ပျော်စရာ ဓမ္မစကူးလ် -စ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁။ ပျော်စရာ ဓမ္မစကူးလ်(ကျောင်းသားကိုင်သို့)
348299ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁။ ပျော်စရာ ဓမ္မစကူးလ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

သင်ခန်းစာခေါင်းစဉ်။ ။ ပျော်စရာ ဓမ္မစကူးလ်

သင်ယူမှုဦးတည်ချက်။ ။ ဓမ္မစကူးလ်တွင် လုပ်ဆောင်ကြမည့် လုပ်ငန်းများကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက ကလေးများအားလုံးနှင့် မိမိကိုယ်ကို စတင်မိတ်ဆက်ပါ။

֍ ကလေးအချင်းချင်း မိတ်ဆက်ရန်အတွက် ကလေးအားလုံးကို အုပ်စုနှစ်စုဖွဲ့ပါ။

֍ အုပ်စု (၁) နှင့် အုပ်စု (၂) ရှိ ကလေးအားလုံး မျက်နှာချင်းဆိုင် တန်းစီ၍ ရပ်နေပါစေ။

֍ မျက်နှာချင်းဆိုင်ရှိ ကလေးနှစ်ဦးက အပြန်အလှန်အမည်ပြော၍ မိတ်ဆက်ပြီးနောက် အောက်ပါအတိုင်း ၄င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြပါစေ။

֍ ဓမ္မစကူးလ်တက်ဖူးသော ကလေးများက အောက်ပါအချက်များကို ဆွေးနွေးကြပါစေ။

-ဓမ္မစကူးလ်တက်ဖူးသော အတွေ့အကြုံများ။
-ဓမ္မစကူးလ်တွင် သင်ကြားခဲ့ရသည်များမှ အနှစ်သက်ဆုံး အကြောင်းအရာနှင့် နှစ်သက်ရခြင်း အကြောင်းရင်း။

֍ ဓမ္မစကူးလ်မတက်ဖူးသော ကလေးများက အောက်ပါအချက်များကို ဆွေးနွေးပါစေ။

-အခြားယဉ်ကျေးလိမ္မာသင်တန်းများ တက်ဖူးလျှင် ၄င်းအတွေ့အကြုံများနှင့် အနှစ်သက်ဆုံး အကြောင်းအရာများ။
-ဓမ္မစကူးလ်တွင် သင်ရမည်ထင်သော အကြောင်းအရာများ။

֍ အထက်ပါ အချက်များကို ကလေးနှစ်ဦးစီက အပြန်အလှန် ဆွေးနွေးပြီးလျှင် မိမိတို့ ဆွေးနွေးပြီးသောအချက်များကို အတန်းရှေ့ထွက်၍ ပြောပြကြပါစေ။ (ဆရာက အချိန်ကို ကြည့်၍ သင့်လျော်သော အတွဲ ၃/၄ တွဲခန့်ကိုသာ ပြောပါစေ။)

֍ ထို့နောက် “ဓမ္မစကူးလ်မှာ ဘာတွေ သင်ကြရမယ်။ ဓမ္မစကူးလ်တက်ပြီးရင် ဘယ်လို ယဉ်ကျေးသိမ်မွေ့ကြတယ် ဆိုတာကို နောက်တစ်ချိန်မှာ ဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ယမင်းနှင့် ဓမ္မစကူးလ်မောင်မယ်များ” ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

