ဘုရင်မကြီး ရှင်စောပု

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၁။ ဘုရင်မကြီး ရှင်စောပု
326989ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၃၁။ ဘုရင်မကြီး ရှင်စောပုဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

ဘုရင်မကြီး ရှင်စောပု[edit]

ရှင်စောပုသည် မြန်မာ့သမိုင်းတစ်လျှောက်တွင် ထင်ရှားသည့် တစ်ဦးတည်းသော ဘုရင်မကြီး ဖြစ်သည်။ ရှင်စောပုသည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ သမီးတော် ဖြစ်သည်။ ဟံသာဝတီပြည်သူ တို့သည် ဘုရင်များ၏ စစ်ဘေးစစ်ဒဏ်တို့ကို မခံနိုင်တော့သဖြင့် ဘာသာတရားကိုင်းရှိုင်းသော ရှင်စောပုကို ရွေးချယ် နန်းတင်လိုက်ကြသည်။

ဘုရင်မကြီးအဖြစ် နန်းတက်သော အချိန်တွင် အသက် ၅၉ နှစ်ရှိပြီ ဖြစ်၏။ ရှင်စောပု ဘုရင်မ ဖြစ်လာသော အချိန်မှစ၍ ပြည်သူတို့သည် စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးပြီး တိုင်းပြည်၏ စီးပွား ရေးလည်း ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ ပင်ကိုကပင် ဘာသာတရား ကိုင်းရှိုင်း၍ ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်လေ့ရှိသော ရှင်စောပုသည် ဘုရင်မဖြစ်လာပြီး နောက်ပိုင်းတွင် ကုသိုလ်ကောင်းမှုများကို ပိုမိုလုပ် ဆောင်လာခဲ့သည်။

ရှင်စောပုသည် ရွှေတိဂုံစေတီတော်ကြီးကို အားသွန်ခွန်စိုက် အထူးမွမ်းမံ ပြုပြင်ပူဇော်ခဲ့သော ဘုရား ဒါယိကာမတစ်ဦးလည်း ဖြစ်သည်။ ရှင်စောပုသည် ရွှေတိဂုံစေတီတော်ကြီးကို သပ္ပာယ်သည်ထက် သပ္ပာယ်အောင် မွမ်းမံရေး၊ ရွှေတိဂုံစေတီတော် တည်ထားသော ကုန်းမြေကို သာယာခိုင်ခံ့ ကျယ်ဝန်းအောင် ပြုပြင်ရေး၊ စေတီတော်အား ဖူးမြော် သူတို့ သန္တာန်၌ သဒ္ဓါတရား ထက်သန် တိုးပွားရေး၊ ကုသိုလ်တော်များ အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့် ရှောက်ရေးတို့ကို လုံ့လ၊ ဝီရိယ၊ စေတနာ ထက်သန်စွာဖြင့် ဆောင်ရွက်ခဲ့သည်။

ဘုရင်မကြီးသည် ရွှေတိဂုံစေတီ တော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် မိမိကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေစင်များကို လှူဒါန်းခဲ့သည်။ ရွှေတိဂုံစေတီတော်ကြီးအတွက် ဥယျာဉ်၊ ခြံ၊ မြေနေရာများကို လှူဒါန်း ခဲ့သည်။ ရွှေတိဂုံစေတီတော်ကြီး၏ အောက်ခြေကို မြေအုတ်၊ ကျောက်အုတ်တို့ဖြင့် သမံတလင်းခင်းကျင်း လှူဒါန်းခဲ့သည်။ ထို့ပြင် စောင်းတန်း၊ လှေကား၊ ရွှေသပိတ်၊ ရွှေပန်းကန်၊ ငွေပန်းကန်၊ ရွှေဇွန်း၊ ငွေဇွန်း တို့ကိုလည်း လှူဒါန်းခဲ့သည်။ ထူးခြားသော အလှူမှာ ကမ္ပည်းကျောက်စာ အလှူ ဖြစ်သည်။ ရွှေတိဂုံစေတီကြီး၏ သမိုင်းကိုလည်း မွန်ဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာတို့ဖြင့် ကျောက်စာရေးထိုးခဲ့၏။ မွန်ပြည်နယ် ကျိုက်မရောဘုရားတွင်လည်း ကုသိုလ်များ ပြုလုပ်ခဲ့သည်။

ဘုရင်မကြီးသည် အမြော်အမြင်ကြီးမားပြီး ဇွဲသတ္တိနှင့် ပြည့်စုံသူ ဖြစ်သည်။ စနစ်တကျ စီမံခန့်ခွဲနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် တိုင်းပြည်ကို အဘက်ဘက်မှ တည်ငြိမ်အောင် အုတ်မြစ်ချပေးနိုင်ခဲ့သည်။

ဘုရင်မကြီးသည် နန်းသက်ခုနစ် နှစ်တွင် သူ၏ သမက်ဖြစ်သော ဓမ္မစေတီ ကို ထီးနန်း လွှဲအပ်ခဲ့လေသည်။ ထီးနန်း ဆက်ခံသူကို မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ သောကြောင့် ဟံသာဝတီပြည်သည် အေးချမ်းသာယာပြီး ဆက်လက်ဖွံ့ဖြိုးတိုး တက်ခဲ့သည်။ ဘုရင်မကြီးသည် သက်တော် ၇၈ နှစ်အရွယ်တွင် နတ်ရွာစံခဲ့ လေသည်။