ဘုရားဆု ပန်တော်မူခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂။ ဘုရားဆု ပန်တော်မူခြင်း(ကျောင်းသားကိုင်သို့)
348300ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂။ ဘုရားဆု ပန်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

သင်ခန်းစာခေါင်းစဉ်။ ။ ဘုရားဆု ပန်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ ဘုရားအလောင်း ဘုရားဆုပန်တော်မူခြင်းအကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဆုပန်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဆုပန်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများကို တစ်ပုံပြီးတစ်ပုံ ကြည့်စေပြီး “ဒီလိုရုပ်ပုံမျိုးကို မြင်ဖူးသလား၊ ရုပ်ပုံထဲကလူတွေကို ဘယ်သူတွေလို့ ထင်သလဲ။ ဘာလုပ်နေကြသလဲ။ ဘာကြောင့် အဲဒီလိုလုပ်နေတာလို့ ထင်သလဲ” စသည့် မေးခွန်းများဖြင့် ရုပ်ပုံပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးမေးမြန်းပါ။

֍ အထက်ပါပုံများကို ဆက်စပ်၍ ဘုရားဆုပန်တော်မူခြင်းအကြောင်းကို ကလေး ၃/၄-ဦးခန့်က နားလည်သည့် အတိုင်း ပြောပြကြပါစေ။

֍ ကလေးများပြောပြီးလျှင် အောက်ပါစကားလုံးများကို သင်ပုန်းပေါ်တွင် ရေးပြပါ။ (ခက်ခဲသော စကားလုံးများကို ကလေးများ ဖတ်နိုင်အောင် ဆရာက ကူညီပါ။)

-ပစ္စည်းထိန်း၊ ရသေ့၊ သုမေဓာ၊ ဒီပင်္ကရာ၊ ရမ္မာဝတီ၊ သုမိတ္တာ၊ ဈာန်၊ ဗျာဒိတ်၊ ပါရမီ၊ စွန့်ခြင်းကြီး

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-ဒီစကားလုံးတွေကို ကြားဖူးကြလား။ ဖတ်ပြပါ။
-ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သိသလောက်ပြောပြပါ။

֍ ကလေးများနားလည်သလို ပြောပြီးပါက ဆရာက ဖြည့်စွက်ရှင်းပြပါ။

֍ “နောက်တစ်ချိန်ကျရင် ဒီစကားလုံးတွေပါတဲ့ ဘုရားဆုပန်တော်မူခြင်းအကြောင်းကို သားတို့သမီးတို့ကိုယ်တိုင် ဖတ်ကြရမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ခက်ဆစ်အဖွင့်

ဈာန် = စူးစူးစိုက်စိုက် အထူးမြဲမြံစွာ ရှုခြင်း။
ဗျာဒိတ် = မြတ်စွာဘုရားက နောင်ဖြစ်မည့်အရာနှင့်ပတ်သက်၍ ကြိုတင်မိန့်ကြားသော စကား။
ပါရမီ = မြင့်မြတ်သောသူတို့ ဖြည့်ဆည်းအပ်သော ဒါန၊ သီလ စသော အလုပ်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဆုပန်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဘုရားဆုပန်တော်မူခြင်းအကြောင်းကို ကလေးများအားလုံး အစမှအဆုံးထိ အသံတိတ်ဖတ်ပါစေ။ ထို့နောက် ကလေးအချို့ကို တစ်ယောက်တစ်ပိုဒ်စီ ဖတ်ကြပါစေ။

ဘုရားဆု ပန်တော်မူခြင်း

သတ္တဝါအားလုံးတို့ရဲ့ ကိုးကွယ်အားထားရာ အစစ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မမူခင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အမရဝတီ မင်းနေပြည်တော်မှာ သုပေဓာလို့ခေါ်တဲ့ သူဌေးသားတစ်ဦး ဖြစ်ခဲ့တယ်။ သူဌေးသားဟာ ရုပ်ရည်ချောမောပြီး ကိုယ်ကျင့်သီလလည်းကောင်းတဲ့သူဖြစ်တယ်။ သူငယ်စဉ်ကတည်းက မိဘတွေ ကွယ်လွန်သွားတဲ့အတွက် မိဘမဲ့သူဌေးသားလေးအဖြစ် နေထိုင်ခဲ့ရတယ်။ သူဌေးသားလေး ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာတွေကို ပစ္စည်းထိန်းက ထိန်းသိမ်းပေးထားရတယ်။ သုမေဓာသူဌေးသားလေး ၁၆-နှစ်အရွယ်ရောက်တဲ့အခါ အတတ်ပညာမျိုးစုံကို တတ်မြောက်ကျွမ်းကျင်တယ်။ အဲဒီအခါ ပစ္စည်းထိန်းက သုမေဓာသူဌေးသားလေးကို ပစ္စည်း ဥစ္စာတွေ ပြန်အပ်လိုက်တယ်။

