ပညာရေးမင်္ဂလာ

From Wikisource
Jump to navigation Jump to search
326927ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၃။ ပညာရေးမင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

ပညာရေးမင်္ဂလာ[edit]

ပညာရှိသမီးငယ် ရှေးအခါက အရပ်တကာ လှည့်လည်ပြီး စီးပွားရှာနေကြသော ကုန်သည်ခုနစ်ဦး ရှိကြပါသည်။ သူတို့ သည် ရရှိလာသော ငွေငါးရာကို မခွဲသေးဘဲ သူဆင်းရဲမတစ်ဦးထံတွင် အပ်နှံထားသည်။ အပ်နှံထားသော ငွေများကို ခုနစ်ယောက်လုံးစုံမှ ပြန်ပေးရန်လည်း မှာထားကြလေသည်။ ငွေခုနစ်ရာပြည့်မှ တစ်ယောက် တစ်ရာ ခွဲဝေယူရန် သဘောတူထားကြသည်။ ထို့နောက် အိမ်အနီးက ချောင်းထဲတွင် ရေချိုးသွားကြသည်။ ဆပ်ပြာမရှိသဖြင့် အငယ်ဆုံးကုန်သည်ကို ဆပ်ပြာသွားယူရန် သူဆင်းရဲမအိမ်သို့ လွှတ်လိုက်ကြသည်။ အငယ်ဆုံးကုန်သည်သည် မရိုးသားသူဖြစ်သောကြောင့် ငွေငါးရာကို လိမ်လည်လှည့်ဖြားပြီး တစ်ဦးတည်း တောင်းယူသွားလေသည်။

ကုန်သည်ခြောက်ယောက်တို့သည် သူဆင်းရဲမကို မကျေနပ်သဖြင့် ဘုရင့်ထံခေါ်သွားပြီး တရား စွဲလေသည်။ ဘုရင်သည် အသေအချာ စစ်ဆေးမေးမြန်းခြင်း မပြုဘဲ သူဆင်းရဲမကို ကုန်သည်ခြောက်ယောက်အိမ်တွင် တစ်လှည့်စီ အလုပ်လုပ်ပေးရန် အမိန့်ချမှတ်လိုက်သည်။ ထိုအချိန်မှစ၍ သူဆင်းရဲမသည် ကုန်သည်ခြောက်ယောက်အိမ်တွင် တစ်လှည့်စီ အလုပ်လုပ်ပေးနေရလေသည်။

သူဆင်းရဲမတွင် သမီးလေးတစ်ယောက် ရှိပါသည်။ သူဆင်းရဲမ၏ သမီးလေးသည် အချိန်ရှိသမျှ စာပေများကို လေ့လာသည်။ ပညာရှိများ၏ စကားများကိုလည်း အသေအချာ နားထောင်တတ်သည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ အသိဉာဏ်ဗဟုသုတ ပြည့်စုံကြွယ်ဝသော အမျိုးသမီးလေးတစ်ယောက် ဖြစ်လာခဲ့ပါသည်။ တစ်နေ့သောအခါ ကုန်သည်ခြောက်ယောက်၏ အိမ်တွင် အလုပ်လုပ်ပေးနေရခြင်း အကြောင်းကို မိခင်အား မေးမြန်းရာ အဖြစ်မှန်ကို သိသွားခဲ့သည်။ ထို့ကြောင့် ဘုရင့်ထံသွားရောက်ပြီး မိခင်၏အမှုကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသည်။

ဘုရင့်အမိန့်ဖြင့် ကုန်သည်ခြောက်ယောက် ရောက်လာသောအခါ သမီးလေးက “ကုန်သည်တို့ .. သင်တို့၏ငွေများကို ပြန်ပေးမည်၊ သို့သော် သင်တို့ ငွေအပ်ချိန်က ခုနစ်ယောက်ရှိသည်၊ ခုနစ်ယောက် ပြည့်မှ ငွေလာယူပါ”ဟု ဆိုလေသည်။ ကုန်သည်များသည် ခုနစ်ယောက်ပြည့်အောင် မစုနိုင်သဖြင့် အရှုံးပေး ခဲ့ရပါသည်။ ဘုရင်သည် ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသော အမျိုးသမီးလေးကို မိဖုရားကြီးအဖြစ် တင်မြှောက်လိုက်လေသည်။

ပညာရေးမင်္ဂလာ[edit]

တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ။