နယဒဿနနိဂုံး

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၁၄။ နယဒဿနနိဂုံး


(၆၁၃) ပသာဒေါဇော၊ သဘော ထင်စွာ၊ အလင်္ကာနှိုက်၊ ဂါထာ *ယခင့်၊ ကျူးဆိုဘွင့်သား၊ စပ်သင့် ပုဒ်စဉ်၊ နီးယှဉ် တင့်တယ်၊ သိလွယ် အနက်၊ နှစ်ချက် စုံလှ၊ ပသာဒတည့်၊ သြဇမှာကား၊ သမသ်များနှင့်၊ စကား နာဘွယ်၊ ကျဉ်း-ကျယ် ချဲ့-ချုံ့၊ မှတ်ပုံ့ လက္ခဏာ၊ စွဲး သေချာရှင့်၊ တဖြာ ထိုမှ၊ ဒီဃပုဒ်†ချင်း၊ ရဿ†ချင်းနှင့်၊ ဌာန်†ချင်း တူဟုတ်၊ သံယုတ် ပါယှိ၊ ဓနိ ပါ†ခြင်း၊ ပုဒ်†ချင်း နီးစွာ၊ လွန်သာယာသည့်၊ ပဒါသတ္တိ၊ မည်ယှိ ခေါ်ပြု၊ မဓုရတာ၊ ခရာ တူပုဒ်၊ ထပ်ထပ် ထုတ်လည်း၊ သမုတ် သညာ၊ အနုပ္ပါသ၊ မဓုရတည့်၊ ပဒ လေးလီ၊ သိထီလ†ချင်း၊ ညီစေ†ခြင်းနှင့်၊ မယွင်း ဓနိ၊ ညီစွာ ချိက၊ မိဿိ ရောရာ၊ သုံးမျိုး ပါလည်း၊ သမတာခေါ်ထုံး၊ လေးပုဒ်လုံးနှိုက်၊ စီကုံး သိထိ၊ များစေဘိလျက်၊ ဓနိတက္ခရာ၊ နည်းမျှသာလျှင်၊ ပါသည့် အ†ချင်း၊ သိမ်မွေ့†ခြင်းနှင့်၊ သေ†ခြင်းဟူစွာ၊ လူ့ဝေါဟာကို၊ နတ်ရွာ စံကြွ၊ ဆိုခြင်း စသား၊ ဂါမ္မ ကင်းဝေး၊ ယဉ်ကျေးသမှု၊ ခေါ်ဝေါ်ပြုလည်း၊ သုခုမာလာ၊ မည်ထ တသီး၊ ဌာန်နီး စသည်၊ ပေါင်းတည်ပုဒ်†ချင်း၊ မကွာ†ခြင်းနှင့်၊ မကင်း ဓနိ၊ ပါဘိ နည်းလှ၊ သိလေသတည့်၊ ကဲးဆ လွန်ကျူး၊ ဂုဏ်ထူး အယှိ၊ ပြဆိုဘိနှင့်၊ ဝိသေသန၊ ပါသမျှကား၊ ဥဒါရတာ၊ မှတ်ကုန်ရာ၏၊ လူ့ရွာ ထုံးတမ်း၊ စည်းကမ်း မလွန်၊ ပညဝန်တို့၊ ကောင်း*မွန် နှစ်လို့၊ ခြင်းရာတို့ကား၊ ရွှင်ပျို့ နာအီ၊ ဂုဏ် ကန္တီတည့်၊ ထိုပြီ အပ၊ နေယျ ပြစ်ကွာ၊ သဒ္ဒါ အနက်၊ မထည့်စွက်ဘဲး၊ နှစ်ချက်အရ၊ ထင်စွာလှကား၊ အတ္ထဗျတ္တိ၊ သက်ယှိမူရာ၊ သက်*မဲ့မှာလျှင်၊ တင်ကာ ခေါ်ခြင်း၊ အဆင်း ရှိမြော်၊ ဆင်း*မဲ့ပေါ်တွင်၊ တင်ခေါ် သာညှိ၊ ရသာယှိကို၊ မယှိနှိုက် တည်၊ အရည်မဟူ၊ အရည်မူငြား၊ ကတ္တားယှိ*ဟဲ့၊ ကတ္တု*မဲ့နှိုက်၊ တင်ဘွဲ့ တဖြာ၊ စိုင်ခဲး မာကို၊ ခိုင်မာ*မဲ့ထက်၊ တင်လျက် ခေါ်ဘိ၊ သမာဓိဟု၊ ကဝိလက္ခဏာ၊ ဂုဏ် ဆယ်ဖြာလည်း၊ အလင်္ကာကြီး၊ ပုဒ်တိုင်း ပြီးသည်။။ မှီးလော့ နောက်လူ ဉာဏ်ခိုးတည်း။ (၁)

(၆၁၄) ဇာတိ ဒဗ္ဗ၊ ဂုဏ ကြိယာ၊ နာမ်ပါ ငါးချက်၊ မုချနက်နှင့်၊ ဖြစ်-ပျက် အံ့ဘွယ်၊ ဆန်းကြယ် ထွေပြား၊ ခိုက်တန့်အားဖြင့်၊ ဖြစ်ငြားတုံထ၊ သဘာဝကို၊ ဘွင့်ပြသည်မှာ၊ သဘာဝဝုတ်၊ ငါးမျိုး ထုတ်လော့၊ မုချအလို၊ မဆို တိုက်ရိုက်၊ သွေဝိုက် ဝဲး၍့၊ ထူးကဲး လွန်စွာ၊ ပြဆိုပါက၊ အတ္ထာတိသယ၊ ဝင်္ကဝုတ္တိ၊ အမည်ယှိ၏၊ တူဘိ နှစ်ဖြာ၊ မထင်စွာကို၊ ထင်ရာနှင့် ထုတ်၊ အဟုတ် နှိုင်းကာ၊ ယှဉ်စပါသော်၊ ဥပမာဟူထ၊ ရုပ်တူပြကို၊ ရူပကမည်၊ *လည်လည် ထပ်ထပ်၊ ဆိုအပ်တုံဘိ၊ အာဝုတ္တိတည့်၊ ဆီမီ့းပမာ၊ တနေရာက၊ များစွာပြမူ၊ ဒီပကမှတ်၊ ထူးမြတ် ခြင်းရာ၊ ဆိုလိုပါ၍့၊ ကာလ သုံးပါး၊ ပယ်သော့အားဖြင့်၊ မြစ်တားပြုက၊ အက္ခေပရှင့်၊ ရှေးပြတုံငြား၊ ထိုစကားကို၊ တပါးအနက်၊ တူစွာ ဆက်၍့၊ ဘော်ထွက် ပြဟန်၊ အတ္ထန္တရ၊ နျာသဟူ၊ အတူ ယှဉ်ကာ၊ ဆိုပါတုံလျက်၊ အထူး ထွက်၍့၊ ဆိုမြွက်ပြန်ဘိ၊ ဗျတိရိက်မျိုး၊ ဖြစ်ရိုး လူမှာ၊ ထင်စွာတုံရှောင်း၊ အကြောင်းကို ထား၊ ကြောင်း တပါးဖြင့်၊ ပြငြား အရာ၊ ဝိဘာဝန၊ ဇနက ဉာပက၊ နှစ်ပါး ပြသော်၊ မည်ရ ဟေတု၊ ခေါ်ပြု အစဉ်၊ မြဲးယှဉ် ကမ၊ ထိုမှ တသွယ်၊ နှစ်သက်ဘွယ်ဖြင့်၊ ဓိပ္ပါယ် အနက်၊ ဆိုချက် သာလှ၊ ပိယတရ၊ နာမ မည်ထွေ၊ ဥပမေကို၊ မြှုပ်သွေ ထားချန်၊ ဥပမာန်မျှ၊ အကျဉ်းပြက၊ သမာသအလင်္ကာ၊ ဖြစ်ရင်းစွာမှ၊ ခြင်းရာ တပါး၊ တူရာအားဖြင့်၊ ရှာငြား ကြံအပ်၊ ပရိကပ်ရှင့်၊ တရပ် ထိုပြီ့း၊ လိုယှိအပ်စွာ၊ အားထုတ်ပါ၍့၊ လိုရာ ပြီးမှု၊ ကြောင်း တခုကို၊ ရပြုတုံဘိ၊ သမာဟိတည့်၊ ပရိယာယ၊ ဤဝင်္ကကား၊ ရှောင်ထ သွေဝဲး၊ လှီးလွဲး ဆိုဘွယ်၊ ဝိုက်ကာ သွယ်သည်။။ ပြယာယ် ရိပ်ပြ ယောင်ယိုးတည်း။ (၂)

(၆၁၅) ထိုမှ တသွယ်၊ ဆိုဘွယ် စောင်း †ရွဲ့၊ ကဲ့†ရဲ့ယောင်ပြု၊ ခြီးမွမ်းမှုကား၊ မှတ်ရှုသဘော၊ ဗျာဇောပဝဏ္ဏနာ၊ ဂုဏ်တဖြာကို၊ ထူးဆိုလို၍့၊ ထိုထိုဂုဏ၊ ကြိယနှင့်၊ ဒဗ္ဗ ဇာတိ၊ မယှိ ချို့ခြင်း၊ ဆိုလျှင်းတုံပြီး၊ မြှောက်ခြီးပြုရာ၊ မှန်စွာ ဝိသေသ၊ ကြုံးပ ခြင်းရာ၊ ရဲးရင့်စွာကား၊ ရုဠှာဟင်္ကာရ၊ အတ္ထ နှစ်ပြင်၊ လိုရာတင်တိုင်း၊ ဆန့်ကျင်မယှိ၊ ရဘိနိုင်စွ၊ သိလေသတည့်၊ တကွ တူပြီ၊ အညီ ယှဉ်ပြွမ်း၊ ခြီးမွမ်း ကဲ့ရဲ့၊ ဆိုဘွဲ့ပြုထ၊ တုလျယောဂိ၊ မိမိ ပြ†ခြင်း၊ အနက်ရင်းနှင့်၊ ကျိုး†ချင်း တူစွာ၊ ပြရာ နိဒသ်၊ ကြီးမြတ် တေဇ၊ တန်းခိုး စသား၊ ဆန္ဒ ဘောဂ၊ ထုတ်ဆိုပြက၊ မဟန္တသမိုက်၊ ခြီးထိုက်သည်ကို၊ ဝှက် မဆိုဘဲး၊ ထိုနှင့်အမူ၊ တူ မတူငြား၊ တပါးကိုသာ၊ ပြခြင်းရာကို၊ ဝ ဉ္စနာခေါ်ဘိ၊ မိမိကိစ္စ၊ ငြီးငွေ့စကြောင့်၊ ယုတ်မျှကိုလျက်၊ နှစ်သက်တုံလျှင်း၊ ခြီးမွမ်းခြင်းကား၊ မည်ရင်း နာမ၊ အပ္ပကတတ္ထုတိ၊ ထိုပြီ့း တထွေ၊ နောက်ပုဒ်နေဖြင့်၊ ဝိသေသန၊ ဆင့်ဆင့်ပြသော်၊ ခေါ်ထ မှန်စွာ၊ ဧကာဝဠီ၊ တူညီ မယွင်း၊ ချင်းချင်း နှစ်ခု၊ ကျေးဇူးပြုကြ၊ အညမညတ်၊ မည်မှတ် သညာ၊ ကြိယာဂုဏ၊ တူမောစွကြောင့်၊ တကွ ဖြစ်ချက်၊ ဆိုမြွက် ဘော်ပြ၊ သဟဝုတ္တိ၊ သိလော့ တကွဲး၊ လွန်ကဲးသည်ကို၊ ဆိုလိုသဖြင့်၊ မသင့် အနက်၊ ဆန့်ကျင်ဘက်ကို၊ ရောရှက် နှီးနှော၊ ပြသဘောကား၊ ဝိရောဓိတာ၊ ဦးစွာ ပေးပြု၊ ယူမှု လွန်မင်း၊ ကျိုးဖြစ်ခြင်းကို၊ ဆိုလျှင်း အဟုတ်၊ ပရိဝုတ်ရှင့်၊ မယုတ် တူလှ၊ ထင်မှားစွမူ၊ ဘမဟူလော့၊ သူ၏့အပြစ်၊ မြစ်၍့ ဆိုထ၊ အလိုပြက၊ ဘာဝ မှတ်ရာ၊ အလင်္ကာများ၊ ရောငြား မိဿက၊ တောင့်တတုံလတ်၊ အာသီမှတ်ပြီး၊ ထူးမြတ် လက္ခဏာ၊ လွန်သာယာအောင်၊ သိင်္ဂါရသ၊ ပါထ အညီ၊ ရသီ လင်္ကာရ၊ မည်ခေါ်ကြ၏၊ ပေါင်းပြ တွက်ဘွဲ့၊ ကျယ် မချဲ့သား၊ သုံးဆဲ့ငါးပုဒ်၊ ဝင်္ကဝုတ်သည်။။ မယုတ် နည်းနာ စုံဖြိုးတည်း။ (၃)

(၆၁၆) ဘာဝ ဝိဘာဝ၊ နုဘာဝဟု၊ ကေဋုဘကျမ်း၊ ခွဲးခြမ်း မိန့်ဆို၊ ဤအလိုဖြင့်၊ ထိုထို ကိစ္စ၊ မြဲးမြံလှအောင်၊ စိတ္တဝိသေသ်၊ စိတ်ဖြစ် ထူးလေ့၊ မရွေ့ ဖြစ်ငြား၊ ကြားသူ မြင်သူ၊ *ဗိုလ်လူသဘော၊ မနော ငြိကပ်၊ သာယာအပ်ကြောင့်၊ ပညတ်ခေါ်ညီ၊ ဌာယီဘာဝ၊ ရသ ကိုးပါး၊ ကျမ်းနှိုက် †ကြား၏၊ ယော†က်ျား မိန်းမ၊ ဘာဝအလိုက်၊ ချစ်-ကြိုက် မြင်ရုံ၊ မဆုံသေးရ၊ အယောဂတည့်၊ ထိုမှ နှစ်သက်၊ မနှစ်သက်၍့၊ ပေါင်းဘက် ကွာကြ၊ သံယောဂနှင့်၊ ဝိယောဂမျိုး၊ ဖြစ်ရိုး မှန်လှ၊ ကာမ ယုဒ္ဓ၊ ဓမ္မမည်ဘိ၊ သုံးပါးယှိသား၊ ရတိဘာဝ၊ သိင်္ဂါရတည့်၊ ရွှင်ပ ပြုံး-ရယ်၊ မှတ်ဘွယ် ဟာဿ၊ ကြောင့်ကြ သနား၊ ဤနှစ်ပါးကား၊ မည်ငြား နာမ၊ သောက ကရုဏာ၊ ဟူစပါလော့၊ မျက်ပ ဖရုသ်၊ ကြမ်းကြုတ် ကောဓ၊ ရုဒြတည့်၊ ယုဒ္ဓ ဓမ္မ၊ လှူဒါနနှိုက်၊ လုံ့လ ရဲးရင့်၊ မှတ်သင့် ဥဿာဟ၊ ဝီရလည်းဟူ၊ ကြောက်မူ ဘယ၊ ဘယာနကရှင့်၊ ထိုမှ တအုပ်၊ စက်ဆုပ် ရွံရှာ၊ ဇိဂုစ္ဆာနှင့်၊ ဝိဘစ္ဆာခေါ်ပြု၊ အံ့သြမှုကား၊ မှတ်ရှု ဝိမှယ၊ အဗ္ဘုတမည်၊ ငြိမ်သက်တည်ကို၊ ခေါ်သည် သမ၊ သန္တဟူငြား၊ ဤကိုးပါးတည့်၊ ရှေ့ကား ဘာဝ၊ နောက် ရသဟု၊ မှတ်ကြ မမှား၊ ထူး မခြားဘူး၊ တပါး ထိုမှ၊ ထိုဘာဝနှင့်၊ ကိစ္စ လျော်ရာ၊ ဆက်ဆံစွာလျက်၊ ပျောက်ကွာ ထင်ရှား၊ ရှေးရှုအားဖြင့်၊ နှစ်ပါး သတ္တိ၊ ဖြစ်လေ့ယှိသား၊ ဗျဘိစာရီ၊ တွင်ညီ ဘာဝ၊ သိကုန်ကြလော့၊ ဒဗ္ဗတည်းဟူ၊ အကြောင်းမူကား၊ မှတ်ယူ သညာ၊ အာလမ္ဗဏ၊ ဝိဘာဝရှင့်၊ ထိုမှ အပ၊ ထူးကိစ္စဖြင့်၊ ဌာန အလင်း၊ ထုံသင်း ဂန္ဓ၊ ထင်ကြောင်း စသား၊ ကာရဏဟူပြီ၊ ဥဒ္ဒီပန၊ အမည်ပြ၏၊ ဖလခေါ်မှု၊ အကျိုးစုကို၊ အနုဘာဝ၊ သာတွိကဟု၊ ခေါ်ထအနေ၊ မြဲးမသွေတည့်၊ ခွဲးဝေ ဤမျှ၊ ကျမ်းလာ ပြတိုင်း၊ ဘာဝ ငါးဖြာ၊ လွန်သာယာလျက်၊ ရသာ ထွေပြား၊ ပိုဒ်တိုင်းအားဖြင့်၊ စာသား ချို-မှည့်၊ နှစ်-ဆီ ပြည့်သား၊ နတ်၏့ သုဓာ၊ နတ်သြဇာနှင့်၊ အလင်္ကာစုံ၊ သဒ္ဒါရုံဖြင့်၊ မြန့်ဘုံ ကျွန်းခွင်၊ ထက်ဝန်းရွှင်အောင်၊ စာပဉ္စင်ကြီး၊ မှုတ်-တီး သံညှင်း၊ ပွဲးစုံကျင်းသည်။။ နတ်မင်းသဘင် တူနိုးတည်း။ (၄)