သုမေဓာသူဌေးသားလေးဟာ ပစ္စည်းဥစ္စာတွေကို ကြည့်ပြီး “ငါ့မိဘဘိုးဘွားတွေဟာ ပစ္စည်းဥစ္စာတွေကို ရှာရုံရှာတတ်ပြီး ကိုယ့်နောက်ပါအောင် မလုပ်တတ်ကြဘူး။ ငါကတော့ ကိုယ့်နောက်ပါအောင် ယူသွားရမယ်”လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက် သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဆင်းရဲသားတွေ၊ အကူအညီလိုအပ်သူတွေ၊ မြင့်မြတ်သူတွေကို လှူဒါန်းပြီး ရှင်ရသေ့ပြုလိုက်တယ်။ ရသေ့ဝတ်ပြီး ခုနစ်ရက်အကြာမှာ ဈာန်ရပြီး ကောင်းကင်မှာ လှည့်လည်သွားလာနိုင်တယ်။

အဲဒီအချိန်က ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတဲ့အချိန် ဖြစ်တယ်။ ဒီပင်္ကရာ မြတ်စွာဘုရားဟာ သံဃာ ပေါင်းများစွာ ခြံရံပြီး ရမ္မာဝတီနေပြည်တော်ကို ကြွလာတော်မူခဲ့တယ်။ မြတ်စွာဘုရားရှင် ကြွလာတော်မူမှာ ဖြစ်တဲ့အတွက် မြို့သူမြို့ သားတွေ လမ်းပြင်နေခဲ့ကြတယ်။ သုမေဓာရှင်ရသေ့က ကောင်းကင်မှာ ဈာန်နဲ့သွားနေရင်း မြို့ သူ မြို့သားတွေ လမ်းပြင်နေကြကာကို တွေ့လိုက်ရတယ်။ ဒါကြောင့် မြေပြင်ပေါ်ဆင်းပြီး သွားမေးတဲ့အခါ မြတ်စွာဘုရားရှင် ကြွလာတော်မူမှာဖြစ်တဲ့အတွက် လမ်းပြင်နေကြကြောင်း ပြောပြတယ်။ သူလည်း လမ်းပြင်ပေးလိုကြောင်း ပြောတဲ့အခါ လူတွေက ပြင်ဖို့ခက်တဲ့ ရွှံ့ဗွက်အိုင်နေရာကို ပေးကြတယ်။

သုမေဓာဟာ တန်ခိုးနဲ့ ပြင်လိုက်ရင် အလွယ်တကူ ပြီးနိုင်ပေမဲ့ ကိုယ်တိုင်ပြုလုပ်ချင်တဲ့အတွက် တန်ခိုးကို အသုံးမပြုခဲ့ဘူး။ ဒါကြောင့် ဘုရားရှင်ကြွလာတော်မူတဲ့အချိန်မှာ လမ်းပြင်လို့မပြီးသေးဘဲ ဖြစ်နေခဲ့တယ်။ သုမေဓာ ဟာ အဝေးက ကြွလာတော်မူနေတဲ့ မြတ်စွာဘုရားကို လှမ်းမြင်ရတဲ့အခါ အခုလို မြင့်မြတ်တဲ့ မြတ်စွာဘုရားရှင်ကို ရွှံ့ညွှန် မပေစေရဘူးလို့ တွေးပြီး ခန္ဓာကိုယ်ကို ဝမ်းလျားမှောက်ကာ တံတားသဖွယ် ခင်းလှူခဲ့တယ်။