ယမင်းနှင့် ဓမ္မစကူးလ်မောင်မယ်များ

ဒေါ်လေးမေတို့နဲ့အတူ ဘုရားဖူးထွက်ခဲ့တဲ့ ယမင်းတစ်ယောက် အညာမြို့ လေးတစ်မြို့ ဆီ ရောက်လာခဲ့ပါတယ်။ အရင်ဆုံး မြို့ဦးစေတီတော်ကို သွားရောက်ဖူးမြော်ကြတယ်။ စေတီရင်ပြင်တော်ပေါ် ရောက်ရင်ပဲ ရင်ပြင်တော်တစ်ခုလုံးက သန့်ရှင်းလှပနေတာကို မြင်တွေ့လိုက်ရတော့ ဒေါ်လေးမေရဲ့ မျက်နှာက ဝင်းပသွားပြီး “ဘယ်သူ တွေများ သန့်ရှင်းရေးလုပ်ထား ကြတာပါလိမ့်... လိမ္မာလိုက်ကြတာ”လို့ ပြောနေသံကို ယမင်းလေး ကြားလိုက်ရပါတယ်။ ဘုရားဝတ်ပြုဖို့ ထိုင်လိုက်တာနဲ့ သန့်ရှင်းလန်းဆန်းတဲ့ ဘုရားပန်းရောင်စုံကို မြင်လိုက်ရတော့ ပန်းကြိုက်တဲ့ ယမင်းလည်း ကြည်နူးဝမ်းသာသွားတယ်။

ဘုရားဝတ်ပြုပြီးလို့ စေတီတော်ကို လက်ယာရစ်တစ်ပတ် လှည့်လည်ဖူးမြော်ကြရင်း ရင်ပြင်တော်ပေါ်မှာ တံမြက်စည်းလှည်းနေကြတဲ့ ယောက်ျားလေးတွေ၊ သောက်တော်ရေခွက်တွေ ဆေးနေတဲ့ ယမင်းနဲ့ရွယ်တူ မိန်းကလေးတွေကို တွေ့လိုက်ရတယ်။ ဒေါ်လေးမေက သန့်ရှင်းရေးလုပ်နေကြတဲ့ ကလေးတွေကို မေးကြည့်လိုက်တော့ “သားတို့က ဒီမြို့က ဓမ္မစကူးလ် မောင်မယ်တွေပါ၊ အုပ်စုခွဲပြီး နေ့တိုင်း စေတီတော်မှာ သန့်ရှင်းရေးလုပ်ကြပါတယ်”လို့ ပြန်ဖြေသံကို ကြားလိုက်ရပါတယ်။ အဲဒီအခါ ဒေါ်လေးမေက ကလေးတွေကို ချီးကျူးစကား ပြောလိုက်တယ်။ ယမင်းကတော့ ဓမ္မစကူးလ်မောင်မယ်ဆိုတာကို တစ်ခါမှ မကြားဖူးလို့ အထူးအဆန်းဖြစ်နေပြီး စိတ်ဝင်စားနေမိတယ်။

ဒီမြို့ လေးကို ရောက်တဲ့နေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ဒေါ်လေးမေနဲ့အတူ ယမင်းတို့အားလုံး ရပ်ကွက်ထဲက မီးထွန်းပွဲတွေကို လိုက်ကြည့်ကြတယ်။ ရပ်ကွက်ဓမ္မာရုံတစ်ခုနား ရောက်တော့ စင်မြင့်တစ်ခုဘေးမှာ လူတွေဝိုင်းအုံနေတာ တွေ့လိုက်ရတယ်။ ယမင်းတို့အုပ်စုလည်း အဲဒီစင်ဘက်ကို သွားကြည့်ကြတော့ ကလေးငယ်တွေ ဘုရားအလောင်းတော်ရဲ့ အကြောင်း နောက်ခံစကားပြောပြီး သရုပ်ဆောင်နေကြတာကို အံဩဖွယ်တွေ့လိုက် ရတယ်။ စင်ပေါ်က ကလေးတွေကတော့ အုပ်စုလိုက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပျော်ရွှင်စွာနဲ့ ကျွမ်းကျွမ်းကျင်ကျင် သရုပ်ဖော် နေကြတယ်။