(၅၁၇) ဌာယီဘာဝ၊ အကျဉ်းမျှဖြင့်၊ ပြခဲ့ ထင်စွာ၊ ထိုကိုးဖြာ၏့၊ အင်္ဂါ ခြံရံ၊ ဆက်ဆံ အတူ၊ ဖြစ်မြဲးဟူ၍့၊ ရှေးရှု အထူး၊ မကျူးလွန်ဘိ၊ ဖြစ်လေ့ယှိသား၊ ဗျဘိစာရ၊ ဤဘာဝလည်း၊ ပေါင်းစည်း တွက်ဘွဲ့၊ သုံးဆဲ့သုံးပါး၊ ပြား၏့ ခြင်းရာ၊ လက္ခဏာကို၊ လင်္ကာသရုပ်၊ ချုပ်၍့ တထွေ၊ ပြ-ညွှန်ပေအံ့၊ နိဗ္ဗေ ငြီးငွေ့၊ အောက်မေ့ ပျင်းရိ၊ အသိပညာ၊ ဣဿာ မိန်းမှိုင်၊ မအိပ်နိုင်ကျင်၊ အိပ်ချင် ဟန်†လုပ်၊ စိတ် တုန်†လှုပ်ဘိ၊ မျက်စိ မူး-ပြာ၊ ရောဂါ လျပ်ပေါ်၊ အိပ်ပျော် အားထုတ်၊ ကြမ်းကြုတ် နွမ်းနယ်၊ အားကွယ် *မာန်ကျန်း၊ ပင်ပန်း ရူး-တက်၊ သေ-ရှက် မိုက်မဲး၊ *ရောင့်ရဲး တည်ကြား၊ ယုံမှား အကြံ၊ သည်းမခံ†ခြင်း၊ ကြည်ညို†ခြင်းနှင့်၊ ယစ်†ခြင်း *ထီးကျန်၊ ကျမ်းဂန် လာယှိ၊ ဗျာဘိစာရီ၊ မှတ် နည်းမှီလော့၊ ထိုပြီ တဝ၊ သာတွိကကား၊ ထမ္ဘမည်ငြား၊ နှစ်ပါး ကိုယ်-စိတ်၊ ခက်ကျိတ် တည်တံ့၊ ခိုင်မာ ခံ့၏၊ မကြံ့ မိန်းမော၊ နစ်မျော မေ့ထ၊ ပလယမည်ခြင်း၊ မွေးညှင်း ကြက်သီး၊ ဘီးဘီး ထကြွ၊ ရောပဉ္စတည့်၊ သေဒ ချွေးထွက်၊ မျက်ရည်စက်ကား၊ ခေါ်ငြား အဿု၊ ဝေပထု တုန်လှုပ်၊ ဆင်း-ရုပ် ဘောက်ပြန်၊ ဝေဝဏ္ဏိယ၊ မှတ်အပ်စွရှင့်၊ ဝိသရမည်၊ မကြည် သံပျက်၊ ဤရှစ်ချက်ဟု၊ ကျမ်းထွက်အလာ၊ အလင်္ကာနှိုက်၊ ဆရာ သင်္ဃရက်၊ မိန့်မြွက်ဆိုတိုင်း၊ မလှိုင်း မကျယ်၊ အကျဉ်းသွယ်သည်။။ ဝမ်းဝယ် မှတ်ရန် အကျိုးတည်း။ (၅)

(၆၁၈) ပဒ ဝါကျ၊ တဒတ္ထဟု၊ ဒေါသအပြား၊ သုံးပါးတို့တွင်၊ အ †ကြင် အကြင်၊ လောကတွင်တိ၊ ဆန့်†ကျင်ဘက်မျိုး၊ အဆိပ်မိုးဖြင့်၊ ကောင်းကျိုး ချမ်းသာ၊ ပေးတတ်စွာဟု၊ ဆိုရာ မဟုတ်၊ ဤပြယုဂ်ကား၊ ဝိရုဒ္ဓတ္ထန္တရ၊ ဒေါသ မည်ထူး၊ အပြစ် †ကျူး၏၊ စုန်း†ကြူးပိုးရောင်၊ ဆယ်ရပ်ဘောင်ကို၊ ပြောင်ပြောင် ထွန်းတတ်၊ ဂုဏ် လွန်မြတ်၍့၊ အဓျတ္ထ၊ ဒေါသမည်စွာ၊ သဒ္ဒါ အနက်၊ သိခက်သမျှ၊ ကိလိဋ္ဌတည့်၊ ထိုမှ ကြံစိပ်၊ တောင်ထိပ် ကြာပေါက်၊ အနောက် နေထွက်၊ ဆိုချက်အရ၊ ဒေသ ကာလ၊ ကလာ စသား၊ ဉာယ အာဂုံ၊ လူ့ဘုံ နတ်ရွာ၊ သတ္တဝါလောက၊ ဟူသမျှနှင့်၊ သမ မယှိ၊ ဝိရောဓိဟူ၊ မှတ်လေမူလော့၊ ရောင်ဖြူ ဆယ်ရပ်၊ နှံ့စပ် ထွန်းပြောင်၊ ဆိုသော့ယောင်သို့၊ ဆောင်၍့ပြောမှ၊ သိပြန်†ရသော်၊ နေ†ယျဒေါသ၊ ဟူတုံကြ၏၊ သမ္ဘဝနက်၊ ဗျဘိနက်ဖြင့်၊ ရောယှက်တုံမျှို့၊ မည်သို့ မသိ၊ ထူး မယှိသား၊ မျက်စိ ပြူးပြူး၊ မိန်းမူး တည့်တည့်၊ စိမ်းစိမ်းကြည့်ဟု၊ ဆိုသည့်အရာ၊ ဝိသေသနာပေက္ခ၊ ပုဒ်ဒေါသတည့်၊ ထိုမှ တလှစ်၊ ပုဒ် ဝိသေသ်ကို၊ နွမ်းညစ်တတ်စေ၊ ပုဒ်-ဝိသေ မြင့်၊ ကြက်သရေ တန်းခိုး၊ ညှိုးယုတ် မပြောင်၊ ပိုးစုန်းရောင်ကို၊ ကုန်အောင် ပယ်ရှင်း၊ ထွန်းနိုင် လင်းသား၊ နေမင်း ပြဘင်၊ ဟူသောသွင်သို့၊ ဆိုကျင် ဟီနတ်၊ ဒေါသ မှတ်လော့၊ နိပါတ် ဥပသာ၊ ပုဒ်ပြည့်ကာမျှ၊ နက် မရဘဲး၊ ပါထတုံလေ၊ ဝိသေ ဝိသေသ်၊ ထိုပုဒ် နှစ်ပင်၊ အပြစ် မလွတ်၊ ဖြစ်တုံလတ်ကြောင့်၊ အနတ္ထက၊ ခေါ်မှတ်ကြသည်။။ ပဒဒေါသ ရှစ်မျိုးတည်း။ (၆)

(၆၁၉) ထိုမှ တသွယ်၊ ဝါကျဝယ်ကား၊ ပရိယာယ် မဟုတ်၊ ဝေဝုစ်မဟူ၊ ရှေးမူ တသီး၊ ဆိုပြီးလျက်သာ၊ သဒ္ဒါ အနက်၊ နှစ်ချက် ထပ်ပို၊ တဘန် ဆိုသော်၊ ရေကို ပေးတတ်၊ ရေပေးနတ်တို့၊ ဧကတ် သမုတ်၊ ပုနရုတ်တည့်၊ အားထုတ် ဆိုချက်၊ အစဉ်ပျက်က၊ ဘဂ္ဂရီတိ၊ မည်ရှိ ခေါ်လင့်၊ မစပ်သင့်နှင့်၊ စပ်သင့်ပုဒ်ကို၊ နီး-ဝေးဆိုသော်၊ ထိုသည့်ဝါကျ၊ ဗျာကိဏ္ဏတည့်၊ ဂါမအလိုက်၊ အပျိုမိုက်ကား၊ မကြိုက် ငါ့ကို၊ ဘဲ့ကြောင့်ဆိုသို့၊ မချို မယဉ်၊ *နားချဉ် နားခါး၊ စကား ရုန့်ကြမ်း၊ ရွာသူ့တမ်းဖြင့်၊ မချမ်း နားဝယ်၊ နာဘွယ် မယှိ၊ ဆိုဘိတုံထ၊ လွန်ရိုးပြသား၊ ဂါမ္မဒေါသာ၊ မှတ်အပ်စွာ၏၊ ဖြတ်ရာ မဖြတ်၊ အာချာတ် နာမ်ပုဒ်၊ လေးလုံး ယုတ်တွင်၊ *ပြတ်တုတ် အလယ်၊ မပြုဘွယ်ရှင့်၊ အကယ်၍့တိ၊ ဖြတ်သည်ယှိက၊ ယတိဟီန၊ ဒေါသမည်စွာ၊ သင်္ဃာ တရား၊ ဘုရားဆိုချက်၊ အစဉ် ပျက်ကား၊ ဆက်ဆက် မှတ်ပြု၊ ကမစ္စုတည့်၊ မာတုဂါမ၊ သားမြတ်ပြလျှင်၊ မိုးဝအပြင်၊ ကောင်းကင် မဆံ့၊ ဟူလတ္တံ့ဟု၊ ခြီးအံ့ ရူးမူး၊ ဆိုထူး ဆိုချွန်၊ ဆိုလွန် ဆိုနှုတ်၊ အတိဝုတ်ဟု၊ သမုတ် လူ့ပြည်၊ ဒေါသမည်၏၊ နွားမသည်သား၊ မြက်စားဟူလျှင်း၊ ကင်းသည့် ပိဏ္ဍတ်၊ ဓိပ္ပါယ် ချွတ်အောင်၊ ဥမ္မတ်စကား၊ အရူးလားသို့၊ ဆိုငြားတုံလတ်၊ အပေတည်တည့်၊ ပေါက်လွှတ် တောသံ၊ လူရိုင်းသံသို့၊ ရွတ်သံ ပြင်းပြ၊ ဓနိတနှင့်၊ ဃောသအက္ခရာ၊ အပါ များက၊ ဗန္ဓဖရုသ်၊ ခေါ်သမုတ်၏၊ သုတ် လက္ခဏာ၊ ပြယုဂ်ပါလျှင်၊ လင်္ကာ ပိုင်းခြား၊ သံချို ကြားသည်။။ မှတ်သား ဝါကျ ပြစ်ကိုးတည်း။ (၇)

