ပညာရေးမင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
339346ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၃။ ပညာရေးမင်္ဂလာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

ပညာရေးမင်္ဂလာ

သင်ယူမှုဦးတည်ချက် ။ ။ ပညာရေးမင်္ဂလာများကို သိရှိစေရန်နှင့် လိုက်နာကျင့်သုံးတတ်စေရန်၊

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မင်္ဂလာကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ကို မင်္ဂလာတရား (၃၈) ပါးရှိတယ်လို့ ပြောခဲ့ပြီးပြီနော်။ အဲဒီ မင်္ဂလာ တရား (၃၈) ပါးထဲက ဘယ်မင်္ဂလာတွေကို သင်ပြီးခဲ့ပြီလဲ။ မှတ်မိသလောက် ပြန်ပြောပြပါ လား”ဟု မေး၍ ကလေးများဖြေပြီးလျှင် သင်ခဲ့ဖူးသော မင်္ဂလာကဗျာ (၂) ပုဒ်ကို ပြန်လည် ရွတ်ဆိုကြပါစေ။

֍သင်ခဲ့ပြီးသော မင်္ဂလာတရား (၆) ပါးကို ကလေးများ မှတ်မိအောင် ပြန်ပြောပြပါ။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ(၃) ပါး

၁။ လူမိုက်ကို မပေါင်းသင်းရေး၊
၂။ ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ရေး၊
၃။ ပူဇော်ထိုက်သူကို ပူဇော်ရေး။

နေထိုင်ရေးမင်္ဂလာ (၃) ပါး

၁။ သင့်တော်ကောင်းမွန်တဲ့အရပ်မှာ နေထိုင်ရေး၊
၂။ ရှေးကပြုဖူးတဲ့ ကုသိုလ်ကောင်းမှုရှိရေး၊
၃။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ရေး၊

֍ထို့နောက် “အခု ဒီတစ်ပတ်မှာ ပညာရေးမင်္ဂလာ(၄)ပါးကို ထပ်ပြောပြမယ်နော်၊ မပြောခင် ကဗျာကို အရင်ဆိုကြည့်ရအောင်”ဟု ပြော၍ ပညာရေးမင်္ဂလာကဗျာကို ရွတ်ဆိုကြပါစေ။

ပညာရေးမင်္ဂလာ

တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊
ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

֍ကဗျာရွတ်ဆိုပြီးပါက ကဗျာအဓိပ္ပာယ်နှင့် ကဗျာပါအကြောင်းအရာများကို တစ်ပိုဒ်ချင်း ရှင်းပြပါ။

ပညာရေးမင်္ဂလာ (၄) ပါး

၁။ အကြားအမြင် ဗဟုသုတများခြင်း၊
၂။ တတ်သင့်တတ်ထိုက်သော အတတ်ပညာများ တတ်မြောက်ထားခြင်း၊
၃။ ကျင့်ဝတ်တရားများကို လိုက်နာကျင့်သုံးခြင်း၊
၄။ မှန်ကန်ယဉ်ကျေးသောစကားကို ပြောဆိုခြင်း။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပညာရှိသမီးငယ် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ” စာပိုဒ်ပါ အတတ်ပညာ ဗဟု သုတများခြင်းအကြောင်းကို ရှင်းပြပါ။

