ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၄။ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ (ကျောင်းသားကိုင်သို့)
339347ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၄။ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄)

ပြုစုလုပ်ကျွေးရေနှင့် အသက်မွေးမှုမင်္ဂလာ

သင်ယူမှုဦးတည်ချက် ။ ။ ပြုစုလုပ်ကျွေးရေနှင့် အသက်မွေးမှုမင်္ဂလာများကို သိရှိစေရန်နှင့် လိုက်နာ ကျင့်သုံးတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မင်္ဂလာကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ကို မင်္ဂလာတရား (၃၈) ပါးရှိတယ်လို့ ပြောခဲ့ပြီးပြီနော်။ အဲဒီ မင်္ဂလာ တရား (၃၈) ပါးထဲက ဘယ်မင်္ဂလာတွေကို သင်ပြီးခဲ့ပြီလဲ။ မှတ်မိသလောက် ပြန်ပြောပြပါလား”။

֍ပြီးနောက် သင်ခဲ့ဖူးသော မင်္ဂလာကဗျာ (၃) ပုဒ်ကို ပြန်လည်ရွတ်ဆိုကြပါစေ။

֍သင်ခဲ့ပြီးသော မင်္ဂလာတရား (၁ဝ) ပါးကို ကလေးများ မှတ်မိအောင် ပြန်ပြောပြပါ။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ(၃) ပါး

၁။ လူမိုက်ကို မပေါင်းသင်းရေး၊
၂။ ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ရေး၊
၃။ ပူဇော်ထိုက်သူကို ပူဇော်ရေး။

နေထိုင်ရေးမင်္ဂလာ (၃) ပါး

၁။ သင့်တော်ကောင်းမွန်တဲ့အရပ်မှာ နေထိုင်ရေး၊
၂။ ရှေးကပြုဖူးတဲ့ ကုသိုလ်ကောင်းမှုရှိရေး၊
၃။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ရေး။

ပညာရေးမင်္ဂလာ (၄) ပါး

၁။ အကြားအမြင် ဗဟုသုတများခြင်း၊
၂။ တတ်သင့်တတ်ထိုက်သော အတတ်ပညာများ တတ်မြောက်ထားခြင်း၊
၃။ ကျင့်ဝတ်တရားများကို လိုက်နာကျင့်သုံးခြင်း၊
၄။ မှန်ကန်ယဉ်ကျေးသောစကားကို ပြောဆိုခြင်း။

֍ထို့နောက် သင်ခဲ့ပြီးသော မင်္ဂလာကဗျာများကို အနှစ်ချုပ် ပြန်လည်ရှင်းပြပေးပြီး ကဗျာ ရွတ်ဆိုရင်း စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ရှေ့ကသင်ခဲ့တဲ့ မင်္ဂလာတရား (၁ဝ) ပါးကိုလည်း ပြန်မှတ်မိပြီဆိုတော့ အခု ပြုစုလုပ် ကျွေးရေးနဲ့ဆိုင်တဲ့ မင်္ဂလာတရား (၃) ပါးကို ထပ်ပြောပြမယ်။ မပြောပြခင် ကဗျာကို အရင်ဆိုကြည့်ရအောင်” စသည်ဖြင့်ပြော၍ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ ကဗျာကို သင်ပေးပါ။

ပြုစုလုပ်ကျွေးရေနှင့် အသက်မွေးမှုမင်္ဂလာ

မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊
မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

֍ကဗျာရွတ်ဆိုပြီးပါက ကဗျာအဓိပ္ပာယ်နှင့် ကဗျာပါအကြောင်းအရာများကို တစ်ပိုဒ်ချင်း ရှင်းပြပါ။

