ဖနောင်ပင် ထုတ်ပြန်ချက်

From Wikisource
Jump to navigation Jump to search
ဖနောင်ပင် ထုတ်ပြန်ချက်  (2012) 


အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အတည်ပြုရာတွင်ထုတ်ပြန်သော ဖနောင်ပင်ထုတ်ပြန်ချက်

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများဖြစ်ကြသော ကျွန်ုပ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက်အာဆီယံထိပ်သီး အစည်းအဝေး ၌-

လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ မြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် အာဆီယံမှထားရှိသော ကတိကဝတ်တို့ကိုလည်းကောင်း၊ ဒီမိုကရေစီကျင့်စဉ်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သောအစိုးရဖြစ်ရေး စသည်တို့အပါအဝင် အာဆီယံပဋိညာဉ် စာချုပ်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်နှင့် အခြေခံမူများအပေါ်ထားရှိသည့် အာဆီယံ၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြု၍ လည်းကောင်း၊

ကုလသမဂ္ဂပဋိညာဉ်စာတမ်းအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ ဗီယင်နာကြေညာချက်နှင့် လုပ်ငန်းအစီအစဉ်ကိုလည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်ထားသည့် အခြားသောအပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်စာတမ်းများအပြင် သက်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာစာတမ်းများတွင် အာဆီယံနှင့်အဖွဲ့ဝင်နိုင်ငံများ၏ ထားရှိသောကတိကဝတ်ကို ထပ်လောင်းဖော်ပြ၍လည်းကောင်း၊

အာဆီယံလူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အစိုးရချင်းဆိုင်ရာကော်မရှင်သည် အာဆီယံနိုင်ငံများအတွင်း လူမှုဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး၌ အထောက်အကူပြု၍ အာဆီယံပြည်သူများ၏ လူ့ဂုဏ်သိက္ခာနှင့် လူ့ဘဝအရည်အသွေးပြည့်ဝရေး၊ လူမှုဘဝတိုးတက်ရေးနှင့် တရားမျှတရေးအတွက် တဆင့်ခြင်းတိုးတက်အောင် ဖော်ဆောင်သည့် ယန္တရားအဖြစ် လူ့အခွင့်အရေးကာကွယ်ရေးနှင့်စောင့်ရှောက်ရေးအတွက် အဓိကနေရာမှဆောင်ရွက်သည့် အခန်းကဏ္ဍ၏ အရေးပါမှုကို အသိအမှတ်ပြု၍လည်းကောင်း၊

အာဆီယံလူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အစိုးရချင်းဆိုင်ရာကော်မရှင်က အာဆီယံကဏ္ဍများဆိုင်ရာဌာနများနှင့် သက်ဆိုင်ရာပါဝင်သင့်သူများနှင့် ညှိုနှိုင်း၍ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကိုရေးဆွဲခဲ့ခြင်းအား ချီးမွမ်းထောပနာပြု၍လည်းကောင်း၊

အာဆီယံ ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ ပါဝင်သင့်သူများ၏ အာဆီယံအတွင်း လူ့အခွင့်အရေး မြှင့်တင်ကာကွယ်စောင့်ရှောက်ခြင်းအတွက် အဓိပ္ပာယ်ပြည့်ဝသည့် ပံ့ပိုးမှုများကို အသိအမှတ်ပြု၍လည်းကောင်း၊ ၎င်းတို့၏ အာဆီယံလူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အစိုးရချင်းဆိုင်ရာ ကော်မရှင်နှင့် ဆက်လက်ထိတွေ့ဆက်ဆံမှုအား အားပေးအားမြှောက်ပြု၍ လည်းကောင်း၊

ဤနေရာမှ -

(၁) အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုလိုက်သည်။

(၂) ဒေသအတွင်း လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤကြေညာစာတမ်းအား အပြည့်အ၀အကောင်အထည် ဖော်ရေးအတွက် ကျွန်ုပ်တို့ထားရှိသော ကတိကဝတ်အား အတည်ပြုလိုက်သည်။

(၃) လူ့အခွင့်အရေး ကြေညာစာတမ်းအား အကောင်အထည်ဖော်ရာ၌ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဗီယင်နာကြေငြာစာတမ်းနှင့် လုပ်ငန်းအစီအစဉ်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပါဝင်ထား သည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများနှင့် အခြားသက်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံကြေငြာ စာတမ်းနှင့် စာချုပ်စာတမ်းများ အပေါ် ကျွန်ုပ်တို့၏ ထားရှိသောကတိကဝတ်နှင့်အညီ ဆောင်ရွက်သွားရန် ထပ်လောင်း အတည်ပြုသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အင်္ဂလိပ်ဘာသာ မူရင်းတစ်စောင်တည်းပေါ်တွင် အတည်ပြုသည်။


ဟာဂျီဟာဆန်နယ်ဘိုလ်ကီးယား

ဆူလ်တန်

ဘရူနိုင်းနိုင်ငံ


ဆန်ဒက်အာကာမိုဟာစီနာပါဒိုင်းတက်ဟိုဟွန်ဆင်

ဝန်ကြီးချုပ်

ကမ္ဘောဒီးယားနိုင်ငံ


ဆူစီလိုဘမ်ဟန်း ယူဒိုယူနို

သမ္မတ

အင်ဒိုနီးရှာသမ္မတနိုင်ငံ


သွန်ဆင်းသမာဗောင်

ဝန်ကြီးချုပ်

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ


ဒါတိုဆရီ မိုဟာမက် နာဂျစ် တွန်အဗ္ဗဒူရာဇတ်

ဝန်ကြီးချုပ်

မလေးရှားနိုင်ငံ


ဦးသိန်းစိန်

သမ္မတ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်


ဘီနစ်နို အက်စအကွီနို

သမ္မတ

ဖိလစ်ပိုင်သမ္မတနိုင်ငံ


လီဆင်လွန်း

ဝန်ကြီးချုပ်

စင်ကာပူသမ္မတနိုင်ငံ


ရင်လတ် ရှင်နာဝပ်

ဝန်ကြီးချုပ်

ထိုင်းနိုင်ငံ


ငုယင်တန်ဇွန်း

ဝန်ကြီးချုပ်

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