ဥပမာ တတ်ကောင်းတတ်ရာဆိုတာ သားတို့၊ သမီးတို့ဘဝမှာ ငယ်စဉ်ကတည်းက ပညာရှာတတ်ဖို့ပဲ။ အခု သားတို့၊ သမီးတို့ကျောင်းတက်တာ၊ ဓမ္မစကူးလ်တက်တာ အဲဒါ တွေ အကုန်လုံးက သားတို့၊ သမီးတို့ဘဝအတွက်ပဲ။ ကျောင်းနေမှ စာတတ်မယ်၊ စာတတ် မှ စာဖတ်မယ်၊ စာဖတ်မှ ကိုယ့်ဘဝအတွက် ဗဟုသုတတွေကို အများအပြား သိရှိရမယ်။ အဲဒီတော့ ကျောင်းနေတာဟာ မင်္ဂလာတရားနဲ့ ပြည့်စုံနေတာဆိုတော့ သားတို့၊ သမီးတို့ တွေဟာ မင်္ဂလာရှိတဲ့ ကလေးတွေဖြစ်နေကြပြီ။ အမြဲတမ်း မင်္ဂလာရှိတဲ့ကလေးတွေ ဖြစ် အောင် ကျောင်းတက်မပျင်းရဘူး ... စသည်ဖြင့်။

֍“အခု ကလေးတို့ကို စာပေလေ့လာပြီး လူကြီးတွေရဲ့ ဆုံးမစကားကို အမြဲနားထောင်ပြီး ဗဟုသုတတွေ အများကြီးရှိတဲ့အတွက် မိခင်ကို ကျွန်ဘဝကလွတ်အောင် ကယ်လိုက်နိုင် တဲ့ ပညာရှိသမီးငယ် ဇာတ်လမ်းကို ပြောပြမယ်။ သေချာနားထောင်နော်”ဟု ပြော၍ အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ပညာရှိသမီးငယ်

ရှေးအခါက ကုန်သည် (၇) ယောက်ဟာ မိတ်ဆွေဖွဲ့ပြီး အရပ်တကာ လှည့်လည် စီးပွားရှာနေကြတယ်။ ရလာတဲ့ ငွေတွေကို မခွဲဝေသေးဘဲ စုဆောင်းထားကြတာ ငွေငါးရာ အထိ စုမိကြတယ်။ အဲဒီငွေတွေကို တချို့က ခွဲဝေချင်ပေမဲ့ တချို့ ကတော့ မခွဲဝေချင်ကြ သေးဘူး။ ဒါကြောင့် လက်ရှိငွေငါးရာကို သူဆင်းရဲမတစ်ယောက်ထံမှာ အပ်နှံထားပြီး ငွေခုနစ်ရာပြည့်မှ တစ်ယောက်တစ်ရာ ခွဲဝေယူကြဖို့ သဘောတူထားကြတယ်။

အဲဒီလို သဘောတူထားတဲ့အတိုင်း ငွေတွေကို သူဆင်းရဲမတစ်ယောက်ထံမှာ အပ်နှံ ထားပြီး သူတို့ (၇) ယောက်လုံး စုံစုံညီညီလာတောင်းမှ ပေးဖို့ မှာကြားခဲ့ကြတယ်။ အဲဒီနောက် ခရီးဆက်ထွက်ခဲ့ရာ သူဆင်းရဲမရဲ့ အိမ်နဲ့မနီးမဝေး၊ လှမ်းခေါ်ရင် ကြားနိုင်လောက်တဲ့နေရာ အရောက်မှာ ချောင်းတစ်ခုကို တွေ့ ကြတယ်။ ကုန်သည် (၇) ယောက်ဟာ ရေချိုးဖို့ ပြင်ကြ တယ်။ ဒါပေမဲ့ သူတို့မှာ ဆပ်ပြာက ပါမလာခဲ့ကြဘူး။ ဒါကြောင့် အငယ်ဆုံးကုန်သည်ကို သူဆင်းရဲမထံမှာ ဆပ်ပြာသွားတောင်းခိုင်းလိုက်တယ်။

