေးနွေးပြီးသောအခါ အတန်းအလိုက် ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ မေးမြန်းပါ။

֍ထို့နောက် ဘုရားပွဲတော်ဟူသည် ပျော်ပွဲရွှင်ပွဲသက်သက် မဟုတ်ကြောင်း၊ ဘုရားပွဲကို အကြောင်းပြု၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သော ကြောင့် လိမ္မာယဉ်ကျေးစွာ၊ စည်းကမ်းရှိစွာဖြင့် ပါဝင်ဆင်နွှဲသင့်ကြောင်း စသည်ဖြင့် ပြောကြားပေးပြီး အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ တောဘုရားပွဲ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ တောဘုရားပွဲ ကဗျာကို အမူအရာဖြင့် သင်ကြားပေးပါ။

တောဘုရားပွဲ

တစ်နှစ်မှာ တစ်ခါနွဲတဲ့၊
တောဘုရားပွဲ သွားရအောင်။
နွားညီနောင် လှည်းယာဉ်ကျော့၊
ခေါင်းမော့ လည်ထောင်။
လိုက်မှာလား ကိုဖိုးမောင်၊
မမှောင်ခင် အရောက်မောင်း။
တောင်စောင်း ဟိုတစ်ဖက်ဆီက၊
စေတီသာ ပွဲတော်ခင်း။
လှမ်းရင်း ဆုတောင်း။ ။

֍ကဗျာရွတ်ဆိုပြီးလျှင် သင်ခဲ့ပြီးသော သင်ခန်းစာများကို ပြန်လည်အနှစ်ချုပ် ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။