ပျော်စရာ ဓမ္မစကူးလ် -စ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁။ ပျော်စရာ ဓမ္မစကူးလ်
326957ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၁။ ပျော်စရာ ဓမ္မစကူးလ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ(၁)

ပျော်စရာ ဓမ္မစကူးလ်[edit]

ယမင်းနှင့် ဓမ္မစကူးလ်မောင်မယ်များ

ယမင်းသည် ဒေါ်လေးမေနှင့်အတူ အညာမြို့လေးတစ်မြို့ဆီသို့ ဘုရားဖူးထွက်ခဲ့သည်။ မြို့ဦးစေတီ တော်ကို ပထမဆုံး သွားရောက်ဖူးမြော်ကြသည်။ စေတီရင်ပြင်တော်တစ်ခုလုံး သန့်ရှင်းသာယာနေသည်ကို ကြည့်ပြီး ဒေါ်လေးမေက ချီးကျူး၏။ ဘုရားတွင် ပန်းရောင်စုံများ ကပ်လှူထားသည်ကို မြင်လိုက်ရသောအခါ ယမင်းလည်း ကြည်နူးဝမ်းသာသွားသည်။

ဘုရားဝတ်ပြုပြီး၍ စေတီတော်ကို လက်ယာရစ် လှည့်လည်ဖူးမြော်ကြသည့်အခါ သန့်ရှင်းရေး လုပ်နေသော ကျောင်းသား၊ ကျောင်းသူလေးများကို တွေ့လိုက်ရသည်။ ဒေါ်လေးမေက သူတို့ကို သွားရောက် မေးမြန်းသည့်အခါ “သားတို့က ဒီမြို့က ဓမ္မစကူးလ်မောင်မယ်တွေပါ၊ အုပ်စုခွဲပြီး နေ့တိုင်း စေတီတော်မှာ သန့်ရှင်းရေး လုပ်ကြပါတယ်”ဟု ပြန်ဖြေသံကို ကြားလိုက်ရသည်။ ဓမ္မစကူးလ်ကို တစ်ခါမှ မတက်ဖူးသေး သော ယမင်းအတွက် ဓမ္မစကူးလ်မောင်မယ် ဆိုသည်ကို အထူးအဆန်းဖြစ်ကာ စိတ်ဝင်စားနေမိသည်။

သီတင်းကျွတ်လပြည့်နေ့ ဖြစ်နေသဖြင့် ညပိုင်းတွင် ယမင်းတို့အားလုံး ရပ်ကွက်ထဲက မီးထွန်းပွဲ များကို လိုက်ကြည့်ကြသည်။ မီးထွန်းပွဲသည် အလွန်စည်ကားလှ၏။ လူများ ကြိတ်ကြိတ်တိုးနေသည်။ ယမင်းလည်း ဒေါ်လေးမေ၏လက်ကို ဆွဲလျက် လူအများကြား ညပ်ပါသွားသည်။

တစ်နေရာတွင် ဘုရားအလောင်းတော်အကြောင်းကို နောက်ခံစကားပြောဖြင့် သရုပ်ဖော် တင်ဆက် နေကြသည့် ကလေးများကို အံ့သြဖွယ်တွေ့ရသည်။ ယမင်းသည် ဘေးတွင် ရပ်ကြည့်နေသော ဦးလေးကြီးကို မေးကြည့်သောအခါ “သူတို့က ဓမ္မစကူးလ် မောင်မယ်တွေလေ၊ ဓမ္မစကူးလ်က ဗုဒ္ဓဝင်ကို သင်ပေးထားတော့ ဘုရားရှင်အကြောင်း သေသေချာချာ သိနေကြတာပေါ့”ဟု ဦးလေးကြီးက ရှင်းပြသည်။