အငယ်ဆုံးကုန်သည်ဟာ မရိုးသားတဲ့သူဖြစ်တာကြောင့် ဆပ်ပြာကိုသာမက ငွေငါးရာ ကိုပါ တောင်းပါတယ်။ သူဆင်းရဲမက “သင်တို့ (၇) ယောက်စုံမှ ပေးပါလို့ ပြောပြီး အပ်ခဲ့တာ မဟုတ်လား။ သင်တစ်ယောက်တည်း လာတာဆိုတော့ မပေးနိုင်ဘူး”လို့ ပြောလိုက်တယ်။ အဲဒီအခါ ကုန်သည်ငယ်ဟာ “သင် မယုံရင် ကုန်သည်တွေကို လှမ်းအော်မေးလိုက်ပါ”လို့ ပြော လိုက်တော့ သူဆင်းရဲမက “မိတ်ဆွေကုန်သည်တို့၊ သင်တို့တောင်းတာ ပေးလိုက်ရမလား”ဟု ဆိုပြီး အော်မေးလိုက်တယ်။ ကုန်သည်တွေကလည်း ဆပ်ပြာကိုမေးတာ ထင်ပြီး “ပေးလိုက် ပါ”လို့ ပြန်အော်ပြောလိုက်ကြတယ်။

အဲဒီအခါ “ကဲ ဘယ်လိုလဲ၊ ကျွန်ုပ်ပြောတာ ယုံပြီမဟုတ်လား၊ အခုချက်ချင်း ငွေငါးရာ ထုတ်ပေးပါ”လို့ ကုန်သည်ငယ်က ပြောတဲ့အခါ သူဆင်းရဲမက ချက်ချင်းထုတ်ပေးလိုက်တယ်။ ကုန်သည်ငယ်ဟာ ငွေငါးရာကို ယူကာ ထွက်ပြေးသွားပါတော့တယ်။ ကုန်သည်ငယ် ပျောက် သွားတဲ့အတွက် ကျန်တဲ့ကုန်သည် (၆) ယောက်ဟာ မသင်္ကာဖြစ်ပြီး သူဆင်းရဲမထံကို သွား မေးကြတယ်။ သူဆင်းရဲမက အကြောင်းစုံကို ပြောပြတဲ့အခါ ကုန်သည်တွေက “ဘာဖြစ်လို့ ပေးလိုက်ရတာလဲ၊ ငါတို့ငွေတွေကို အလျော်ပေးပါ”လို့ ပြောဆိုကြပါတယ်။

သူဆင်းရဲမဟာ ငွေတွေကို အလျော်မပေးနိုင်တဲ့အတွက် ကုန်သည်တွေက ဘုရင်ကို တိုင်ကြားကြတယ်။ ဘုရင်က အသေအချာ စစ်ဆေးမေးမြန်းခြင်းမပြုဘဲ အလျော်ပေးစေပါ တယ်။ သူဆင်းရဲမက အလျော်မပေးနိုင်ကြောင်းပြောတဲ့အခါ ကုန်သည်တွေထံမှာ တစ်လှည့်စီ အလုပ်လုပ်ပေးရန် အမိန့်ချလိုက်တယ်။ အဲဒီအချိန်ကစပြီး သူဆင်းရဲမဟာ ကုန်သည် (၆) ယောက်ဆီမှာ တစ်လှည့်စီ အလုပ်လုပ်ပေးနေရပါတယ်။

သူဆင်းရဲမရဲ့ သမီးလေးကလည်း မိခင်နဲ့အတူ လိုက်ပါနေထိုင်ရင်း ကြီးပြင်းလာရ တယ်။ သမီးလေးက ဆင်းရဲပေမဲ့ လိမ္မာပြီး စာပေကြိုးစားသင်ယူပါတယ်။ ပညာရှိတွေရဲ့ ဆုံးမ စကားတွေကိုလည်း အမြဲနားထောင်လေ့ရှိတယ်။ ဒါကြောင့် အရွယ်ရောက်လာတဲ့အခါ အသိ ဉာဏ်ဗဟုသုတ ပြည့်စုံကြွယ်ဝသူတစ်ယောက် ဖြစ်လာခဲ့တယ်။