အဲဒီအချိန်မှာပဲ ယမင်းဘေးမှာကြည့်နေတဲ့ ဦးလေးကြီးတစ်ယောက်က “ဓမ္မစကူးလ်မောင်မယ်တွေတော်ကြ တယ်ဟေ့”လို့ အော်ပြီး လက်ခုပ်တီးအားပေးသံကို ကြားလိုက်ရတော့ စင်ပေါ်က လူငယ်လေးတွေဟာ ဓမ္မစကူးလ် မောင်မယ်လေးတွေဆိုတာကို သိလိုက်ရတယ်။ ဒါနဲ့ အဲဒီဦးလေးကြီးကို ယမင်းက “ဘာဖြစ်လို့ သူတို့က မြတ်စွာဘုရားရဲ့အကြောင်းကို သိနေရတာလဲ”လို့ မေးကြည့်လိုက်တော့ “ဓမ္မစကူးလ်မှာက ဗုဒ္ဓဝင်ကို သေသေချာချာ သင်ပေးတယ်။ ဒါကြောင့် သူတို့က မြတ်စွာဘုရားရှင်အကြောင်း ကောင်းကောင်းသိနေကြတာပေါ့”လို့ ပြန်ဖြေပါတယ်။ ယမင်းလည်း စင်ပေါ်က မောင်မယ်လေးတွေကို အားကျစွာငေးကြည့်ပြီး ဒေါ်လေးမေတို့နဲ့အတူ လမ်းတစ် လျှောက် မီးထွန်းအလှဆင်ထားတာတွေကို လှည့်ပတ်ကြည့်ရှုပါတယ်။ လူအုပ်တွေကြားထဲမှာ လျှောက်လာရင်း ယမင်းရဲ့ အသည်းပုံဆွဲကြိုးလေး မရှိတော့တာကို သတိပြုလိုက်မိပြီး ဘေးဘီရှာကြည့်ပေမဲ့ မတွေ့တာနဲ့ ဒေါ်လေးမေကို ဆွဲကြိုးလေး ပျောက်သွားတဲ့အကြောင်း ပြောပြလိုက်ပါတယ်။

ဒေါ်လေးမေတို့အားလုံး ဝိုင်းရှာပေးကြပေမဲ့ ရှာမတွေ့တဲ့အခါမှာတော့ ယမင်းလေး ဝမ်းနည်းပြီး မျက်ရည်တွေ ကျလာပါတယ်။ အဲဒီလို လိုက်ရှာနေတဲ့ အချိန်မှာပဲ အသံချဲ့ စက်ကနေ “ဆွဲကြိုးတစ်ကုံး ကောက်ရထားပါတယ်” ဆိုတဲ့ ကြေညာသံကို ယမင်းတို့အားလုံး ကြားလိုက်ရပါတယ်။ ယမင်းလည်း ကြေညာတဲ့နေရာကို သွားပြီး မေမေ ပေးထားတဲ့ အသည်းပုံဆွဲကြိုးလေးရဲ့ ပုံသဏ္ဌာန်ကို သေသေချာချာ ပြောပြလိုက်တော့ ရပ်ကွက်လူကြီးတွေက ဆွဲကြိုးလေးကို . ပြန်လည်ပေးအပ်ကြပါတယ်။ ယမင်းလည်း ဝမ်းသာအားရနဲ့ ဆွဲကြိုးလေးကို ပြန်ယူလိုက်ပြီး “ဘယ်သူ ကောက်ရတာလဲ”လို့ မေးကြည့်လိုက်တော့ “ဝါဝါ”လို့ ခေါ်တဲ့ ဓမ္မစကူးလ်က စတုတ္ထတန်းကျောင်းသူလေး ဆိုတာကို သိလိုက်ရတယ်။ ယမင်းလေးက ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းမသိ ဖြစ်နေတယ်။ ဒေါ်လေးမေတို့ အားလုံးကတော့ ဝါဝါကို ကျေးဇူးတင်နေကြတယ်။ ပြီးတော့ “အလွန်တော်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးလေးပဲ”လို့ ချီးကျူးပြောဆိုနေကြပါတော့တယ်။