(၆၂၀) ဝါကျအနက်၊ ဆိုစဉ် ဖျက်၍့၊ ယထာက္ကမ၊ မကျ စဉ်လာ၊ ဘာဝနာ ဒါန၊ သီလတရား၊ အကျိုးအားဖြင့်၊ ခံစား ရိပ်ငြိမ်၊ စည်းစိမ် ဥစ္စာ၊ နတ်ရွာ နိဗ္ဗာန်၊ ဆိုသော့ဟန်သို့၊ မမှန်အချက်၊ ကြောင်း-ကျိုး ပျက်က၊ အပက္ကမ၊ ဒေါသဝါကျတ်၊ ဟူ၍့ မှတ်လော့၊ မြတ်၏ ငါ့†ကိုယ်၊ သူ့ထက်ပိုဟု၊ ကိုယ့်†ကို ကိုယ်ရှင်၊ ခြီးမွမ်းကျင်နှင့်၊ သက်ပင် တပါး၊ စွန့်နိုင်ငြားလျက်၊ သား-သမီးကို၊ အလို မရဲး၊ စွန့်နိုင်ခဲးဟု၊ ချွတ်လွဲး ယွင်းဘောက်၊ ရှေ့-နောက် မညီ၊ ဤသည့်ဒေါသ၊ သြစိတျတည့်၊ ဥပသဂ္ဂ၊ နိပါတနှင့်၊ သဗ္ဗနာမ် ဝိဘတ်၊ အစဉ် ချွတ်က၊ မည်မှတ် သညီ၊ ဘဂ္ဂရီရှင့်၊ ထို-ဤအနက်၊ နှစ်ချက် နှစ်သွယ်၊ ယုံမှားဘွယ်ဖြင့်၊ အကယ်သဘော၊ ဂေါပဒဿန၊ ဟူတုံထသို့၊ သံသယခေါ်၊ မလျော်စကား၊ မကြားစသာ၊ ကြမ်းကြုတ်စွာသား၊ ဆိုငှါ ခက်စွ၊ ထိုဒေါသကား၊ ဂါမ္မဟူပေ၊ ထွေထွေ ထိုမျှ၊ ပြစ်ဒေါသတို့၊ ဝါကျတွင်းမှာ၊ ရောယှက် ပါက၊ ဒုဋ္ဌာလင်္ကာရ၊ ဒေါသ ခေါ်ရိုး၊ ခြောက်မျိုး ဝါကျတ်၊ ဤသို့ မှတ်လော့၊ ကျမ်းမြတ် ရွှေစာ၊ ဤလင်္ကာကား၊ ရှစ်ဖြာ ပဒ၊ ကိုး ဝါကျနှင့်၊ ဝါကျတ္ထ ခြောက်၊ ပြစ်မျိုး †ပျောက်၍့၊ မ†ပြောက် *ပြစ်ဆာ၊ ကင်းစင်ကွာသည်။။ မဟာနဂ္ဃ အဘိုးတည်း။ (၈)

(၆၂၁) တပုံ သိလော့၊ သန္ဓိပုဒ်ရှက်၊ စပ်၍့ ဝှက်က၊ သိခက်လှစွာ၊ ထိုသဒ္ဒါကား၊ သမာဂတာ၊ သညာတွင်ညီ၊ ပဟေဠီတည့်၊ ထိုပြီ တမူ၊ အနက်တူငြား၊ သဒ္ဒါအားဖြင့်၊ ဝှက်ထားသည်မှာ၊ ဝ ဉ္စိတာမည်ပေး၊ အစပ် ဝေးမှု၊ ပြုသည့်အရာ၊ ဥက္ကန္တာခေါ်ထုံး၊ အသုံးနည်းစွာ၊ သဒ္ဒါ ပါဌ်-ပုဒ်၊ ဝှက် ဆိုထုတ်က၊ ပမုဿိတာ၊ ပစ္စယာဒေသ၊ စသည် အထား၊ မထင်ရှားအောင်၊ ဝှက်ငြား ဖရုသ်၊ ဝေဝုစ် ပရိယာယ်၊ သဒ္ဒါသွယ်၍့၊ ဖုံးကွယ် အတ္ထ၊ အမည်ပြသော်၊ သမာနသဒ္ဒါ၊ မှတ်တို့ရာ၏၊ များစွာ စဉ်လျက်၊ သမ္ဗန်နက်ဖြင့်၊ ဆက်၍့ တည်ယှိ၊ ပရိဟာရိနီ၊ ပဟေဠီဟူလစ်၊ ဤခုနစ်ကား၊ စင်စစ် မည်ရိုး၊ သဒ္ဒါမျိုးတည့်၊ ကြိုး၍့ မှတ်ယူ၊ သဒိသူအား၊ နက်တူထား၍့၊ တပါး လိုလို၊ ဝှက်ဆိုသမျှ၊ သမာနရူပါ၊ သင်္ချာအနက်၊ ယူပုံ ခက်က၊ သင်္ချာတမည်၊ တတည် မှတ်ရေး၊ ဂုဏ် ဂုဏေးနက်၊ တူလျက် မလွဲး၊ မျိုးကွဲးလက္ခဏာ၊ ခြင်းရာ တပါး၊ ဆိုငြား ဝှက်ဘိ၊ ပကပ္ပိတည့်၊ မသိစေငှါ၊ မည်သဒ္ဒါကို၊ ထွေရာ ဆန်းပြား၊ အနက်အားဖြင့်၊ များစွာ ကြံဘန်၊ ဆိုဝှက်ဟန်ကား၊ နာမန္တရိ၊ မည်ယှိ တချက်၊ အနက် သဒ္ဒါ၊ တူလှစွာကြောင့်၊ မလိုရာနက်၊ ပယ်လျက် ပြကာ၊ နိဘူတာ သမိုက်၊ တိုက်ရိုက်ပြလျက်၊ အနက်တပါး၊ ထင်မှားသည်မှာ၊ သံမုဠှာမည်မှတ်၊ သမာသ် ရှေ့ပုဒ်၊ ပယ်နုတ် ဝှက်လစ်၊ ဧကစ္ဆန္နာ၊ နှစ်ဖြာ ပုဒ်လုံး၊ ဝှက်ဖုံး ကွယ်ထ၊ ခြင်းရာမျှဖြင့်၊ ပြ၍့ ဆိုရာ၊ သညာ စင်စစ်၊ ဥဘယစ်ရှင့်၊ နှစ်သုံး လေး-ငါး၊ ရောငြား ပဟေ၊ ဝှက်လေသော့ခါ၊ သံကိဏ္ဏာမည်၊ ဤသည် ရှစ်မျိုး၊ အနက်ရိုးတည့်၊ ကိုးနှင့် ခုနစ်၊ ပေါင်းလစ်တုံမြောက်၊ ဆဲ့ခြောက် အညီ၊ ပဟေဠီသည်။။ နည်းမှီ မှတ်ယူ လက်ချိုးတည်း။ (၉)