သမီးလေးအသက် (၁၈) နှစ်အရွယ်ရောက်တဲ့အခါ အမေဖြစ်သူ မတရားခံနေရတာ ကို သိလာတယ်။ ဒါကြောင့် သူ့အမေကို “အမေ ... သူများတွေမှာ အလုပ်ရှင်တစ်ယောက်ပဲ ရှိတယ်။ အမေ့မှာတော့ အလုပ်ရှင် (၆) ယောက်တောင် ရှိနေတယ်။ အဲဒါ ဘာဖြစ်လို့လဲ”လို့ မေးလိုက်တယ်။ အဲဒီအခါ အမေဖြစ်သူက အကြောင်းစုံကို ပြောပြလိုက်တယ်။ ဗဟုသုတ ကြွယ်ဝတဲ့သမီးလေးဟာ ဘုရင်ထံကိုသွားပြီး သူ့အမေရဲ့ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တယ်။

ဘုရင်လည်း ကုန်သည်တွေကို ပြန်လည်ဆင့်ခေါ်လိုက်တယ်။ ကုန်သည်တွေ ရောက် လာတဲ့အခါ သမီးငယ်လေးဟာ ဘုရင်ထံမှ ငွေငါးရာ ခဏချေးလိုက်တယ်။ အဲဒီငွေထုပ်ကို ကိုင်ပြီး “ကုန်သည်တို့၊ ကျွန်မရဲ့ အမေဟာ သင်တို့ရဲ့ ငွေကို မပေးနိုင်လို့ သင်တို့ထံမှာ အလုပ် လုပ်ပေးနေရတယ်။ အဲဒီငွေပြန်ပေးရင် အမေ့ကို အလုပ်ကနေ နုတ်ထွက်ခွင့်ပေးနိုင်မလား” လို့ မေးလိုက်တယ်။ ကုန်သည်တွေက ခွင့်ပြုနိုင်ကြောင်း ကတိပေးကြတယ်။ အဲဒီအခါ သမီးငယ်က “ဒါဆို အခု ငွေတွေကို ပြန်ပေးပါ့မယ်။ ဒါပေမဲ့ ငွေလာအပ်တဲ့အချိန်က လာအပ် သူ (၇) ယောက် ဖြစ်တယ်။ ဒါကြောင့် (၇) ယောက်ပြည့်အောင် စုပြီးလာမှ ပေးနိုင်မယ်”လို့ ပြောလိုက်တဲ့အခါ ကုန်သည်တွေ အခက်တွေ့ သွားကြတယ်။ ငွေခိုးပြေးသွားတဲ့ ကုန်သည် ငယ်ကို တွေ့ အောင် မရှာနိုင်တဲ့အတွက် အမှုကို အရှုံးပေးလိုက်ရတော့တယ်။

သမီးငယ်လေးဟာ မိခင်ရဲ့ အမှုကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်းပေးလိုက် တဲ့အတွက် အမတ်တွေအားလုံးက ချီးကျူးပြောဆိုကြတယ်။ “ဒီသမီးငယ်ဟာ အကြားအမြင် များတယ်။ တရားအရာ ကျွမ်းကျင်တယ်။ သူ့ကိုတိုင်ပင်ပြီး တိုင်းရေးပြည်ရာစီရင်ရရင် အတော် ကောင်းမှာပဲ”လို့ ပြောဆိုနေကြပါတယ်။ ဘုရင်ကလည်း “ငါ စီရင်ခဲ့တဲ့ အမှုဟာ မှားသွားခဲ့ပါ လား။ ငါ့အမှားကို ပြန်လည်အလျော်ပေးတဲ့အနေနဲ့ ချေးထားတဲ့ ငွေငါးရာကို အပိုင်ယူစေ ဆိုပြီး အမိန့်ချမှတ်လိုက်တယ်။ သမီးငယ်လေးကိုလည်း သူ့ရဲ့ဉာဏ်ပညာ ထက်မြက်မှုကို သဘောကျတဲ့အတွက် မိဖုရားမြှောက်လိုက်ပါတယ်။ ဆင်းဆင်းရဲရဲ .. အသက်မွေးခဲ့ရတဲ့ သူဆင်းရဲသမီးငယ်လေးဟာ ပညာဗဟုသုတ ကြွယ်ဝတဲ့အတွက် မိဖုရားကြီး ဖြစ်သွားပြီး မိခင် နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့ပါတော့တယ်။