မနက်မိုးလင်းတော့ ယမင်းတို့အားလုံး ဘုရားဖူးခရီးရှေ့ဆက်ဖို့ ပြင်ဆင်သိမ်းဆည်းရင်း အားလုံးအလုပ်များ နေကြပါတယ်။ အဲဒီအချိန်မှာ ဒေါ်လေးမေက ဘေးအိမ်ဘက်ကိုကြည့်ကာ “ကလေးတွေ ယဉ်ကျေးလိုက်ကြတာ” ဆိုပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရွတ်နေတာကိုတွေ့တော့ ယမင်းလည်း “ဒေါ်လေးမေတစ်ယောက်ထဲ ဘာတွေ ပြောနေတာလဲ”လို့ သွားမေးကြည့်ရင်း ဒေါ်လေးမေ ကြည့်ရာဘက် လိုက်ကြည့်လိုက်တော့ ဘေးအိမ်က မောင်နှမ နှစ်ယောက် ဘုန်းဘုန်းတွေကို ဆွမ်းလောင်းနေတာ တွေ့လိုက်ရတယ်။ ဒေါ်လေးမေက “ကြည့်ပါဦး ယမင်းလေးရယ်၊ ဟိုမောင်နှမနှစ်ယောက်က ဘုန်းဘုန်းတွေကို လေးလေးစားစားရိုရိုသေသေ ဆွမ်းလောင်းလှူနေကြတာကို တွေ့လား၊ ဘုန်းဘုန်းတွေကိုလည်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံကြတယ်၊တော်လိုက်ကြတာကွယ်” ဆိုပြီး ပြောပြနေပါတယ်။

ဒါနဲ့ ယမင်းက တစ်ချက်စဉ်းစားလိုက်ပြီး “ဒေါ်လေးမေ...ဒါဆို အဲဒီမောင်နှမ နှစ်ယောက်ကလည်း ဓမ္မစကူးလ် မောင်မယ်တွေပဲလား မသိဘူးနော်”လို့ ပြောလိုက်တော့ “သေချာတာပေါ့ ယမင်းလေးရယ် ... ဒီမြို့ က ကလေးတွေ အားလုံးလိုလို ဓမ္မစကူးလ်တက်ကြတယ်လို့ မနေ့ညက ဓမ္မာရုံလူကြီးတွေ ပြောပြလို့ ဒေါ်လေးမေ သိလိုက်ရတယ်လေ” ဆိုပြီး ဒေါ်လေးမေ ပြောပြနေတာကို နားထောင်ရင်း ယမင်းလည်း ဓမ္မစကူးလ်မောင်မယ်တွေ လို ဓမ္မစကူးလ်ကျောင်း တက်ချင်စိတ်တွေ တဖွားဖွားနဲ့ ဖြစ်ပေါ်နေပါတော့တယ်။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မြို့ဦးစေတီရင်ပြင်ကို ဘယ်သူတွေက သန့်ရှင်းရေး လုပ်ကြသလဲ။
-ရပ်ကွက်ဓမ္မာရုံအနီးက စင်မြင့်ပေါ်မှာ ဓမ္မစကူးလ်မောင်မယ်တွေ ဘာလုပ်နေကြသလဲ။
-ယမင်းရဲ့ ပျောက်သွားတဲ့ ဆွဲကြိုးလေးကို ဘယ်သူကပြန်ပေးသလဲ။ သူက ဘယ်ကျောင်းကလဲ။
-ဒီဇာတ်လမ်းထဲက ဓမ္မစကူးလ်မောင်မယ်တွေ ဘာတွေလုပ်ကြသလဲ။
-ဓမ္မစကူးလ်က ဘာတွေကို သင်ကြားပေးတာလဲ။
-ယမင်းက ဓမ္မစကူးလ်တက်ချင်တယ်လို့ ဘာကြောင့်ပြောတာလဲ။
-ဓမ္မစကူးလ်တက်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဓမ္မစကူးလ်မောင်မယ်တွေအနေနဲ့ ဘယ်လို အမူအကျင့်တွေ ရှိသင့်သလဲ၊ ဘယ်လိုအမူအကျင့်တွေ မရှိသင့်ဘူးလဲ ဆိုတာ အုပ်စုဖွဲ့ စဉ်းစားကြရအောင်”ဟု ပြော၍ သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ အုပ်စုတွင်း ဆွေးနွေးပြီးပါက ကျန်အုပ်စုဝင်များ သိရှိရန် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းရှေ့သို့ ထွက်၍ ပြောပြကြပါစေ။ ကလေးများပြောသောအချက်များကို ဆရာက စာရွက်ကြီးပေါ်တွင် မှတ်တမ်းတင်ထားပါ။

֍ ပထမအုပ်စုက အတန်းရှေ့ထွက်ပြီး တင်ပြနေစဉ် ကျန်အဖွဲ့များက သေသေချာချာ ကြည့်ရှုနားထောင်ကြပါစေ။