ယမင်းလည်း စင်ပေါ်က မောင်မယ်လေးများကို အားကျပြီး ငေးကြည့်နေမိသည်။ ခဏအကြာတွင် မိမိ၏ ဆွဲကြိုးလေး မရှိတော့သည်ကို သတိထားမိ၍ ဒေါ်လေးမေအား ပြောပြလိုက်သည်။ ဒေါ်လေးမေတို့အားလုံး ဝိုင်းရှာပေးကြသော်လည်း ပြန်မတွေ့ကြပါ။ ထိုအခါ ယမင်းလည်း ရှိုက်ကြီးတငင် ငိုပါတော့သည်။ မကြာမီ အသံချဲ့စက်ဖြင့် “ဆွဲကြိုးတစ်ကုံး ကောက်ရထားပါတယ် ခင်ဗျာ”ဟု ကြေညာသံကို ကြားလိုက်ရ၍ ယမင်း အလွန်ပျော်သွားသည်။ ချက်ချင်းပင် ယမင်းသည် ရပ်ကွက်လူကြီးများထံ သွား၍ မိမိဆွဲကြိုးလေး၏ ပုံသဏ္ဌာန်ကို ပြောပြလိုက်ရာ ရပ်ကွက်လူကြီးများက ယမင်းအား ဆွဲကြိုးလေးကို ပြန်လည် ပေးအပ်ခဲ့ကြသည်။ ကောက်ရသူကို စုံစမ်းကြည့်ရာ စတုတ္ထတန်း ဓမ္မစကူးလ် ကျောင်းသူလေး “ဝါဝါ” ဖြစ်ကြောင်း သိလိုက်ရ၏။ ယမင်းနှင့် ဒေါ်လေးမေတို့အားလုံး ဝါဝါကို ချီးကျူးမဆုံး ဖြစ်နေကြသည်။

နံနက်မိုးလင်းသောအခါ ယမင်းနှင့် ဒေါ်လေးမေတို့ ခရီးဆက်ရန် ပြင်ဆင်နေချိန်တွင် ဘေးအိမ်မှ မောင်နှမနှစ်ယောက် ဆွမ်းလောင်းနေကြသည်ကို တွေ့ရသည်။ ဒေါ်လေးမေက ထိုကလေးတွေကို ကြည့်ပြီး “ယဉ်ကျေးလိုက်ကြတာ၊ ဘုန်းဘုန်းတွေနဲ့လည်း ပြောဆိုဆက်ဆံတတ်တယ်၊ တော်လိုက်ကြတာကွယ်”ဟု ချီးကျူး ပြောဆိုနေသည်။ ယမင်းက ဒေါ်လေးမေကို “သူတို့က ဓမ္မစကူးလ် မောင်မယ်တွေလား”ဟု မေးလိုက်မိ၏။ ဒေါ် လေးမေက “သေချာတာပေါ့ သမီးရယ် ... ဒီမြို့က ကလေးတွေ အားလုံးလိုလိုပဲ ဓမ္မစကူးလ်တက်ကြတယ်လို့ မနေ့ညက ဓမ္မာရုံလူကြီးတွေ ပြောပြလို့ ဒေါ်လေးမေ သိလိုက်ရတယ်လေ”ဟု ပြောလိုက်သည်။

ယမင်းလည်း ဒေါ်လေးမေ ပြောပြနေသည်ကို နားထောင်လျက် ဓမ္မစကူးလ် တက်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေတော့သည်။

ဓမ္မစကူးလ်သွားကြမယ်[edit]

လာပါ သူငယ်ချင်း
ဓမ္မစကူးလ် သွားကြမယ်
ဘုန်းဘုန်း တွေ့မယ်
ဆရာလေး တွေ့မယ်
ကုသိုလ်တွေ ရမယ်

လာပါ သူငယ်ချင်း
ဓမ္မစကူးလ် သွားကြမယ်
ယဉ်ကျေး ရမယ် ၏
သိမ့်မွေ့ ရမယ်
ပျော်ရွှင် သွားရမယ်

လာပါ သူငယ်ချင်း
ဓမ္မစကူးလ် သွားကြမယ်
ဆေးရောင်ချယ်မယ်
ပုံပြောပြမယ်
သီချင်းတွေ ဆိုကြမယ်