မှီငြမ်း ။ ။ ဓမ္မဂန် ဖတ်စာနှင့် ပုရာဏ်ကျမ်း (ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး။ မင်းယုဝေ ၃၈ဖြာ မင်္ဂလာပုံပြင်များ။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

-ကုန်သည် (၇) ယောက်ဟာ သူတို့ငွေတွေကို ဘယ်သူ့ဆီမှာ အပ်နှံကြသလဲ။
-ဘယ်လိုပြောပြီး အပ်နှံကြသလဲ။
-ကုန်သည်ငယ်ဟာ ငွေတွေကို ဘယ်လိုလိမ်ညာပြီး ယူပြေးသွားသလဲ။
-မင်းကြီးက သူဆင်းရဲမကို ဘယ်လို အမိန့်ချမှတ်ခဲ့သလဲ။
-သူဆင်းရဲမ ကျွန်ဘဝကနေ လွတ်မြောက်အောင် ဘယ်သူက ကယ်တင်လိုက်သလဲ။
-သမီးငယ်ဟာ ကျွန်ဘဝက လွတ်မြောက်အောင် ဘယ်လို ကယ်တင်ပေးခဲ့တာလဲ။
-ဘာကြောင့် ကယ်တင်နိုင်တာလဲ။ (ပညာဗဟုသုတကြွယ်ဝလို့)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ပထမအချိန်တုန်းက ဆိုခဲ့တဲ့ကဗျာထဲမှာ ‘အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေး ဖို့ အတတ်သင်လေ' ဆိုတဲ့အပိုဒ်က ဘာဆိုလိုတယ်ဆိုတာ သားတို့၊ သမီးတို့ သိတယ် နော်။ အခု အသက်မွေးဝမ်းကြောင်း အတတ်ပညာတွေနဲ့ ပတ်သက်ပြီး သားတို့၊ သမီးတို့ ဘယ်နှမျိုးလောက် သိသလဲဆိုတာ စဉ်းစားခိုင်းမယ်” စသည်ဖြင့် နိဒါန်းပျိုးပြီး ကလေးများ ကို အုပ်စု (၅) စု ဖွဲ့၍ စာရွက်လွတ်များ ဝေပေးပါ။

֍အုပ်စုအသီးသီးကို အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များကို သိသလောက် စဉ်းစား ပြီး စာရွက်အလွတ်ပေါ်တွင် ချရေးကြပါစေ။

֍အလုပ်အရေအတွက် အများဆုံး စဉ်းစားနိုင်သောအုပ်စုက အနိုင်ရမည်ဖြစ်ကြောင်း ပြောပြထားပါ။

֍ထို့နောက် အလုပ်အမည်များကို တစ်ခုချင်း ဖတ်ပြပြီး အလုပ်မှန်သမျှ တန်ဖိုးရှိသည်သာ ဖြစ်ကြောင်း၊ မည်သည့်အတတ်ပညာ၊ အလုပ်အကိုင်ကိုမျှ အထင်မသေးသင့်ကြောင်း၊ အတတ်ပညာနှင့် အလုပ်အကိုင်အားလုံးသည် မင်္ဂလာရှိကြောင်း စသည်ဖြင့် ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ တပည့်ကျင့်ဝတ်ကဗျာ၊ သားသမီးကျင့်ဝတ်ကဗျာ၊ အလှဆုံးကဗျာနှင့် ပညာရေးမင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ရှေ့စာသင်ချိန်တွေမှာ ပညာရေးမင်္ဂလာ (၄) ပါးထဲက (၂) ပါးကို ရှင်းပြခဲ့တယ်။ အခု နောက်ဆုံး (၂) ပါးအကြောင်း ပြောပြမယ်”ဟု ပြောပြီး စာသင်ချိန်ကို စတင်ပါ။