(၆၂၂) တနည်း မှတ်လော့၊ ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာ ရတု၊ ဆိုမှု စီကုံး၊ အစဉ် ထုံးကား၊ သုံးပုဒ်လုံးမူ၊ အတူ ချီ-ချ၊ ယှိက မည်မှန်း၊ ထူးဆန်း ထွေလာ၊ ဟုခရာနှင့်၊ ချပါ အကဲ့၊ အညွန့် *မဲ့ဟူ၊ တမူ နာမ၊ ထင်းမီးစတည့်၊ ချီ-ချ သုံးလီ၊ မညီ *ကျီးကျူး၊ ကက္ကူဆူးဟု၊ အထူး မှတ်လေ၊ သဝေ အသတ်၊ သတ် မသတ်မျိုး၊ စာကျိုးခေါ်ကြ၊ ငည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူ စပ်သော်၊ ပညပ် ခေါ်ထုံး၊ စာတုံးမည်ရ၊ အန္တ မမှန်၊ ကာရန် မတူ၊ စာဆန်းဟူ၏၊ သရူ သဝဏ်၊ ထပ်ဟန် မလွဲး၊ အသတ် လဲး၍့၊ လှီးလွဲး တသွယ်၊ ဘီလူးရယ်တည့်၊ သူငယ် မလိမ္မာ၊ ဘွယ်ရာ မယှိ၊ ဆိုဘိသော့လား၊ စကား မည်ကာ၊ မစပ်ရာသား၊ လက္ခဏာ ခုနစ်၊ စင်စစ် မှတ်ဘိ၊ အမြဲး သိလော့၊ သတ်ယှိ ချလျှင်၊ ညွန့်ရှင်ဟူလတ်၊ သတ်*မဲ့တုံလျှင်း၊ ချီ-ချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှ တဖြာ၊ ၍့ခရာလျှင်၊ မပါ ချ-ချီ၊ သညီ ငုံဖူး၊ အထူး မှန်မော၊ သတ်ရော၍့ပါ၊ ချီ-ချရာကား၊ သညာ မှတ်ဘွယ်၊ ပုလဲးသွယ်ရှင့်၊ ရှေးဝယ် *မဆွ၊ ပုဒ်အစ၏့၊ ဒု-တ အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပါယတ္ထ၊ ချီတုံကမူ၊ နာမသညီ၊ လည်ကုပ်ချီတည့်၊ ထိုပြီ တဝ၊ ရှေးပုဒ်ချနှိုက်၊ ပါထ ခရာ၊ အဓိပ္ပါဖြင့်၊ ယူကာ ချီမြောက်၊ အဖျားကောက်တည့်၊ ထို့နောက် သမုတ်၊ ချီပုဒ်ကို ချ၊ ချပုဒ်တိုင်း ချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီ စမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန် သင့်အောင်၊ ချီလင့်တုံထ၊ မြင်းဆက်ခွတည့်၊ ရှေးက ဉာဏဝန်၊ ဆရာ*မွန်တို့၊ နည်းညွှန် မှတ်ဘွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ် မကျဉ်း၊ လင်္ကာ ချဉ်းသည်။။ ရွှေမျဉ်း ရွှေတံ ရွှေကြိုးတည်း။ (၁၀)

(၆၂၃) က-စ-တ-ယ၊ ပ-ရ-မတို့၊ သတ္တ ဗျ ဉ္ဇနာ၊ ချ-ချီရာလည်း၊ မည်သာ တတန်၊ ရွှေလောင်းပြန်ရှင့်၊ မှတ်ရန် တမူ၊ သတ်တူ သံတူ၊ ကာရန်တူ ချ၊ လ၏့ မည်ဆောင်၊ သောတာရောင်တည့်၊ ထို့နောင် တပါး၊ ခြား၍့ မှတ်ကြ၊ က-တ-ထဖြင့်၊ ချသည့် တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်း စဉ်ဆက်၊ သက်သက် ဝဏ္ဏ၊ ဧက ဒွယာ၊ အကြားပါလတ်၊ သတ်*မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ် မြဲးသိပ်၊ ဖျောက်ဆိပ် လ,လယ်၊ တသွယ် မည်မှတ်၊ မသတ် နည်းငြား၊ အသတ် များတုံ၊ စာညွန့်ဟုံတည့်၊ မှတ်ပုံ အဆုံး၊ ခုနစ်လုံး ချ၊ ဟူသမျှကား၊ နာမ ပညတ်၊ ခိုင်ညွတ်ခက်ဖြာ၊ နဝါ ချဘိ၊ မဏိဆံကျင်၊ ထိုပြင် တဆစ်၊ ဆဲ့တစ် ချမှာ၊ အာသာဝတီ၊ ဆဲ့ငါးပြီမူ၊ မှတ်ယူ မည်ယှိ၊ မဏိဥပြည်း၊ တနည်း ထိုမှ၊ ဆဲ့ကိုး ချမှာ၊ ဇောတခိုင်လုံး၊ ချထုံး တလီ၊ ပဉ္စဝီကား၊ တွင်ညီ မည်မှတ်၊ မပြတ် ကေသာ၊ ပဉ္စာတိံသ၊ နာမ မည်ပြု၊ ဇမ္ဗူ့သပြေ၊ ထို့ထက်ထွေ၍့၊ ချစေ လင်္ကာ၊ ထုံး မလာတည့်၊ နည်းနာ လက်ယှိ၊ အရိုး သိလော့၊ ကဝိကဏ္ဌ၊ ပါသ ခေါ်ညွှန်း၊ နန်းစဉ် ထွန်းသည်။။ *မော်ကွန်း ရွှေပွင့် တင်ထိုးတည်း။ (၁၁)

(၆၂၄) မှတ်ကြောင်း သိစိမ့်၊ ပဏ္ဍိ ကဝိန်၊ သုခမိန်တို့၊ ပညိန္ဒြိယ၊ သတိ စသား၊ ကုသလဇော၊ ယောနိသောဖြင့်၊ သဘော ကြည်ဖြူ၊ ဖတ် နာမူလော့၊ ဖတ်သူ နာသား၊ ယောက်ျား မိန်းမ၊ ဝဒန္တနှင့်၊ သုဏန္တဆို၊ နှစ်ပါး ထိုတွင်၊ ပုဂ္ဂိုလ် ဝဒန်၊ ဖြစ်ရိုးမှန်ကား၊ *လက်မွန် ဆတ်ဆတ်၊ ပရမတ်ဖြင့်၊ ပညတ် တဇ္ဇာ၊ ဥပါဒါ သမူဟ၊ သန္တာနနှင့်၊ အတ္ထသင်္ကေတ၊ သဒ္ဒပညတ်၊ မှတ်၍့ ဦးစွာ၊ မနောဒွါက၊ ကာမာဝစရ၊ ကုသလဇောစစ်၊ ချက် ခုနစ်နှင့်၊ တူဖြစ် ဝစီ၊ ဝိညတ် မှီ၍့၊ မြွက်ချီ သဒ္ဒ၊ ဒသ ကလာပ်၊ ထိုကလာပ်မှ၊ ဓာတ်တေဇကား၊ သဒ္ဒနဝက၊ ဥတုဇကို၊ ဆင့်ထ ထပ်ထပ်၊ ဖြစ်စေအပ်လျက်၊ ကလာပ် ထိုတွင်၊ ပါကျင် အညီ၊ ပထဝီနှင့်၊ ငါးလီ ဌာန်မှ၊ ကမ္မဇမည်မှတ်၊ ဖြစ်ပေါ်လတ်သည့်၊ မြေဓာတ် နှစ်ပါး၊ ထိခိုက်ငြား၍့၊ နား၏့ ဝိသယ၊ ရုပ် သဒ္ဒတို့၊ ဖြစ်ကြ အသံ၊ ညိုးညိုးညံတည့်၊ ထိုအသံက၊ ပြန်ကာ ချသော်၊ သုဏန္တ နား၊ နာသူများ၏့၊ ကြားသော် ခဏ၊ သဒ္ဒပညတ်၊ မည်မှတ် နာမ၊ သင်္ကေတက၊ အတ္ထ စဉ်†လျှောက်၊ တဇ္ဇာ ရောက်အောင်၊ ဉာဏ်†လျောက်ပြန်၍့၊ သိစလေ့၏၊ သိမ့်မွေ့ လုံးစုံ၊ အာရုံ အာရမ္မဏိ၊ ပေါင်းညှိ စိတ်ဖြာ၊ အက္ခရာ တလုံး၊ နှစ်-သုံး-လေးချက်၊ ဝီထိ ဆက်၍့၊ အနက် သိမြဲး၊ ထပ် မ*စဲးဖြင့်၊ ကြားဆဲး ကြားပြီး၊ ဆီမီး-ရေယဉ်၊ အစဉ်မပြတ်၊ စိတ္တုပ္ပါဒ်နှင့်၊ သံဓာတ် အက္ခရာ၊ လွန်ကာ ချုပ်ထ၊ ဤခြင်းတကား၊ အနိစ္စ ဒုက္ခ၊ အနတ္တချည်း၊ သိမ်းဆည်း ကုန်အောင်၊ တိမ်တောင် မီးခိုး၊ စက်သံမျိုးသို့၊ ကြောင်း-ကျိုး စပ်ကာ၊ ထင်လာ ပေါ်ငုပ်၊ နာမ်-ရုပ် သက်သက်၊ ဖြစ်-ချုပ်ပျက်ဟု၊ တိလက္ခ†ဏာ၊ တင်၍့သာလျှင်၊ ဝိပဿ†နာဖြစ်ကြောင်း၊ ဖတ် နာကောင်းသည်။။ နတ်မောင်း ရွှေစည် ဆော်နှိုးတည်း။ (၁၂)

နယဒဿနနိဂုံး (၁၂)ပိုဒ် ပြီး၏၊