ပြုစုလုပ်ကျွေးရေနှင့် အသက်မွေးမှုမင်္ဂလာ (၃) ပါး

၁။ မိဘများကို ကျေးဇူးဆပ်ရခြင်း (မိဘများကို ပြုစုလုပ်ကျွေးရခြင်း)၊
၂။ သားသမီး၊ ဇနီးမယားတို့ကို လုပ်ကိုင်ကျွေးမွေးရခြင်း၊
၃။ အပြစ်ကင်းသော (မိမိ၊ သူတစ်ပါး မထိခိုက်သော) အလုပ်များကို လုပ်ကိုင်ခြင်း။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မိဘပြုစုသော ဆင်လိမ္မာလေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မိဘပြုစုသော ဆင်လိမ္မာလေး

ဟိုးရှေးရှေးတုန်းက အလွန်လှပတဲ့ တောကြီးတစ်ခုမှာ မျက်မမြင်မိဘနှစ်ပါးကို ကြင် နာစွာ လုပ်ကျွေးပြုစုနေတဲ့ ဆင်ဖြူတော်လေးတစ်စီး ရှိတယ်။ ဆင်ဖြူတော်လေးဟာ နေ့စဉ် မိဘတွေကို ရှာဖွေကျွေးမွေးတဲ့အပြင် စိတ်ချမ်းသာအောင်လည်းထားတယ်။ မိဘရဲ့ ဆိုဆုံးမမှ ကိုလည်း အမြဲနာခံတယ်။ တစ်နေ့မှာ တောလိုက်မုဆိုးတစ်ယောက်က မျက်စိလည် လမ်းမှား ပြီး ငိုနေတာကို ဆင်ဖြူတော်လေး သိသွားတယ်။ ဒါနဲ့ ဆင်ဖြူတော်လေးက မုဆိုးကို သနား သွားပြီး သူ့ကျောပေါ်ကိုတင်ကာ အိမ်ပြန်လမ်းအရောက် လိုက်ပို့ပေးခဲ့တယ်။

ဒါပေမဲ့ ကျေးဇူးကန်းတဲ့မုဆိုးကတော့ အိမ်ပြန်ရောက်တဲ့အချိန်မှာ နန်းတော်ထဲကို သွားပြီး တောထဲမှာ ဆင်ဖြူတော်တစ်စီးကို တွေ့ ခဲ့တဲ့အကြောင်း ဘုရင်ကြီးကို သတင်းပေးခဲ့ တယ်။ ဘုရင်ကြီးကလည်း ဆင်ထိန်းတွေကိုခေါ်ပြီး ဆင်ဖြူတော်လေးကို ဖမ်းခိုင်းလိုက်တယ်။

အဲဒီနောက် ဆင်ဖြူတော်လေးကို နန်းတော်ထဲမှာထားပြီး စားကောင်းသောက်ဖွယ် တွေ ကျွေးမွေးတယ်။ ဒါပေမဲ့ ဆင်ဖြူတော်လေးက စားကောင်းသောက်ဖွယ်တွေကို တဲ့အပြင် မှိုင်တွေနေတယ်။ ဒါကြောင့် ဘုရင်ကြီးက ဆင်ဖြူတော်လေးကို “ဘာဖြစ်လို့ အစာ မစားတာလဲ”လို့ မေးလိုက်တယ်။ အဲဒီအခါမှာ ဆင်ဖြူတော်လေးက “မင်းကြီး၊ ကျွန်ုပ်ဟာ မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးနေရတဲ့သူ ဖြစ်ပါတယ်။ ကျွန်ုပ်မရှိတဲ့အတွက် ကျွန်ုပ်ရဲ့ မိဘနှစ်ပါး ဘယ်လိုများ နေနေကြပါလိမ့်လို့ တွေးမိပြီး အစာမစားနိုင် ဖြစ်နေပါတယ်”လို့ ဘုရင်ကြီးကို ပြန်လည်ဖြေကြားလိုက်တယ်။

ဘုရင်ကြီးလည်း မိဘကို လုပ်ကျွေးနေတဲ့ ဆင်ဖြူတော်လေးကို လေးစားသွားတယ်။ ဒါနဲ့ပဲ မင်းချင်းတွေကို ခေါ်ပြီး ဆင်ဖြူတော်လေးကို တောထဲ ပြန်ပို့ခိုင်းလိုက်တယ်။ ဆင်ဖြူ တော်လေးလည်း ဝမ်းသာအားရစွာ တောထဲကို ပြန်ရောက်သွားပြီး မိဘတွေကို လုပ်ကျွေးပြုစု ရင်း သက်ဆုံးတိုင် ပျော်ရွှင်စွာ နေထိုင်သွားတော့တယ်။

