အများအကျိုးဆောင်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ အများအကျိုးဆောင်
326987ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၉။ အများအကျိုးဆောင်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

အများအကျိုးဆောင်

[edit]

မဃလုလင် ရှေးအခါက ရာဇဂြိုဟ်ပြည် တောရွာလေးတစ်ရွာတွင် လူငယ်အသင်းအဖွဲ့ တစ်ဖွဲ့ ရှိလေသည်။ ထိုအဖွဲ့တွင် အဖွဲ့ ဝင် ၃၃ ယောက်ရှိ၏။ ထိုအဖွဲ့ကို ဦးဆောင်သူကား မဃလုလင် ဖြစ်၏။ ထို့ကြောင့် သူတို့အဖွဲ့ကိုလည်း “မဃလုလင်အဖွဲ့” ဟု အမည်ပေးထားသည်။

မဃလုလင်အဖွဲ့ သည် ငါးပါးသီလ စောင့်ထိန်းခြင်း၊ လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ရေတွင်း ရေကန် တူးဖော်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း အစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ဤသို့ဖြင့် ရွာသားအများစုသည်လည်း မဃလုလင်၏ အဆုံးအမအတိုင်း သီလတို့ကို ဆောက်တည်ကြသည်။ ထို့ကြောင့် ရွာတွင် ဒုစရိုက်မှုများ တဖြည်းဖြည်း လျော့နည်းလာကာ ရပ်ရွာသည်လည်း ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့သည်။

သို့ရာတွင် ရွာသူကြီးသည် ရွာတွင် ဒုစရိုက်မှုများ လျော့နည်းလာသဖြင့် သူ့အတွက် လာဘ်ရရှိမှု နည်းပါးသွားသောကြောင့် မဃလုလင်တို့ အဖွဲ့ကို ဒေါသထွက်နေသည်။ ထို့ကြောင့် မင်းကြီးထံတွင် “အရှင်မင်းကြီး ... ရွာကို သူခိုးများ ဖျက်ဆီးနေကြပါတယ်”ဟု လျှောက်ထားလေသည်။ မင်းကြီးကလည်း စုံစမ်းအစစ်ဆေးမှု မပြုဘဲ “သူခိုးများကို ဖမ်းခေါ်လာပြီး ဆင်ဖြင့် နင်းသတ်စေ”ဟု အမိန့်ချ လိုက်လေသည်။ မင်းမှုထမ်းများသည် မဃလုလင်နှင့်အဖွဲ့သားများကို သတ်ရန် ဆင်တို့ကို ခေါ်ဆောင်လာခဲ့ကြသည်။ ထိုအချိန်တွင် မဃလုလင်သည် သူ၏အဖွဲ့သားများအား “သင်တို့ ဆောက်တည်ခဲ့သော သီလကို ပြန်လည်အောက်မေ့ပြီး ကုန်းတိုက်သော ရွာသူကြီး၊ မင်းကြီးနှင့် ဆင်တို့ကို မေတ္တာပို့ကြပါ”ဟု သတိပေး ဆုံးမစကား ပြောကြားထားသည်။ အဖွဲ့ဝင်အားလုံးတို့သည် ခေါင်းဆောင် မဃလုလင်၏ စကားကိုလိုက်နာ ကြ၏။ မင်းမှုထမ်းများ လွှတ်လိုက်သော ဆင်သည် မဃလုလင်တို့ အဖွဲ့နားသို့ ရောက်သောအခါ ရှေ့သို့ မတိုးဝံ့တော့ဘဲ နောက်သို့ချည်း ပြန်လှည့်ပြေးနေ၏။ ။

မင်းကြီးသည် “မဃလုလင်တို့မှာ ဆင်တွေကို ထွက်ပြေးစေနိုင်တဲ့ အဆောင်လက်ဖွဲ့ တစ်မျိုးမျိုးရှိ လိမ့်မယ်၊ စစ်ဆေးကြ”ဟု ပြော၍ မေးမြန်းစစ်ဆေးစေ၏။ မဃလုလင်ကလည်း “ရှိပါတယ်၊ ကျွန်တော် တို့ရဲ့ အဆောင်လက်ဖွဲ့ ကောင်းကတော့ သူတစ်ပါး အသက်ကို မသတ်ပါ၊ သူတစ်ပါး ပစ္စည်းဥစ္စာကို မခိုးပါ၊ သူတစ်ပါး သားမယားကို မဖျက်ဆီးပါ၊ လိမ်ညာ မပြောပါ၊ သေရည်အရက်နဲ့ မူးယစ်ဆေးဝါး မသောက် သုံးပါ။ အလှူပေးပါတယ်၊ လမ်းခင်းပါတယ်၊ ရေကန်တူးပါတယ်၊ ဇရပ်ဆောက်ပါတယ်၊ ဒါတွေဟာ ကျွန်တော်တို့ရဲ့ အဆောင်လက်ဖွဲ့ လည်း ဟုတ်တယ်၊ အရံအတား၊ အကာအကွယ်လည်း ဖြစ်ပါတယ်။ တိုးတက်ရာ တိုးတက်ကြောင်းလည်း ဖြစ်ပါတယ်”ဟု ပြန်လည် လျှောက်တင်လိုက်သည်။ ထိုအခါ ဘုရင် ကြီးသည် မဃလုလင်နှင့် အဖွဲ့သားများကို အလွန်လေးစားသွားပြီး ရွာစားရာထူးနှင့် စည်းစိမ်တို့ကို ပေးလိုက် လေသည်။

မဃလုလင်နှင့်အဖွဲ့ သည် ရွာသို့ ပြန်ရောက်သောအခါ လမ်းလေးခွဆုံရာ၌ ဇရပ်ကြီးတစ်ဆောင် ကို ဆောက်လုပ်လှူဒါန်းကြ၏။ ဇရပ်ကြီး၏ အနီး၌ ဥယျာဉ်ကြီးနှင့် ရေကန်ကြီးတစ်ကန်ကိုပါ ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။ ထိုသို့ဖြင့် မဃလုလင် သေဆုံးသည့်အခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်၍ အဖွဲ့ဝင် သုံးဆယ့်သုံးယောက်တို့သည်လည်း သိကြားမင်း၏ အခြွေအရံနတ်သားများ ဖြစ်သွားကြလေသည်။

မဃလုလင်

[edit]

မဃလုလင် သူ့တရားကျင့်စဉ်
ငါးပါးလုံခြုံ သီလဂုဏ်
တံတားခင်းလမ်းခင်း ရေတွင်းရေကန်တူးဖော်ကာ
စေတနာခွန်အား ကုသိုလ်ပွား အများအကျိုးသယ်ပိုးသွား
အများအကျိုးဆောင် ကိုယ့်အကျိုးအောင် မဃလုလင်ဟာ
သူ့ရဲ့ ကုသိုလ် စေတနာသဒ္ဓါ ခန္ဓာစွန့်သောအခါ
တာဝတိံသာ အထက်က သိကြားမင်းဖြစ်လာ။