အဲဒီအချိန် ဘုရားဖူးလာကြတဲ့ လူအုပ်ကြီးထဲမှာ သုမိတ္တာလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးလည်းပါတယ်။ သုမိတ္တာက သုမေဓာရသေ့ရဲ့ ပြုမူပုံကို စိတ်ဝင်စားစွာကြည့်နေရင်း နှစ်သက်ကြည်နူးသွားခဲ့တယ်။ ဒါကြောင့် သူယူဆောင်ခဲ့တဲ့ ကြာပန်းရှစ်ခိုင်ထဲက ငါးခိုင်ကို သုမေဓာရသေ့ကို ပေးလိုက်ပြီး သူက ကျန်တဲ့ကြာပန်းသုံးခိုင်နဲ့ မြတ်စွာဘုရားကို ပူဇော်လိုက်တယ်။ သုမေဓာရသေ့ကလည်း ကြာပန်းငါးခိုင်နဲ့ မြတ်စွာဘုရားကို ပူဇော်လိုက်တယ်။ သုမေဓာရသေ့ဟာ မြတ်စွာဘုရားရှင်ကို ပူဇော်နေရင်း သတ္တဝါများကို ကြီးပွားချမ်းသာအောင် လမ်းညွှန်ဆုံးမနိုင်တဲ့ ဘုရားဖြစ်ဖို့ ဆုပန်ခဲ့တယ်။ ဒီပင်္ကရာမြတ်စွာဘုရားကလည်း “ဤရသေ့သည် နောင်အချိန်တွင် ငါကဲ့သို့ ဘုရား တစ်ဆူ ဖြစ်လိမ့်မည်”လို့ ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး သုမေဓာရသေ့ဟာ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ကြိုးစားဖြည့်ကျင့်တော်မူတဲ့ အပြင် သာမန်လူတို့ စွန့်နိုင်ခဲတဲ့ စွန့်ခြင်းကြီးငါးပါးကိုလည်း စွန့်လှူပြီး သတ္တဝါများစွာကို ကြီးပွားချမ်းသာအောင် လမ်းညွန်ဆုံးမနိုင်တဲ့ မြတ်စွာဘုရားဖြစ်ဖို့ ကြိုးပမ်းအားထုတ်တော်မူခဲ့ပါတယ်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ပထမတွဲ (ပထမပိုင်း)၊ ၃၈-၇၁။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သုမေဓာသူဌေးသားဟာ ကွယ်လွန်သွားတဲ့ သူ့မိဘတွေရဲ့ ပစ္စည်းဥစ္စာတွေကို ကြည့်ပြီး ဘယ်လိုဆုံးဖြတ် လိုက်သလဲ။ ပြီးတော့ ဘာလုပ်သလဲ။
-သုမေဓာရသေ့ကို ဗျာဒိတ်ပေးတော်မူတဲ့ ဘုရားရှင်ရဲ့ ဘွဲ့တော်က ဘယ်လိုခေါ်သလဲ။
-ဒီပင်္ကရာမြတ်စွာဘုရား ကြွတော်မူရာလမ်းမှာ သုမေဓာရှင်ရသေ့က ဘာလုပ်ခဲ့သလဲ။
-သုမေဓာရသေ့ကို ဘယ်သူက ကြာပန်းငါးခိုင် ပေးသလဲ။
-သုမေဓာရသေ့ဟာ ဘာဆုကို ပန်ခဲ့သလဲ။ ဘာကြောင့်လို့ ထင်သလဲ။
-ဒီပင်္ကရာမြတ်စွာဘုရားကရော ဘယ်လို ဗျာဒိတ်ပေးခဲ့သလဲ။
-ဗျာဒိတ်ခံယူပြီးနောက် သုမေဓာရှင်ရသေ့ဟာ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။

֍ ကလေးများဖြေပြီးသောအခါ ပါရမီဆယ်ပါးနှင့် စွန့်ခြင်းကြီးငါးပါးကို နောက်အချိန်များတွင် သိရမည်ဖြစ်ကြောင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ပါရမီဆယ်ပါးကို ရေးသားထားသော ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဒီပင်္ကရာမြတ်စွာဘုရားက သုမေဓာရှင်ရသေ့ကို ဗျာဒိတ်ပေးပြီးနောက်ပိုင်းမှာ ရှင်ရသေ့ဟာ ဘုရားဖြစ်ဖို့ ပါရမီတော်တွေကို ဖြည့်ကျင့်ဆည်းပူးခဲ့တယ်ဆိုတာ သိပြီးပြီနော်။ အဲဒီပါရမီတော်တွေကရော ဘာတွေလဲ သိကြလား” ဟု မေးကာ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများအတွက် ပါရမီဆယ်ပါး ရေးသားထားသော ကတ်ပြားဆယ်ခုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ကတ်ပြား ဆယ်ခုကို ဆရာက ကြိုတင်ရေးထားပါ။ (ကလေးအရေအတွက်အလိုက် ကတ်ပြားများကို စီစဉ်ထားပါ။)