֍“သားတို့၊ သမီးတို့က အခုဆိုရင် ကျောင်းသားတွေဖြစ်တဲ့အတွက် တပည့်ကျင့်ဝတ်ကို လိုက်နာရမယ်။ နောက်ပြီး သားတွေ၊ သမီးတွေဖြစ်နေတဲ့အတွက်လည်း သားသမီးဝတ်ကို လည်း ကျေပွန်ကြရမယ်။ ကျင့်ဝတ်ကို နောက်တစ်မျိုးနားလည်အောင် ပြောရရင် စည်း ကမ်းပဲ။ အိမ်မှာ အိမ်စည်းကမ်းရှိသလို၊ ကျောင်းမှာလည်း ကျောင်းစည်းကမ်းရှိတယ်၊ အဲဒီ လိုပဲ လမ်းမှာလည်း လမ်းစည်းကမ်းရှိတယ်။ စည်းကမ်းတွေက သူ့နေရာနဲ့သူ ရှိတယ်။ စည်းကမ်းတွေကို သေချာလိုက်နာကျင့်သုံးမှ မင်္ဂလာရှိတဲ့လူတွေ ဖြစ်လိမ့်မယ်” စသည် ဖြင့်ပြောပြီး တပည့်ကျင့်ဝတ်နှင့် သားသမီးကျင့်ဝတ်ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

တပည့်ကျင့်ဝတ်

ညီညာထကြွ၊
ဆုံးမနာယူ၊ လာမူကြိုဆီး၊
ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊
တပည့်ဝတ်၊ မချွတ်ငါးခုသာ။

သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊
ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊
လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

֍ကဗျာတစ်ပုဒ်ရွတ်ဆိုပြီးတိုင်း ကဗျာအဓိပ္ပာယ်ကို ပြန်လည်ရှင်းပြပြီး ကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းသည် မင်္ဂလာရှိကြောင်း ရှင်းပြပါ။

֍ထို့နောက် ပညာရေးမင်္ဂလာ (၄) ပါးအနက် နောက်ဆုံးမင်္ဂလာကို ရှင်းပြပါ။ ပထမတန်းတွင် သင်ခဲ့သော သစ်ခုတ်သမားဇာတ်လမ်း၊ ဒုတိယတန်းတွင် သင်ခဲ့သော ရွှေငါးကြီး ဇာတ်လမ်းနှင့် နန္ဒိဝိသာလဇာတ်လမ်းတို့ကို ပြန်လည်ချိတ်ဆက် ပြောပြပြီး စကားပြောဆို ရာတွင် မှန်မှန်ကန်ကန်၊ ယဉ်ယဉ်ကျေးကျေးနှင့် ချိုချိုသာသာ ပြောဆိုရမည်ဖြစ်ကြောင်း အနှစ်ချုပ်ပေးပါ။

֍ဒုတိယတန်း သင်ခန်းစာ (၃၇) တွင် သင်ပြီးခဲ့သော အောက်ပါကဗျာကို စုပေါင်းရွတ်ဆိုပါ။

အလှဆုံး

စကားပြောဆို ချိုချိုသာ၊
သမီးအလိမ္မာ။
(စကားပြောဆို ချိုချိုသာ၊
သားသား အလိမ္မာ။)
ယဉ်ကျေးသူမှာ မျက်နှာပြုံး၊
သမီး အလှဆုံး။
(ယဉ်ကျေးသူမှာ မျက်နှာပြုံး၊
သားသား အလှဆုံး)။

֍ထို့နောက် ပညာရေးမင်္ဂလာ (၄) ပါးကို အနှစ်ချုပ်ရှင်းပြ၍ ပညာရေးမင်္ဂလာကဗျာကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။