ဒုရာဇာနဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၆၄။ ဒုရာဇာနဇာတ်

ဧကကနိပါတ်-ဣတ္ထိဝဂ်

၄။ ဒုရာဇာနဇာတ်

မိန်းမတို့၏အလိုကို မသိနိုင်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မာ သုနန္ဒိ ဣစ္ဆတိမံ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤဒုရာဇာနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သီတင်းသည်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိမြို့၌နေသော သီတင်းသည်သည် သုံးပါးကုန်သော သရဏဂုံတို့၌၎င်း၊ ငါးပါးကုန်သော သီလတို့၌၎င်း တည်သတတ်၊ ဘုရားကို မြတ်နိုးသတတ်၊ တရားကို မြတ်နိုးသတတ်၊ သံဃာကို မြတ်နိုးသတတ်၊ ထိုသီတင်းသည်၏ မယားသည် သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏။ အကြင်နေ့၌ မှားသောအကျင့်ကို ကျင့်၏။ ထိုနေ့၌ အသပြာတရာဖြင့် ဝယ်သော ကျွန်မကဲ့သို့ ဖြစ်၏။ မှားသောအကျင့်ကို မကျင့်သော နေ့၌ကား သခင်မကဲ့သို့ ဖြစ်၏။ ကြမ်းကြုတ်၏။ ထိုသီတင်းသည်သည် မယား၏အလိုကို သိခြင်းငှါမတတ်နိုင်၊ ထိုအခါ မယားသည် နှိပ်စက်အပ်သည်ဖြစ်၍ ဘုရားအားခစားအံ့သောငှါမသွား။

ထိုအခါ တနေ့သ၌ နံ့သာ, ပန်း အစရှိသည်တို့ကို ယူလျက် လာလတ်၍ ရှိခိုး၍နေသောထိုသီတင်းသည်ကို မြတ်စွာဘုရားသည် သီတင်းသည် သင်သည် အဘယ့်ကြောင့်လျှင် ခုနစ်ရက်ရှစ်ရက်တို့ပတ်လုံး ငါဘုရားကိုခစားအံ့သောငှာ မလာသနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား အကျွန်ုပ်၏မယားသည် တနေ့သောနေ့၌ သပြာတရာဖြင့်ဝယ်သော ကျွန်မကဲ့သို့ ဖြစ်၏။ တနေ့သောနေ့၌ သခင်မကဲ့သို့ ဖြစ်၏။ ကြမ်းကြုတ်၏။ အကျွန်ုပ်သည် ထိုမယား၏ အလိုကို သိအံ့သောငှါမတတ်နိုင်၊ ထိုမယားသည် နှိပ်စက်သည် ဖြစ်၍ အကျွန်ုပ်သည် အရှင်ဘုရားတို့အားခစားအံ့သောငှါ မလာဟု လျှောက်၏။ ထိုအခါ သီတင်းသည်၏စကားကို ကြားတော်မူ၍ မြတ်စွာဘုရားသည် သီတင်းသည် မာတုဂါမ၏ အလိုမည်သည်ကို သိနိုင်ခဲ၏။ သင့်အား ရှေး၌လည်း ပညာရှိတို့သည် ပြောဆိုဘူးကုန်ပြီ၊ သင်သည် ဘဝဖုံးလွှမ်းသည်၏အဖြစ်ကြောင့် ထိုစကားကို မှတ်အံ့သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၏။ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဒိသာပါမောက္ခဆရာဖြစ်၍ ငါးရာကုန်သောလုလင်တို့ကို အတတ်သင်စေ၏။ ထိုအခါ တယောက်သော တိုင်းတပါး၌နေသောပုဏ္ဏားလုလင်သည် လာလတ်၍ ထိုဒိသာပါမောက္ခဆရာအထံ၌ အတတ်သင်သည်ရှိသော် တယောက်သောမိန်းမ၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ ထိုမိန်းမကိုမယားပြု၍ ထိုဗာရာဏသီမြို့၌သာလျှင် နေလျက် နှစ်ကြိမ်သုံးကြိမ် ဆရာအား ခစားအံ့သောငှါလာ၏။ ထိုပုဏ္ဏားလုလင်၏မယားသည်ကား သီလမရှိ၊ ယုတ်သော အကျင့်ရှိ၏။ မှားသောအကျင့်ကို ကျင့်သောနေ့၌ ကျွန်မကဲ့သို့ ဖြစ်၏။ မှားသောအကျင့်ကို မကျင့်သောနေ့၌ သခင်မကဲ့သို့ ဖြစ်၏။ ကြမ်းကြုတ်၏။ ပုဏ္ဏားလုလင်သည် ထိုအခါ ခုနစ်ရက်ရှုစ်ရက်တို့ကိုလွန်စေ၍ လာလတ်သော တပည့်ပုဏ္ဏားလုလင်ကို လုလင် အဘယ့်ကြောင့် မထင်သနည်းဟု ဆရာသည် မေး၏။