֍ ကလေးများကို အုပ်စု (၂) စုခွဲပါ။

֍ ပထမအုပ်စုမှ ကလေးအားလုံးအား ပါရမီဆယ်ပါးပါဠိလိုရေးထားသော ကတ်ပြားများကို ဝေပေးပါ။ ဒုတိယအုပ်စု မှ ကလေးအားလုံးအား ပါရမီဆယ်ပါး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ရေးထားသော ကတ်ပြားများကို ဝေပေးပါ။

֍ ထို့နောက် ကလေးများက ပါဠိနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တူရာကို ရှာဖွေ၍ နှစ်ယောက်တစ်တွဲ တွဲကြပါစေ။ တွဲပြီးလျှင် အတွဲအားလုံးက မိမိရရှိသော ပါရမီကို အလှည့်ကျ ဖတ်ပြကြပါစေ။

֍ ကလေးများပြောပြပြီးသောအခါ ပါရမီဆယ်ပါးကို အောက်ပါအစီအစဉ်အတိုင်း စီနိုင်အောင် ဆရာက ကူညီပံ့ပိုးပေးပါ။

ပါရမီ ဆယ်ပါး

၁။ ဒါနပါရမီ (အလှူဒါနပြုခြင်း)
၂။ သီလပါရမီ (ကိုယ်ကျင့်သီလ ဆောက်တည်ခြင်း)
၃။ နေက္ခမ္မပါရမီ (တောထွက်ခြင်း)
၄။ ပညာပါရမီ (အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်း)
၅။ ဝီရိယပါရမီ (ကြိုးစားအားထုတ်ခြင်း)
၆။ ခန္တီပါရမီ (သည်းခံခွင့်လွှတ်ခြင်း)
၇။ သစ္စာပါရမီ (မှန်ကန်စွာ ပြောဆိုခြင်း)
၈။ အဓိဋ္ဌာန (အဓိဋ္ဌာန်)ပါရမီ (အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ခြင်း)
၉။ မေတ္တာပါရမီ (ချစ်ခင်ကြင်နာစိတ်ရှိခြင်း)
၁၀။ ဥပေက္ခာပါရမီ (မချစ်မမုန်းဘဲ အသင့်အတင့် သဘောထားခြင်း)

ဆရာသိရန်

၁။ ဒါနပါရမီ (အလှူဒါနပြုခြင်း)

ပါရမီဆယ်ပါးတွင် ဒါနပါရမီသည် ဒေသနာစဉ်အရ ဦးစွာဖြည့်ကျင့်ရမည့် ပါရမီဖြစ်သည်။ အလှူဒါနပြုမှုကြောင့် သီလဆောက်တည်ရန်၊ ဘာဝနာပွားများရန် စိတ်နှလုံးသည် နူးညံ့လာတတ်သည်။ ဒါနပါရမီ ဖြည့်ကျင့်ရာတွင် ဘုရားအလောင်းတော်တို့သည် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်ဘဲ ဘုရားဖြစ်ရန်သာ ရည်ရွယ်ပြီး ဖြည့်ကျင့်တော်မူကြသည်။

၂။ သီလပါရမီ (ကိုယ်ကျင့်သီလ ဆောက်တည်ခြင်း)

သီလပါရမီဟူသည် ကာယကံမှု၊ ဝစီကံမှုတို့ကို သိမ်မွေ့နူးညံ့အောင် ပြုကျင့်ပြီး...ကုသိုလ်တရားများကိုသာ ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားအလောင်းတော်သည် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည့် သီလပါရမီကို ဖြည့်ကျင့်တော်မူခဲ့သည်။

၃။ နေက္ခမ္မပါရမီ (တောထွက်ခြင်း)

နေက္ခမ္မပါရမီဟူသည် တောထွက်၍ ရသေ့ရဟန်းပြုလုပ်ခြင်းပင် ဖြစ်သည်။ ဘုရားအလောင်းတော်သည် လေးအ သင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း နေက္ခမ္မပါရမီကို ဘဝပေါင်းများစွာ ဖြည့်ကျင့်ခဲ့လေသည်။

၄။ ပညာပါရမီ (အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်း)

အတတ်ပညာဟူသမျှကို သင်ယူတတ်မြောက်ခြင်း၊ လူတို့၏ ကောင်းကျိုးကို ဆောင်နိုင်သော အတတ်ပညာ၊ အသိပညာအားလုံးကို တတ်ကျွမ်းနားလည်ခြင်းနှင့် အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်းသည် ပညာဖြစ်သည်။ ဘုရားအလောင်းတော်သည် ထိုပညာဖြင့် သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တော်မူခဲ့သည်။

