အနဘိရတိဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၆၅။ အနဘိရတိဇာတ်

ဧကကနိပါတ်-ဣတ္ထိဝဂ်

၅။ အနဘိရတိဇာတ်

မိန်းမတို့မည်သည် ယုတ်မာသည်သာလျှင်ဖြစ်၍ လျစ်လျူ ရှု၍သာ နေအပ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယထာ နဒီစ ပန္ထောစအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအနဘိရတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထိုအခြားမဲ့သောဇာတ်၌ ဆိုအပ်ခဲ့ပြီးသောသီသင်းသည်နှင့် တူသည်သာလျှင်ဖြစ်သော သီတင်းသည် ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည်ကား စုံစမ်းသည်ရှိသော် ထိုမယား၏ သီလမရှိသောအဖြစ်ကို သိ၏။ ပြင်းစွာ အမျက်ထွက်သောအဖြစ်ဖြင့် နှောက်ရှက်သည်၏အဖြစ်ကြောင့် ခုနစ်ရက်ရှစ်ရက်ပတ်လုံး ဘုရားအားခစားအံ့သောငှါ မလာ၊ ထိုသီတင်းသည်သည် တနေ့နေ့၌ ကျောင်းသို့သွား၍ မြတ်စွာဘုရားကိုရှိခိုးလျက် နေသည်ရှိသော် အဘယ့်ကြောင့် ခုနစ်ရက်ရှစ်ရက်တိုပတ်လုံး မလာသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်၏ မယားသည် သီလမရှိ၊ ထိုမိန်းမအပေါ်၌ နှောက်ရှက်သောစိတ်ရှိသည်၏အဖြစ်ကြောင့် မလာဟုလျှောက်၏။

မြတ်စွာဘုရားသည် သီတင်းသည် ထိုမိန်းမတို့မည်သည်ကား ယုတ်မာသော အကျင့်ရှိကုန်၏။ ဤသို့နှလုံးသွင်း၍ ထိုမိန်းမတို့၌ အမျက်ထွက်ခြင်းကို မပြုမူ၍ လျစ်လျူသာလျှင်ဖြစ်ခြင်းငှါ သင့်၏။ ရှေး၌လည်း သင့်အား ပညာရှိတို့သည် ဆိုဘူးကုန်ပြီ၊ သင်သည်ကား ဘဝတပါး ဖုံးလွှမ်းအပ်သည်၏အဖြစ်ကြောင့် ထိုအကြောင်းကို မမှတ်မိနိုင်ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရှေးနည်းဖြင့်သာလျှင် ဒိသာပါမောက္ခဆရာဖြစ်၏။ ထိုအခါ ထိုဒိသာပါမောက္ခဆရာ၏ တပည့်သည်လည်း မယား၏ အပြစ်ကိုမြင်၍ နှောက်ရှက်သော စိတ်ရှိသည်၏ အဖြစ်ကြောင့် နှစ်ရက်သုံးရက်မလာမူ၍ တနေ့သောနေ့၌ ဆရာသည် မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကိုကြား၏။ ထိုအခါ တပည့်အား ဆရာသည် အမောင် မိန်းမတို့မည်သည် သူခပ်သိမ်းနှင့် ဆက်ဆံတတ်ကုန်၏။ ထိုမိန်းမတို့သည် သီလမရှိကုန်၊ ဤသို့နှလုံးသွင်း၍ ထိုမိန်းမတို့၌ ပညာရှိတို့သည် အမျက်ထွက်ခြင်းကို မပြုကြကုန်ဟု ဆို၍ ဆုံးမလိုသည်၏ အစွမ်းအားဖြင့်-

၆၅။ ယထာ နဒီ စ ပန္ထော စ၊ ပါနာဂါရံ သဘာ ပပါ။
ဧဝံ လောကိတ္တိယော နာမ၊ နာသံ ကုဇ္ဈန္တိ ပဏ္ဍိတာ။

ဟူသော ဤဂါထာကို ဆို၏။

၆၅။ နဒီ ယထာ စ၊ မြစ်သည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ ပန္တော ယထာ စ၊ ခရီးသည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ ပါနာဂါရံ ယထာ စ၊ သေတင်းကုပ်သည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ သဘာ ယထာ စ၊ စရပ်သည် သူခပ်သိမ်းတို့အားဆက်ဆံသကဲ့သို့၎င်း။ ပပါ ယထာ စ၊ ရေအိုးစင်သည် သူခပ်သိမ်းတို့အား ဆက်ဆံသကဲ့သို့၎င်း။ ဧဝံ-တထာ၊ ထို အတူ။ လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ သဗ္ဗသာဓာရဏာ၊ အလုံးစုံသောသူတို့နှင့် ဆက်ဆံကုန်၏။ အာသံ ဣတ္ထီနံ၊ ထိုမိန်းမတို့အား။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ န ကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်။

ဤသို့ ဘုရားလောင်းသည် တပည့်အား အဆုံးအမကိုပေး၏။ တပည့်သည် အဆုံးအမကိုကြား၍ လျစ်လျူရှုသည် ဖြစ်၏။ တပည့်၏မယားသည်လည်း ဆရာသည် သိသည်ဖြစ်သတတ်ဟု ထိုအခါမှစ၍ မကောင်းမှုကိုမပြု၊ သီတင်းသည်၏ မယားသည်လည်း မြတ်စွာဘုရားသည် သိတော်မူသည်ဖြစ်သတတ်ဟု ထိုအခါမှစ၍ မကောင်းမှုကို မပြု၊ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း အနုသန္ဓေကိုစပ်၍ ယခုအခါလင်မယားတို့သည် ထိုအခါ လင်မယားတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဣတ္ထိယစု၊ ပြုသည်မှု၊ လျစ်လျူရှုကာ နေအပ်စွာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော အနဘိရတိဇာတ်သည် ပြီး၏။

*****