မှီငြမ်း ။ ။ မာတုပေါသကဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊တတိယတွဲ။ ၇၄၂။ ဇာ၊ ဋ္ဌ၊ ၄၊ ၉၁။

֍ဇာတ်လမ်းပြောပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-ဆင်ဖြူတော်လေးက မိဘတို့ကို ဘယ်လိုပြုစုလုပ်ကျွေးသလဲ။
-ဆင်ဖြူတော်လေး နန်းတော်ထဲကို ဘာကြောင့် ရောက်သွားတာလဲ။
-နန်းတော်ထဲမှာ သူပျော်သလား။ ဘာကြောင့်လဲ။
-ဆင်ဖြူတော်လေးက ဘုရင်ကြီးကို ဘယ်လိုရှင်းပြလိုက်သလဲ။
-နောက်ဆုံးမှာ ဆင်ဖြူတော်လေး ဘယ်ကို ပြန်ရောက်သွားလဲ။
-ဆင်ဖြူတော်လေးကို သားတို့၊ သမီးတို့ အနေနဲ့ ဘယ်လိုမြင်သလဲ။
(ဖြေလိုသောသူကို မတ်တတ်ထစေ၍ ဖြေတတ်သလို ဖြေပါစေ။)

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စာရေးရန် စာရွက်ကြီးများနှင့် ဆော့ပင်များ၊ သားသမီးကျင့်ဝတ် ကဗျာ၊

သင်ယူမှုလုပ်ငန်းစဉ်

“သားတို့၊ သမီးတို့ကို ဆင်ဖြူတော်လေးရဲ့ မိဘကျေးဇူးဆပ်တဲ့ဇာတ်လမ်းကို ပြောပြပြီးပြီ နော် စသည်ဖြင့် ပြောကာ စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် အောက်ပါ သားသမီးကျင့်ဝတ် ကဗျာကို ရွတ်ဆိုကြပါစေ။

သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။

֍ရွတ်ဆိုပြီးသောအခါ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ “အခု သားတို့၊ သမီးတို့ ဆိုရင်ရော မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့ ဆပ်ကြမလဲဆိုတာကို စိတ်ထဲမှာရှိတဲ့အတိုင်း ချရေးကြည့်ရအောင်”ဟု ပြောပြီး အုပ်စုဖွဲ့ ဆွေးနွေးကြပါစေ။

֍အုပ်စုတွင်းဆွေးနွေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ယောက်က မိမိတို့အုပ်စု ဆွေးနွေး ထားသည်များကို ပြန်လည်ပြောပြကြပါစေ။

֍ပြီးလျှင် “မြတ်စွာဘုရားတောင်မှ မိဘကျေးဇူးကို ကျေအောင်ဆပ်ခဲ့တယ်။ သားတို့၊ သမီးတို့အနေနဲ့ မိဘစကားနားထောင်တာ၊ မိဘကိုကူညီတာ၊ ကျောင်းမှန်မှန်တက်တာ၊ စာမှန်မှန်ကျက်တာ စတာတွေဟာ မိဘကျေးဇူးကို အခုအချိန်မှာ တတ်နိုင်သလောက် ဆပ်နေကြတာပဲ။ သားတို့၊ သမီးတို့ အရွယ်ရောက်လာတဲ့အခါမှာလည်း တတ်နိုင်တဲ့ဘက် က ကျေးဇူးဆပ်ကြရမယ်။ အဲဒါဆိုရင် မင်္ဂလာရှိတဲ့၊ မင်္ဂလာတရားနဲ့အညီ နေထိုင်တဲ့သူ တွေ ဖြစ်လာကြမှာပဲ” စသည်ဖြင့်ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။