֍ ကျန်အုပ်စုဝင်များ၏ သဘောတူညီမှုကို ဆရာကမေးမြန်းပါ။ ဥပမာ “ဒီအချက်ကို အားလုံး သဘောတူကြရဲ့ လား၊ သဘောမတူရင် ဘာကြောင့် သဘောမတူတာလဲ၊ ကျန်အုပ်စုတွေက ထပ်ဖြည့်လိုတဲ့အချက်တွေကို ဆွေးနွေးပြီး ထပ်ဖြည့်ပါ။”

֍ ဆရာအနေဖြင့် လိုအပ်ပြီး အရေးကြီးသည့် အချက်များကျန်ရှိပါက ဖြည့်စွက်ပါ။

֍ ထို့နောက် ကလေးများဆွေးနွေးထားသော အချက်များကို “ဓမ္မစကူးလ်မောင်မယ်များတွင် ရှိသင့်သော အမူအကျင့်များ”ဟု ခေါင်းစဉ်တပ်၍ စာသင်ခန်း၏ မြင်သာသောနေရာတွင် ချိတ်ထားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ ဓမ္မစကူးလ်သွားကြမယ် တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား “ဒီနှစ်ဓမ္မစကူးလ်မှာ ဘာတွေထူးထူးခြားခြား ပြုလုပ်ချင်ကြသလဲ”ဟု မေး၍ စဉ်းစားပြီး အချက် အလက်များကို စာရွက်ပေါ်တွင် ရေးကြပါစေ။

֍ ပြီးနောက် ကလေးတစ်ဦးချင်းစီက ပြောပြပါစေ။ (တစ်ဦးပြောပြီးသားအချက်ကို ကျန်ကလေးများ ထပ်မပြောဘဲ မတူသောအချက်ကိုသာ ပြောကြပါစေ။)

֍ ထို့နောက် ယခုနှစ် တစ်နှစ်လုံးအတွက် ဓမ္မစကူးလ်တွင် လုပ်ဆောင်မည့် အစီအစဉ်များကို ဆရာက အကျဉ်းချုံး ပြောပြပြီးလျှင် “သားတို့သမီးတို့ အခုလို ဓမ္မစကူးလ်မှာတက်ရတာ အလွန်ကို ဂုဏ်ယူဖို့ကောင်းတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဓမ္မစကူးလ်မှာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေကို လေ့လာသင်ယူရတယ်။ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ယဉ်ကျေးစေဖို့လည်း သင်ယူရတယ်။ လူကြီးသူမတွေ၊ ဘုန်းဘုန်း၊ ဆရာလေးတွေနဲ့ တွေ့တဲ့အခါ ပြောဆိုရပုံတွေ၊ ပြုမူဆက်ဆံရတာတွေ၊ ယဉ်ကျေးတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ ဖြစ်လာစေဖို့ သင်ယူ ကြရသလို သားတို့သမီးတို့ကိုယ်တိုင်လည်း လိမ္မာယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်လာကြမယ်” စသည်ဖြင့် ပြောကြားပါ။

֍ နောက်ဆုံးတွင် ဓမ္မစကူးလ်၏ အစနေ့တွင် ရွတ်ဆိုမြဲဖြစ်သော အောက်ပါတေးကဗျာကို ပျော်ပျော်ပါးပါး ရွတ်ဆို ကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

ဓမ္မစကူးလ်သွားကြမယ်

လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ်...
ဘုန်းဘုန်းတွေ့မယ် ... ဆရာလေးတွေ့မယ် ... ကုသိုလ်တွေရမယ် ...
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ်သွားကြမယ်...
ယဉ်ကျေးရမယ် ... သိမ်မွေ့ရမယ် ... ပျော်ရွှင်သွားရမယ် ...
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...
ဆေးရောင်ခြယ်မယ် ... ပုံပြောပြမယ် ... သီချင်းတွေဆိုကြမယ် ...
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...
ယဉ်ကျေးရမယ် ... သိမ်မွေ့ရမယ် ... ပျော်ရွှင်သွားရမယ် ...။ ။