ဆယ့်နှစ်လရာသီပွဲတော်များ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄ဝ။ ဆယ့်နှစ်လရာသီပွဲတော်များ (ကျောင်းသားကိုင်သို့)
339373ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၄ဝ။ ဆယ့်နှစ်လရာသီပွဲတော်များ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄ဝ)

ဆယ့်နှစ်လရာသီပွဲတော်များ

သင်ယူမှုဦးတည်ချက် ။ ။ မြန်မာနိုင်ငံတွင်ကျင်းပလျက်ရှိသော ပွဲတော်များအကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဆယ့်နှစ်လရာသီ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် စတင်ပါ။

-အခု ဆရာတို့နိုင်ငံမှာ လတွေ ဘယ်နှလရှိလဲ။
-အင်္ဂလိပ်လို သိကြလား၊ ပြောပြပါ။
-ဒါဖြင့် မြန်မာလိုရော လတွေ ဘယ်နှလရှိလဲ။

֍“ဆရာတို့မြန်မာနိုင်ငံမှာ မြန်မာလို လပေါင်း ဆယ့်နှစ်လရှိတယ်။ အဲဒီမြန်မာလ နာမည် တွေကို သားတို့၊ သမီးတို့ သိသလောက် ပြောပြပါ”ဟု ထပ်မေးပါ။ (ကလေးများ သိသလောက် ဖြေခွင့်ပေးပါ။)

֍ကလေးများဖြေပြီးပါက “ဟုတ်ပြီ၊ သားတို့၊ သမီးတို့ သိသလောက်ဖြေတဲ့အတွက် အလွန် ကောင်းပါတယ်။ သားတို့၊ သမီးတို့မှတ်မိအောင် မြန်မာဆယ့်နှစ်လရာသီကို ကဗျာလေးနဲ့ ဆိုကြရအောင်ဟု ပြော၍ အောက်ပါကဗျာကို သင်ပေးပါ။

ဆယ့်နှစ်လရာသီ

တန်ခူး ကဆုန် နယုန်လ၊
အဖူး အငုံ အစုံပြ၊
ဝါဆို ဝါခေါင် တော်သလင်း၊
မြစ်နဒီတွင်း သင်ဖြူးခင်း။
သီတင်းကျွတ် တန်ဆောင်မုန်း လနတ်တော်၊
ကောက်ဦးပေါ်လို့ မုန့်ဆန်းလှော်။
ပြာသို တပို့တွဲ လတပေါင်း၊
အားသစ် မာန်သစ် ရွက်သစ်လောင်း။
နှစ်သစ်ကူးလို့ပြောင်း။ ။

֍ကဗျာရွတ်ဆိုပြီးပါက ကဗျာ၏အဓိပ္ပာယ်ကို တစ်ပိုဒ်ချင်းရှင်းပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဆယ့်နှစ်လရာသီ ပွဲတော်များအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ဆယ့်နှစ်လရာသီ ပွဲတော်များအကြောင်းကို ကလေးများစိတ်ဝင်စားအောင် ပြောပါ။

ဆယ့်နှစ်လရာသီ ပွဲတော်များ

မြန်မာပြက္ခဒိန်တွင် တန်ခူးလ၊ ကဆုန်လ၊ နယုန်လ၊ ဝါဆိုလ၊ ဝါခေါင်လ၊ တော် သလင်းလ၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလ၊ နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလ၊ တပေါင်းလ ဆိုပြီး (၁၂) လ ရှိသလို လအလိုက်ပွဲတော်တွေလည်း (၁၂) မျိုး ရှိပါတယ်။

မြန်မာ (၁၂) လနှင့် ပွဲတော်များ

၁။ တန်ခူးလ - သင်္ကြန်ပွဲ
၂။ ကဆုန်လ - ညောင်ရေသွန်းပွဲ
၃။ နယုန်လ - စာတော်ပြန်ပွဲ
၄။ ဝါဆိုလ - ဝါဆိုပွဲ
၅။ ဝါခေါင်လ - စာရေးတံမဲပွဲ
၆။ တော်သလင်းလ - လှေပြိုင်ပွဲ
၇။ သီတင်းကျွတ်လ - မီးထွန်းပွဲ
၈။ တန်ဆောင်မုန်းလ - ကထိန်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲ
၉။ နတ်တော်လ - စာဆိုတော်ပွဲ
၁၀။ ပြာသိုလ - မြင်းခင်းပွဲ
၁၁။ တပို့တွဲလ - ထမနဲပွဲ
၁၂။ တပေါင်းလ - သဲပုံစေတီပွဲ၊ တပေါင်းပွဲ

မှတ်ချက် ။ ။ မြင်းခင်းပွဲများအစား ယခု နောက်ပိုင်းတွင် လွတ်လပ်ရေးပွဲများ ကျင်းပကြသည်။

֍ဆယ့်နှစ်လရာသီ ပွဲတော်များအကြောင်းကို ရုပ်ပုံများပြ၍ ရှင်းလင်းပြောပေးပါ။ ပြီးလျှင် ကလေးများကို အောက်ပါအတိုင်းမေးပါ။

-သားတို့၊ သမီးတို့က ပွဲတော်တွေအကြောင်း သိသွားပြီဆိုတော့ ဒီပွဲတော်တွေကို ဘာကြောင့်ကျင်းပတယ်လို့ ထင်သလဲ၊ ဘာတွေလုပ်ကြတယ်လို့ ထင်သလဲ။

