ဘုရားပွဲတော်

From Wikisource
Jump to navigation Jump to search
326954ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၉။ ဘုရားပွဲတော်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

ဘုရားပွဲတော်[edit]

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စေတီပုထိုးများကို တွေ့မြင်ဖူးမြော်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံခြား သားများက မြန်မာနိုင်ငံကို စေတီပုထိုးပေါများသောနိုင်ငံဟု သတ်မှတ်ပြောဆိုကြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် မြတ်စွာဘုရားကို အမြဲသတိရစေရန် ရည်ရွယ်၍ ဘုရားရှင် ကိုယ်စား စေတီပုထိုးများကို တည်ထားကိုးကွယ်ကြခြင်း ဖြစ်ပါသည်။

စေတီပုထိုးများ၌ လူအများ လာရောက်ပြီး တရားထိုင်ခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားစာများ ရွတ်ဖတ် ခြင်း စသော ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည်။ ထိုကောင်းမှုများကို မိမိတို့အိမ်များတွင်လည်း ပြုလုပ်နိုင်ပါသည်။ သို့သော် စေတီပုထိုးများသို့ လာရောက်ပြုလုပ်ခြင်းက ပိုမို၍ တိတ်ဆိတ်အေးချမ်းသဖြင့် ကုသိုလ်ပိုရနိုင်သည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် စေတီ ပုထိုးများကို တည်ထားပြီး ကြာရှည်တည်တံ့ရန်လည်း ထိန်းသိမ်းကြသည်။ ထို့အပြင် ဘုရားပွဲတော်များ ကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည်။

အချို့ဒေသများတွင် သက်တမ်းကြာမြင့်သော စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရန် ရည်ရွယ်ပြီး အလှူငွေရရှိရေးအတွက် ဘုရားပွဲတော်များ ကျင်းပကြသည်။ တစ်နှစ်တစ်ခါ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန်၊ မိသားစုများနှင့် ပြန်လည်တွေ့ဆုံရန်၊ တစ်မြို့နှင့်တစ်မြို့ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေ စေရန်နှင့် ဘုရားသမိုင်းကို အမှတ်ရစေရန် ရည်ရွယ်၍လည်း ဘုရားပွဲတော်များ ကျင်းပကြသည်။ နေရာ ဒေသအလိုက် ဘုရားပွဲတော်ကျင်းပခြင်း၏ အခြားအကြောင်းများလည်း ရှိပါသေးသည်။

ဘုရားပွဲတော်တွင် ဒေသထွက်ပစ္စည်းများရောင်းချသော ဆိုင်ခန်းများ၊ ပြပွဲပြိုင်ပွဲများ စသည်တို့ဖြင့် စည်စည်ကားကား ကျင်းပလေ့ရှိသည်။ ထို့အပြင် ဘုရားပွဲတော်အတွင်း၌ ရင်ပြင်တော်ပေါ်သို့ သွား ရောက်ကာ ဘုရားရှင်၏ ဂုဏ်တော်များကို ပွားများပြီး ဘုရားရှိခိုးခြင်း၊ ပန်း,ဆီမီး, အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ တရားစာများ ရွတ်ဖတ်ပူဇော်ခြင်း စသော ကောင်းမှုကုသိုလ်များလည်း လုပ်ဆောင် နိုင်ကြပါသည်။ ထို့ကြောင့် ဘုရားပွဲတော်များသို့ လာရောက်ကြသူများသည် ကုသိုလ်ရပြီး ပျော်ရွှင်နိုင် သကဲ့သို့ စိတ်ဝင်စားဖွယ် အာရုံအမျိုးမျိုးကိုလည်း ခံစားနိုင်ကြပါသည်။

တောဘုရားပွဲ[edit]

တစ်နှစ်မှာ တစ်ခါနွှဲတဲ့၊
တောဘုရားပွဲ သွားရအောင်။
နွားညီနောင် လှည်းယာဉ်ကျော့၊
ခေါင်းမော့ လည်ထောင်။
လိုက်မှာလား ကိုဖိုးမောင်၊
မမှောင်ခင် အရောက်မောင်း။
တောင်စောင်း ဟိုတစ်ဖက်ဆီက၊
စေတီသာ ပွဲတော်ခင်း၊
လှမ်းရင်း ဆုတောင်း။ ။