နိုင်ငံတော်အလံအရွယ်၊ အရောင်၊ အချိုးအစားစသည်တို့ကို သတ်မှတ်ခြင်း (၁၉၇၃)

From Wikisource
Jump to navigation Jump to search
ကြေညာချက်အမှတ် (၁၀၉)  (1973) 
by ဗိုလ်နေဝင်း
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများလည်းရှု

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ
နိုင်ငံတော်အလံအရွယ်၊ အရောင်၊ အချိုးအစားစသည်တို့ကို သတ်မှတ်ခြင်း
ကြေညာချက်အမှတ် (၁၀၉)
ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်။
(၁၉၇၃ ခုနှစ်၊ ဒီဇင်္ဘာလ ၂၆ ရက်။)

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးသည့်အခါ၊ နိုင်ငံတော်အလံကို အရွယ်၊ အရောင်၊ အချိုးအစားတိကျညီညွတ်စွာ လွှင့်ထူသုံးစွဲရန် လိုအပ်သည့်အားလျော်စွာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းလိုက်သည်။

(၁) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံ အရွယ်၊ အရောင်၊ အချိုးအစားစသည်တို့သည် အောက်ပါအတိုင်းဖြစ်စေရမည်-

(က) နိုင်ငံတော်အလံသည် အလျား ၉ ပေ (၂၇၄.၄ စင်တီမီတာ) နှင့်အနံ ၅ ပေ (၁၅၂.၄ စင်တီမီတာ) ရှိ ရမည်။
(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပြီး လက်ဝဲဘက် အထက်ထောင့် အလျား ၄ ပေ (၁၂၁.၉၂ စင်တီမီတာ)၊ အနံ ၂ပေ ၆ လက်မ (၇၃.၂ စင်တီမီတာ) ရှိအပြာရင့်ရောင်လေးထောင့် ခန်းအောက်ခံ၍ အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နီယံနှင့် စပါးနှံရှိရမည်။
(ဂ) ပင်နီယံ၏ဗဟိုချက်မှာ အပြာရင့်ခန်း၏ ဗဟိုချက်ဖြစ်ပြီး၊ ပင်နီယံ၏ အတွင်းခွေအနားကို အချင်းဝက် ၄ လက်မ (၁၀.၁၆ စင်တီမီတာ) ဖြင့်လည်းကောင်း၊ အလယ်ခွေအနားကို အချင်းဝက် ၆.၅ လက်မ (၁၆.၅၁ စင်တီမီတာ) ဖြင့်လည်းကောင်း၊ အပြင်ခွေအနားကိုအချင်းဝက် ၈ လက်မ (၂၀.၃၂ စင်တီမီတာ) ဖြင့်လည်းကောင်း အသီးသီးဆွဲသားထားသော စက်ဝန်းများဖြစ်ရမည်။
(ဃ) ပင်နီယံတွင် တူညီသော စက်သွားစိပ်ပေါင်း ၁၄ စိပ်ရှိရမည်။ စက်သွားစိပ်တစိပ်၏ အောက်ခြေအကျယ်မှာ ၁.၈ လက်မ (၄.၅၇ စင်တီမီတာ) ဖြစ်ရမည်။ စက်သွားစိပ်တစိပ်နှင့် တစိပ်၏ အောက်ခြေ အကွာအဝေးမှာ ၁.၂ လက်မ (၃.၀၅ စင်တီမီတာ) ဖြစ်ရမည်။ စက်သွားစိပ်တစိပ်စီ၏ ထိပ်မျက်နှာပြင်အကျယ်သည် ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ဖြစ်ရမည်။ စက်သွားစိပ်တစိပ်စီ၏ အမြင့်မှာ ၁.၄ လက်မ (၃.၅၆ စင်တီမီတာ) ဖြစ်ရမည်။
(င) ပင်နီယံအတွင်း၌ စပါးနှံနှစ်ခက်ရှိသည်။ ယင်းစပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိရမည်။ စပါးနှံများသည် အောက်ဘက်တည့်တည့်သို့ မျက်နှာမူနေသည့်စက်သွားစိပ်မှ အထက်သို့ထောင်တက် သွားရမည်။ တူရှုကြည့်သူ၏ လက်ဝဲဘက်စပါးနှံ၏ အဖျားပိုင်းသည် အထက်ဘက် တည့်တည့်တွင်ရှိသော စက်သွားစိပ်နှင့် ယင်း၏ လက်ဝဲဘက်တွင်ရှိသော စက်သွားစိပ်တို့၏အကြားသို့ ကိုင်းညွတ်၍ဝင်နေရမည်။ လက်ျာဘက်စပါးနှံ၏အဖျားသည် အထက်တည့်တည့်ရှိစက်သွားစိပ်နှင့် ယင်းလက်ျာဘက်ရှိ စက်သွားစိပ်တို့၏အကြား ပင်နီယံဗျက်၏ အလယ်ခန့်တွင် လက်ဝဲဘက်သို့ အနည်းငယ် ကိုင်းညွတ် လျက်ရှိရမည်။ စပါးနှံများ၏ တဘက်တချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိရမည်။ လက်ဝဲဘက်အထက် စပါးရွက်သည် စပါးနှံများ အခြေခံရာစက်သွားစိပ်မှ လက်ဝဲဘက်သို့ရေတွက်သော် တတိယနှင့်စတုတ္ထ စက်သွားစိပ်အကြားနှင့် တည့်တည့်ရှိသော စပါးစေ့မှကပ်လျက် လက်ဝဲဘက်သို့ အနည်းငယ်စောင်းကာ တက်သွားရမည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိစက်သွားစိပ်မှ လက်ဝဲဘက်သို့ရေတွက်သော် ပထမနှင့်ဒုတိယ စက်သွားစိပ်တို့အကြား ပင်နီယံဗျက်၏ အလယ်တွင် စပါးရွက်သည် အောက်ဘက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး၊ ယင်းစပါးရွက်၏ ထိပ်အဖျားသည် လက်ဝဲဘက်တတိယစက်သွားစိပ်၏ အောက်ခြေတွင်ကျ ရောက်လျက်ရှိရမည်။ လက်ဝဲဘက်အောက် စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိပ်မှနေ၍ အထက် သို့တက်သွားရမည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ဝဲဘက် ခြမ်းအလယ်ခန့်မှနေ၍ အောက်သို့ကိုင်းညွတ် ကျဆင်းသွားပြီး၊ ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများအခြေခံရာ စက်သွား စိပ်မှ လက်ဝဲဘက်သို့ ရေတွက်သော် ဒုတိယစက်သွားစိပ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက်ရှိရမည်။ လက်ျာဘက် အထက်စပါးရွက်သည် ထိပ်တည့်တည့်ရှိစက်သွားစိပ်မှ လက်ျာဘက်သို့ရေ တွက်သော် တတိယ စက်သွားစိပ် အောက်ခြေနှင့် တည့်တည့်ရှိသောစပါးစေ့မှကပ်လျက် လက်ျာဘက်သို့ အနည်းငယ် စောင်းကာတက်သွားရမည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိပ်မှ လက်ျာဘက်သို့ ရေတွက်သော် ဒုတိယစက်သွားစိပ်၏ အောက်ခြေပင်နီယံဗျက်၏ အလယ်ခန့်မှအောက်ဘက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး၊ ယင်းစပါးရွက်၏ ထိပ်အဖျားသည် လက်ျာဘက်ရှိတတိယနှင့် စတုတ္ထစက်သွားစိပ်တို့အကြားတွင် ကျရောက်လျက် ရှိရမည်။ လက်ျာဘက်အောက်စပါးရွက်သည် စပါးနှံအခြေခံရာစက်သွားစိပ်မှနေ၍ အထက်သို့တက်သွားရမည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ျာဘက်ခြမ်း အလယ်ခန့်မှ နေ၍ အောက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး၊ ယင်းစပါးရွက်၏ထိပ်အဖျား သည်စပါးနှံများ အခြေခံရာ စက်သွားစိပ်မှ လက်ျာဘက်သို့ရေတွက်သော် ဒုတိယစက်သွားစိပ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက် ရှိရမည်။
(စ) ကြယ်များသည် စက်သွားစိပ်တခုစီ၏ ထိပ်တည့်တည့်တွင် ရှိရမည်။ ကြယ်များ၏ ဗဟိုချက် တို့သည် ပင်နီယံ၊ သို့မဟုတ် အပြာရင့်ခန်း၏ ဗဟိုချက်မှ ၁၀.၄ လက်မ (၂၆.၄၂ စင်တီမီတာ) အကွာတွင် ရှိရ မည်။ ကြယ်တလုံးစီ၏ အချင်းမှာ ၃.၈ လက်မ (၉.၆၅ စင်တီမီတာ) ဖြစ်ရမည်။ ကြယ်တလုံးတွင် ငါးထောင့်ရှိပြီး၊ ကြယ်တလုံးစီ၏ ထိပ်ချွန်တခုစီသည် နိုင်ငံတော်အလံ၏ အထက်သို့မူ သေမတ်မတ် ထောင်ကာ ရှိနေရမည်။

(၂) နိုင်ငံတော်အလံ၏ အရွယ်သည် ကြီးငယ်မဟူ အထက်နည်းဥပဒေ ၂ ပါ အချိုးအစားအတိုင်းကိုက် ညီနိုင်သမျှ ကိုက်ညီစေရမည်။

(၃) အထက်ပါသတ်မှတ်ချက်များသည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးကြောင်း ​ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ အကျိုးသက်ရောက် စေရမည်။

(ပုံ) နေဝင်း၊
ဥက္ကဋ္ဌ၊
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။