တေမိယဇာတ်တော်ကြီး/အခန်း-၂၃

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၃။ ဇာတ်ပေါင်းခန်း

ဤသို့ မြတ်စွာဘုရားသည် တေမိယကုမာရဇာတ်တော်၏ အတ္ထုပ္ပတ္တိအလုံးစုံလျှင် ပြရာပြကြောင်းရှိသော ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာ ၄-ပါးတို့ကို ပြတော်မူပြီးသည်၏အဆုံး၌ စကားစဉ်ရှည်သဖြင့် ရှေးစကားရင်း မပျောက်စေခြင်းငှာ အနုသန္ဓေကို ပြတော်မူလို၍-

“န ဘိက္ခဝေ ဣဒါနေဝ၊ ပုဗ္ဗေပိ တထာဂတော ရဇ္ဇံ ဆဋ္ဋေတွာ မဟာဘိနိက္ခမနံ နိက္ခန္တောယေဝ။”ဟူသော ပါဠိတော်ဖြင့် “သံသရာဘေးကိုမြင်လေ့ရှိသော တပည့်သားတော်အပေါင်းတို့။ လာခြင်းကောင်းသော ငါဘုရားသည် ယခု ပစ္ဆိမဘဝ ကိုယ်တော်၏အဖြစ်၌သာ ကြီးစွာသော ပြည်စည်းစိမ်ကိုစွန့်၍ တောထွက်တော်မူသည် မဟုတ်သေး။ ရှေး ပါရမီမရင့်မီ သံသရာကလည်း ကြီးစွာသောပြည်စည်းစိမ်ကိုစွန့်၍ တောထွက်တော်မူဖူးပြီ”ဟု ဒေသနာရင်းနှင့်ဆက်စပ်၍ မိန့်တော်မူပြီးလျှင် ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

“ဤတရားသဘင်၌ တရားနာဖြစ်ကုန်သော တပည့်သားအပေါင်းတို့။ ငါ တေမိမင်း ဖြစ်တော်မူသောအခါ ငါ့ကိုအကြံပေးပေသော ထီးဖြူစောင့်နတ်သမီးသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ ကမ္ဘာ၁-သိန်းပတ်လုံး ဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါ၏တပည့်သားတော်မ ဘိက္ခုနီအပေါင်းတို့တွင် ဒုတိယအဂ္ဂသာဝိကာ၏အရာ၌ တန်ခိုးအရာဖြင့် ၂-ယောက်မရှိ အထွတ်ဖြစ်သော “ဥပ္ပလဝဏ်ထေရီ”ဖြစ်လာ၏။

“ငါ တေမိမင်းသားဖြစ်တော်မူသောအခါ မင်းခယောက်ျားဖြစ်၍ မင်း၏ဥယျာဇဉ်ကို ခံသသူဖြစ်လျက် ငါ၏တရားစကားသံကို ကြားဦးမဆွကပင် ကြည်ညိုစုံမက်ခြင်းဖြင့် တရားရ၍ ကာသိကရာဇ်မင်း အစရှိသော မိမိအဆွေခင်ပွန်းအပေါင်းတို့ကို ညီညွတ်စေလျက် တေမိမင်းရှိရာ ရဟန်းပြုလာသော ရထားမှူးသုနန္ဒာသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ သိဉ္စည်းပရိဗိုဇ်၏တပည့်ဖြစ်၍ ဂိုဏ်းခြားသူဖြစ်လျက် ငါဘုရား၏တရားဒေသနာ တစ်ဂါထာမျှကို ကြားဦးစမဆွကပင် ယုံမှားကင်းသောကြည်ညိုခြင်းဖြင့် သောတာပတ္တိမဂ်,ဖိုလ် တရားရ၍ ကောလိတအစရှိသော မိမိအဆွေခင်ပွန်းအပေါင်းတို့ကို ညီညွတ်စေလျက် ငါဘုရားရှိရာ ရဟန်းပြုလာသဖြင့် ၁-သင်္ချေနှင့်ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါ့တပည့်သံဃာတော်အပေါင်းတို့တွင် အကြီးဖြစ်သော ပထမအဂ္ဂသာဝကအရာနေ ဤသာသနာတော်ခေတ်ဝယ် ငါဘုရားမှတစ်ပါး အလုံးစုံသတ္တလောက၌ ပညာဖြင့် ၂-ယောက်မရှိ။ အထွတ်ဖြစ်သော “သာရိပုတ္တရာထေရ် ဖြစ်လာ၏။