၅။ ဝီရိယပါရမီ (ကြိုးစားအားထုတ်ခြင်း)

မိမိရည်မှန်းချက် ပြည့်ဝအောင်မြင်ရန် မည်သည့်အခက်အခဲမျိုးနှင့် ရင်ဆိုင်ရစေကာမူ နောက်မတွန့်ဘဲ အခက် အခဲမှန်သမျှကို ကြိုးစားကျော်ဖြတ်ပြီး ရည်မှန်းချက်သို့ရောက်အောင် ကြိုးစားအားထုတ်မှုသည် ဝီရိယဖြစ်သည်။ ဘုရားအလောင်းတော်သည် ဝီရိယပါရမီတော်ကို နောက်မဆုတ်တမ်း ဇွဲလုံ့လအပြည့်ဖြင့် ကြိုးစားဖြည့်ကျင့်တော်မူခဲ့သည်။

၆။ ခန္တီပါရမီ (သည်းခံခွင့်လွတ်ခြင်း)

ခန္တီဟူသည် သည်းခံခွင့်လွှတ်မှ ဖြစ်သည်။ ခန္တီ၏သဘောမှာ အဒေါသ (အမျက်ဒေါသ မထွက်ခြင်း) ပင်ဖြစ်သည်။ သည်းခံခြင်းသည် မြင့်မြတ်သော အကျင့်ဖြစ်သည့်အပြင် ငြိမ်းချမ်းသော အောင်မြင်မှုကို ပေးစွမ်းနိုင်သည်။ ဘုရားအလောင်းတော်သည် ခန္တီပါရမီကို ဘဝပေါင်းများစွာ ဖြည့်ကျင့်တော်မူခဲ့သည်။

၇။ သစ္စာပါရမီ (မှန်ကန်စွာ ပြောဆိုခြင်း)

မဟုတ်မမှန်သော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်၍ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုခြင်းသည် သစ္စာပါရမီ ဖြစ်သည်။ ဘုရားအလောင်းတော်သည် ဖြစ်လေရာဘဝတိုင်း၌ သူတစ်ပါးအကျိုးပျက်အောင် မုသားစကားမဆိုဘဲ သစ္စာပါရမီကို ဖြည့်ကျင့်တော်မူခဲ့သည်။ မှန်ကန်စွာပြောဆိုသော သစ္စာစကားကြောင့် လိုအပ်သောအကျိုး ပြည့်စုံနိုင်ပါသည်။

၈။ အဓိဋ္ဌာန်ပါရမီ (အလုပ်ကိစ္စကို စွဲမြဲစွာ ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ဆောက်တည်ဆုံးဖြတ်ခြင်း၊ ပြီးမြောက်အောင် ဆောင်ရွက်ခြင်း)

အလုပ်တစ်ခုကို သတ်မှတ်ထားသည့်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခြင်း၊ မိမိစိတ် ဆုံးဖြတ် ရည်မှန်းထားသည့်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်းသည် အဓိဋ္ဌာန်ဖြစ်သည်။ မိမိအဓိဋ္ဌာန်ထားသောအလုပ်ပေါ်တွင် စိတ်နှစ်ခွမဖြစ်ဘဲ ပြီးမြောက်အောင် သေသေချာချာ ဆောင်ရွက်ရမည် ဖြစ်သည်။ ဘုရားအလောင်းတော်သည် ဒါနပါရမီ စသော ပါရမီတော်တို့ကို ဖြည့်ကျင့်ရာ၌ ကြိုတင်အဓိဋ္ဌာန်ပြုကာ အဓိဋ္ဌာန်ထားသည့် အတိုင်း ပြည့်စုံပြီးမြောက်အောင် အားထုတ်ခဲ့သည်။

၉။ မေတ္တာပါရမီ (ချစ်ခင်ကြင်နာစိတ်ရှိခြင်း)

သူတစ်ပါးတို့၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို လိုလားခြင်း၊ ချစ်ခင်ကြင်နာစိတ်ရှိခြင်းသည် မေတ္တာဖြစ်သည်။ ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဘဝပေါင်းများစွာ မေတ္တာပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၁၀။ ဥပေက္ခာပါရမီ (မချစ်မမုန်းဘဲ အသင့်အတင့် သဘောထားခြင်း)