֍ကလေးများ ဖြေတတ်သလို ဖြေကြပါစေ။ ကလေးများအားလုံး ပါဝင်ကြပါစေ။

֍ပြီးနောက် “ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေကို အပျော် အပါးသာမဟုတ်ဘဲ .. ကုသိုလ်တွေရအောင်၊ အကျိုးရှိအောင် ကျင်းပကြတယ်။ နိုင်ငံ အတွက် စွယ်စုံရပညာရှင်တွေ ပေါ်ထွက်လာဖို့နဲ့ နိုင်ငံစည်ပင်သာယာလာစေဖို့အတွက် လည်း မျှော်လင့်ပြီး ကျင်းပကြတာဖြစ်တယ်။ ဥပမာအနေနဲ့ပြောရရင် သင်္ကြန်ပွဲ၊ ညောင် ရေသွန်းပွဲ၊ ဝါဆိုပွဲ၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ ထမင်းနဲပွဲ စတဲ့ပွဲတော်တွေက မြန်မာဗုဒ္ဓဘာသာတွေအတွက် အရေးပါတဲ့ ပွဲတော်တွေဖြစ်တယ်” စသည်ဖြင့် ပွဲတော်များ ကျင်းပရခြင်း ရည်ရွယ်ချက်များဖြင့် အဆုံးသတ်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဆယ့်နှစ်လရာသီ လအမည်နှင့် ပွဲတော်နာမည်ရေးထားသော ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အုပ်စု (၂) စု ဖွဲ့ပါ။

֍သင်ပုန်းပေါ်တွင် (၁၂) လရာသီ၏ လနာမည်ရေးထားသော ကတ်ပြားများကို အစဉ်လိုက် မဟုတ်ဘဲ မှောက်လျက် ချိတ်ထားပါ။ (ဥပမာ - တန်ခူးလ)

֍ကလေးများရှေ့တွင် (၁၂) လရာသီ၏ ပွဲနာမည်ရေးထားသော ကတ်ပြားများကို ရော၍ ထားပါ။ (ဥပမာ - သင်္ကြန်ပွဲ)

֍ပြီးလျှင် အုပ်စုတစ်စုမှ ကလေးတစ်ယောက်စီကို ရှေ့သို့ထွက်ခိုင်းပါ။

֍ဆရာက သင်ပုန်းပေါ်တွင် မှောက်ထားသောကတ်ပြားများထဲမှ ကတ်ပြားတစ်ခုကို လှန် လိုက်ပါ။

֍ရှေ့ သို့ထွက်နေသော ကလေးနှစ်ယောက်က နာမည်များရေးထားသော ကတ်ပြားများထဲ မှ ဆရာလှန်လိုက်သော ပွဲတော်အမည်ကို ရွေးချယ်ပါ။

ဥပမာ - ဆရာက လှန်လိုက်သော ကတ်ပြားက တန်ခူးလဖြစ်နေလျှင် သင်္ကြန်ပွဲတော် ဟု ရေးထားသော အမည်ကတ်ပြားကို မှန်အောင် ရွေးရမည်။

֍အရင်ဆုံးမှန်အောင် ရွေးနိုင်သောကလေးက အနိုင်ရပါမည်။ ထိုနည်းဖြင့် တန်းစီထား သော ကလေးများအားလုံးကုန်အောင် ရွေးချယ်ကြပါစေ။

֍မြန်မြန်နှင့်မှန်မှန် ရွေးနိုင်သောအုပ်စုကို အနိုင်ပေးပါ။

֍ကလေးအားလုံးပါဝင်ပြီးပါက ပြန်တန်းစီခိုင်း၍ ကဗျာရွတ်ပြိုင်ပွဲ ဆက်၍ပြုလုပ်ပါ။ အသံ ညီညီညာညာဖြင့် ရွတ်ဆိုနိုင်သောအုပ်စုကို အနိုင်ပေးပါ။

֍အားလုံးယှဉ်ပြိုင်ပြီးပါက အနိုင်ရသောအုပ်စုကို လက်ခုပ်တီး၍ ဂုဏ်ပြုပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ပွဲတော် (၅) မျိုး၏ အမည်များရေးထားသော မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဗုဒ္ဓဘာသာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပွဲတော်တွေရှိသလို တိုက်ရိုက်မသက်ဆိုင်တဲ့ ပွဲတော်တွေလည်း ရှိတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပွဲတော်အားလုံးက အရေးပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးနဲ့ အခုထက်ထိ ကျင်းပနေတဲ့ ပွဲတော်တွေက ဘယ်ပွဲတော်တွေဖြစ်မလဲ”ဟု မေးပါ။ (သင်္ကြန်ပွဲ၊ ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ တန်ဆောင်တိုင် မီးထွန်းပွဲ၊ ဝါဆိုပွဲ)

֍ထိုပွဲ (၅) ပွဲ၏ အမည်များကို မဲလိပ်ပြုလုပ်ထားပါ။

֍ကလေးများအား သင့်လျော်သလို အုပ်စု (၅) စု ဖွဲ့ပြီးလျှင် အုပ်စုတိုင်းက မဲလိပ်တစ်လိပ် စီ နှိုက်ကြပါစေ။

֍မဲနှိုက်ပြီးလျှင် မိမိကျရာခေါင်းစဉ်၏ ပွဲတော်အကြောင်းကို အုပ်စုတွင်းတိုင်ပင်ပြီး ပြောပြရ မည်။

ဥပမာ - သင်္ကြန်ပွဲ မဲကျသောအုပ်စုက သင်္ကြန်မှာ ဘာတွေ လုပ်ရတယ်၊ ဘာတွေလုပ် သင့်တယ်၊ မိမိတို့ ဘာတွေလုပ်ကြမယ် စသည်ဖြင့် ပြောပြရမည်။

֍အုပ်စုတစ်စုပြောပြီးတိုင်း လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။