ထိုပုဏ္ဏားလုလင်သည် ဆရာ အကျနုပ်၏မယားသည် တနေ့သောနေ့၌ အလိုရှိသည်ဖြစ်၍တောင့်တ၏။ ကျွန်မကဲ့သို့ နှိမ့်ချသောမာနရှိ၏။ တနေ့သ၌ သခင်မကဲ့သို့ခိုင်မာ၏။ ကြမ်းကြုတ်၏။ အကျွန်ုပ်သည် ထိုမိန်းမ၏အလိုကို သိခြင်းငှါမတတ်နိုင်၊ ထိုမိန်းမသည် နှိပ်စက်အပ်သည်ဖြစ်၍ နှောက်ရှက်သော စိတ်ရှိသည်ဖြစ်၍ ဆရာတို့အားခစားအံ့သောငှါ မလာသည်ဖြစ်၏ဟု ဆို၏။ ဆရာသည် လုလင် သင်ဆိုသောစကားသည် သင်ဆိုတိုင်းသာလျှင် မှန်၏။ မိန်းမတို့သည်လည်း ယုတ်မာသောအကျင့်ကို ကျင့်သည့်နေ့၌ လင်၏အလိုသို့ လိုက်ကုန်၏။ ကျွန်မကဲ့သို့ နှိမ့်ချသော မာန်ရှိသည်ဖြစ်၏။ ယုတ်မာသော အကျင့်ကို မကျင့်သော နေ့၌ကား မာနဖြင့်ခိုင်မာသည်ဖြစ်၍ လင်ကိုမခံ့ညား၊ ဤသို့ ထိုမိန်းမတို့မည်သည်ကား ယုတ်မာသော အကျင့်ရှိကုန်၏။ သီလမရှိကုန်၊ ထိုမိန်းမတို့၏ အလိုမည်သည်ကိုသိနိုင်ခဲ၏။ ထိုမိန်းမတို့သည် အလိုရှိကုန်သော်၎င်း၊ အလိုမရှိကုန်သော်၎င်း လျစ်လျူရှုအပ်ကုန်သည်သာလျှင် ဖြစ်ရာ၏ဟုဆိုပြီး၍ ထိုတပည့်လုလင်ပုဏ္ဏားအား ဆုံးမသည်၏ အစွမ်းအားဖြင့်-

၆၄။ မာ သု နန္ဒိ ဣစ္ဆတိ မံ၊ မာ သု သောစိ န မိစ္ဆတိ။
ထီနံ ဘာဝေါ ဒုရာဇာနော၊ မစ္ဆဿေဝေါဒကေ ဂတံ။

ဟူသော ဤဂါထာကို ဆို၏။

၆၄။ မာဏဝ၊ လုလင်။ မံ၊ ငါ့ကို။ ဣစ္ဆတိ၊ အလိုရှိ၏ဟူ၍။ မာ သုနန္ဒိ၊ မနှစ်သက်လင့်။ မံ၊ ငါ့ကို။ နဣစ္ဆတိ၊ အလိုမရှိဟူ၍။ မာ သု သောစိ၊ မစိုးရိမ်လင့်။ ဥဒကေ၊ ရေ၌။ မစ္ဆဿ၊ ငါး၏။ ဂတံ၊ သွားရာ လမ်းခရီးကို။ ဒုရာဇာနံ ဣဝ၊ သိနိုင်ခဲသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ထီနံ၊ မိန်းမတို့၏။ ဘာဝေါ၊ အလိုကို။ ဒုရာဇာနော၊ သိနိုင်ခဲ၏။

ဤသို့ ဘုရားလောင်းသည် တပည့်လုလင်အား အဆုံးအမကို ပေး၏။ ထိုအခါမှစ၍ တပည့်လုလင်သည် ထိုမယား၌ လျစ်လျူရှုသည်ဖြစ်၏။ ထိုတပည့်၏ မယားသည်လည်း ဆရာသည် ငါသီလမရှိသောအဖြစ်ကိုသိသတတ်ဟု ထိုအခါမှစ၍ ယုတ်မာသောအကျင့်ကို မကျင့်၊ ထိုသီတင်း သည်၏ မယားသည်လည်း မြတ်စွာဘုရားသည် ငါယုတ်မာသောအကျင့်ကို ကျင့်သော အဖြစ်ကို သိတော်မူသတတ်ဟု ထိုအခါမှစ၍ ယုတ်မာသောအကျင့်ကို မကျင့်၊ မကောင်းမှုမည်သည်ကို မပြု၊ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုသီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ လင်မယားတို့သည်လျှင် ထိုအခါ လင်မယားတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဣတ္ထိယဆို၊ မိန်းမပျို၊ အလို သိနိုင်ခဲ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုရာဇာနဇာတ်သည် ပြီး၏။

*****