ဥပေက္ခာဟူသော စကား၏အဓိပ္ပာယ်မှာ အညီအမျှရှိခြင်း ဖြစ်သည်။ ထို့ပြင် ဥပေက္ခာပါရမီဟူသည် လျစ်လျူရှုခြင်းသဘော မဟုတ်ဘဲ၊ မချစ်မမုန်း အသင့်အတင့် သဘောထားကာ ဘက်မလိုက် တည့်မတ်သောစိတ်ဖြင့် ဖြည့်ကျင့်ရသော ပါရမီဖြစ်သည်။ ဘုရားအလောင်းတော်သည် မိမိအား ပြစ်မှားသူများကိုလည်း မုန်းခြင်းမရှိ၊ ပူဇော် သူများကိုလည်း ချစ်ခြင်းမရှိဘဲ ချိန်ခွင်လျှာသဖွယ် တည့်မတ်သည့် သဘောရှိသော ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စွန့်ခြင်းကြီးငါးပါး။

သင်ယူမှုလုပ်ငန်းစဉ်

֍ စွန့်လွှတ်တယ်ဆိုတာကို နားလည်ကြသလား။

֍ “သားတို့သမီးတို့ ပိုင်ဆိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေ (ဥပမာ-ဘောပင်၊ ခဲတံ၊ ကွန်ပါဗူး၊ အရုပ် ... စသည်)ကို သူများကို အပိုင်ပေးဖူးကြလား။ ကိုယ်ပေးလိုက်တဲ့ အရာအတွက် ဘာမှပြန်မမျှော်လင့်တာကို စွန့်လွှတ်တယ်လို့ ခေါ်တယ်။ အဲဒီလိုမျိုး ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို စွန့်လွှတ်ဖူးကြသလား။ စွန့်ရောစွန့်လွှတ်နိုင်ကြသလား။ ဘာကြောင့်လဲ” စသည်ဖြင့် မေးပြီး စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် “ဘုရားဆုပန်တော်မူခြင်းအကြောင်းကို လေ့လာခဲ့ကြတုန်းက ဘုရားလောင်းဟာ စွန့်ခြင်းကြီးငါးပါးကို စွန့်လွှတ်တော်မူခဲ့တယ်”လို့ သိခဲ့ကြတယ်။ အဲဒီ စွန့်ခြင်းကြီးငါးပါးက ဘာတွေလဲ” စသည်ဖြင့် မေးကြည့်ပါ။

֍ ထို့နောက် အောက်ပါ စွန့်ခြင်းကြီးငါးပါးကို ရှင်းပြပါ။

စွန့်ခြင်းကြီးငါးပါး

၁။ တိုင်းပြည်နိုင်ငံ၊ ထီးနန်းစည်းစိမ်၊ ဥစ္စာပစ္စည်းများကို စွန့်လွှတ်ခြင်း၊
၂။ သားသမီးတို့ကို စွန့်လွှတ်ခြင်း၊
၃။ ဇနီးမယားကို စွန့်လွတ်ခြင်း၊
၄။ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်လွှတ်ခြင်း၊
၅။ မိမိအသက်ကို စွန့်လွှတ်ခြင်း။

֍ အဆိုပါ စွန့်ခြင်းကြီးငါးပါးတို့သည် သာမန်လူများ မလုပ်နိုင်သော၊ မစွန့်နိုင်သော လုပ်ရပ်များဖြစ်ကြောင်း၊ သားသမီးတို့ကို စွန့်ခြင်း၊ မိမိ၏ ဇနီးမယားကို စွန့်ခြင်းဟူသော စွန့်ခြင်းကြီးတို့သည် သာမန်လူသားတို့အမြင်အရ ရက်စက်သော အပြုအမူဟု ထင်ရသော်လည်း မြတ်စွာဘုရားအလောင်းတော်သည် သတ္တဝါအားလုံးတို့ကို သနားတော်မူသည့်အတွက်ကြောင့် ဒါနပါရမီကို ဖြည့်ဆည်းသည့်အနေဖြင့် စွန့်လွှတ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြပါ။

֍ ထို့နောက် အောက်ပါမေးခွန်းကို မေး၍ အနှစ်ချုပ်ပါ။

-သုမေဓာရှင်ရသေ့ဟာ ဘုရားဆုပန်ပြီးတဲ့ အချိန်ကစပြီး ဘယ်လိုကြိုးပမ်း အားထုတ်ခဲ့သလဲ။
-ဘယ်သူတွေရဲ့ အကျိုးအတွက် အဲဒီလို ကြိုးပမ်းအားထုတ်ခဲ့တာလဲ။