ပညာရှိခေါင်းဆောင်ကောင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၀။ ပညာရှိခေါင်းဆောင်ကောင်း
326988ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၃၀။ ပညာရှိခေါင်းဆောင်ကောင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

ပညာရှိ ခေါင်းဆောင်ကောင်း[edit]

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဉ် ဘုရားအလောင်း ခွေးမင်းသည် အခြွေအရံ နောက်လိုက်နောက်ပါ ခွေးများ နှင့်အတူ သင်္ချိုင်းကြီးတစ်ခု၌ နေထိုင် ၏။ တစ်နေ့တွင် မင်းကြီးသည် ဥယျာဉ်ကစားထွက်ရာ နန်းတော်သို့ နေဝင်မှ ပြန်ရောက်သည်။ မင်းကြီးသည် ရထားကို မင်းရင်ပြင်၌ ထားခဲ့ရာ ညအခါတွင် မိုးရွာသဖြင့် ရထား တစ်စင်းလုံး မိုးရေများ စိုရွဲကုန်၏။ ထိုအခါ နန်းတွင်းခွေးများသည် သားရေနံ့ရ၍ ထွက်လာကြပြီးလျှင် ရထားကို ကာထားသော သားရေများ၊ ချည်နှောင်ထားသော သားရေကြိုးများကို ကိုက်ဖြတ် စားသောက်ကြသည်။

နောက်တစ်နေ့ နံနက်၌ နန်းတွင်းသားတို့သည် အသက်ဘေးမှ ကြောက်ရွံ့သည့်အတွက် “နန်းတော် ပြင်ပက ခွေးများ လာရောက် ကိုက်စားကြပါတယ်”ဟု မင်းကြီးအား လျှောက်ထားကြ၏။ ထိုအခါ မင်းကြီးက “နန်းတော်ပြင်ပက တွေ့သမျှ ခွေးအားလုံးကို သတ်စေ”ဟု အမိန့်ပေးလိုက်၏။ နန်းတွင်းသား များသည် နန်းတော်ပြင်ပရှိ ခွေးများကို လိုက်လံသတ်ဖြတ်ကြ၏။ တစ်တိုင်းပြည်လုံးရှိ ခွေးများ ဒုက္ခ ရောက်ကြရသည်။ နောက်ဆုံးတွင် ခွေးအပေါင်းတို့သည်လည်း ခွေးမင်းရှိရာ သင်္ချိုင်းသို့ လာရောက်စုဝေး ကြပြီး အကူအညီပေးပါရန် ခွေးမင်းအား တောင်းပန်ကြ၏။

ခွေးမင်းသည် “ငါ့ရဲ့ အခြံအရံနောက်လိုက် ဆွေမျိုးခွေးတွေကို အသက်ဘေးက ကယ်တင်မယ်” ဟူသော ဆုံးဖြတ်ချက်ကို ချခဲ့သည်။ ထို့နောက် အများအကျိုးဆောင်ရွက်လိုသော ဆန္ဒဖြင့် မေတ္တာဘာဝနာ ပွားကာ “ငါ့ကို ဘယ်သူမှ အန္တရာယ် မပြုနိုင်ပါစေနဲ့”ဟု အဓိဋ္ဌာန်၍ မြို့တွင်းသို့ ဝင်လာခဲ့သည်။

နန်းတော်သို့ ရောက်သောအခါ မင်းကြီးစံမြန်းရာ နေရာအောက်သို့ ပြေး၍ဝပ်လေသည်။ ထိုအခါ - မင်းချင်းတို့သည် ခွေးမင်းကို ရိုက်ပုတ်နှင်ထုတ်မည်ပြုရာတွင် မင်းကြီးက ဝင်ရောက်တားမြစ်လေသည်။ ထို့နောက် ခွေးမင်းလည်း ခေတ္တအပန်းဖြေပြီး မင်းကြီးရှေ့သို့ ထွက်လာကာ ရှိခိုး၍ “အရှင်မင်းကြီး ... နန်းတော်ပြင်ပက ခွေးအားလုံးကို သတ်စေ-ဆိုတဲ့ အမိန့်ကို အရှင်မင်းကြီး ပေးထားပါသလား”ဟု မေးလျှောက်လေ၏။ မင်းကြီးကလည်း ပေးထားကြောင်း ဝန်ခံ၏။ ခွေးမင်းက သတ်မိန့်ပေးရခြင်း၏ အကြောင်းရင်းကို ထပ်မံ မေးလျှောက်ပြန်ရာ မင်းကြီးက “ရထားသားရေများကို နန်းတော်ပြင်ပရှိ ခွေးများက ကိုက်ဖြတ်စားသောက်ပစ်တဲ့အတွက် သတ်မိန့်ပေးရခြင်းဖြစ်တယ်”ဟု ရှင်းပြလေသည်။

ထိုအခါ ခွေးမင်းက “မင်းကြီးရဲ့ ရထားသားရေတွေကို ကိုက်ဖြတ်စားသောက်တဲ့ တရားခံများကို အခုပဲ ဖော်ထုတ်ပေးမယ်”ဟု ပြောကာ မင်း၏ အခိုင်းအစေတို့ကို မြေစာမြက်များ ယူခိုင်း၏။ ထိုမြေစာမြက်များကို ထုထောင်းစေပြီး ရက်တက်ရည်ဖြင့် ဖျော်စပ်ခိုင်း၍ နန်းတွင်းထဲရှိ ခွေးများကို တိုက်စေသည်။ နန်းတွင်းခွေးများသည် ရက်တက်ရည် သောက်ပြီးနောက် သားရေစများကို ပြန်အန်ထုတ်ကြ၏။

ထိုအခါမှ မင်းကြီးလည်း အဖြစ်မှန်ကို သိသွားသည်။ ထို့နောက် မိမိအပြစ်ကို သိမြင်သွားပြီး သတ္တဝါအားလုံးကို ဘေးမဲ့ပေးလိုက်၏။ အများအကျိုးကို လိုလားသည့်စိတ်ဖြင့် အမှန်တရားကို ဖော်ထုတ် ပေးလိုက်သော ခွေးမင်းကိုလည်း လေးစားသွား၏။ ထို့ကြောင့် ခွေးမင်းနှင့်တကွ အခြံအရံ နောက်လိုက် ဆွေမျိုး ခွေးအပေါင်းတို့အားလည်း ကောင်းမွန် လတ်ဆတ်သော အစားအသောက်များကို နေ့စဉ်မပြတ် ကျွေးမွေးလေသည်။

ခေါင်းဆောင်ကောင်း[edit]

ခေါင်းဆောင်တို့မည်သည် ဦးဆောင် ကာကွယ်သည်
ဆုံးဖြတ်ချက်တွေ အခိုင်အမာချ ရဲဝံ့ပြတ်သားစွာ တွန်းလှန်ခုခံသည်
အသိဉာဏ်အဖြေမှန်ဆီ စဉ်းစားသုံးသပ် တွက်ချက်စိစစ်ကာ
အများအကျိုးတွေ ဖြစ်ထွန်းရာ မြင်အောင်ကြည့်တတ်တာ ခေါင်းဆောင်ကောင်းတွေပါ။