ငါ တေမိမင်းသားဖြစ်တော်မူသောအခါ အလုံးစုံသော ကာမဂုဏ်အသုံးအဆောင်တို့ကို အလိုရှိတိုင်း ပြီးစေနိုင်သောတန်ခိုးနှင့်ပြည့်စုံစွာ မျက်စိ ၁၀၀၀ အမြင်ဆောင်လျက် ငါ၏ပါရမီကို စောင်မကြည့်ရှုပေသော သိကြားမင်းသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ အလုံးစုံသော ကာမဂုဏ်အသုံးအဆောင်တို့ကို မရှိဟူ၍ မကြားရစဖူး။ အလိုရှိတိုင်းပြီးစေနိုင် ကမ္ဘာ ၁-သိန်းဖြည့်ဆည်းပူးအပ်သော ပါရမီဘုန်းသမ္ဘာရနှင့်ပြည့်စုံစွာ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ငါ၏သာသနာတော်၌ ၂-ယောက်မရှိ အထွတ်ဖြစ်သော, ငါ ပရိနိဗ္ဗာန်လွန်ပြီးသည့်နောက်တိုင်အောင်လည်း ငါ၏သာသနာတော်ကို စောင်မကြည့်ရှုလတ္တံ့ဖြစ်သော ဘထွေးတော်၏သား ငါ့ညီ “အနုရုဒ္ဓါထေရ်”ဖြစ်လာ၏။

“ငါ တေမိမင်းသားဖြစ်တော်မူသောအခါ ငါ့ကို အဝတ်တန်ဆာဆင်ခြင်း၊ သင်္ကန်း, သပိတ်, ကျောင်းနေရာ အသုံးအဆောင်တို့ကို အသင့်အတင့်ဖန်ဆင်း စီရင်ခြင်း, မြတ်နိုးကြည်ညိုစွာ လိုရာမတောင့်တရကြောင်း ကောင်းစွာပေးကမ်းလာပေသော ဝိသုကြုံနတ်သားသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ ငါ့အား သင်းပိုင်ကပ်ခြင်း, ကိုယ်ဝတ်ကပ်ခြင်း စသည်တို့ဖြင့်လည်းကောင်း၊ ကျောင်း,ကုဋ်တို့ကို ပြင်ဆင်ခြင်း၊ တံမြက်လှည်းခြင်း စသည်တို့ဖြင့်လည်းကောင်း၊ ငါ၏သပိတ်,သင်္ကန်းတို့ကိုဆောင်၍ နောက်သို့ အစဉ်တစိုက်လိုက်ခြင်း စသည်တို့ဖြင့်လည်းကောင်း မြတ်နိုးကြည်ညိုစွာ လိုရာမတောင့်တရကြောင်း ကောင်းစွာလုပ်ကျွေးခြင်းရှိလျက် ကမ္ဘာ ၁-သိန်းဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါ၏ဥပဋ္ဌာကအရာ၌ ဗဟုသုတအစရှိသည့် ဂုဏ် ၅-ပါးဖြင့် သာသနာတော်၌ ၂-ယောက်မရှိ အထွတ်ဖြစ်သော ဘထွေးတော်သား ငါ့ညီ “အာနန္ဒာထေရ်” ဖြစ်လာ၏။

“ငါ တေမိမင်း ဖြစ်တော်မူသောအခါ ကာသိကရာဇ်တိုင်းကြီးကိုအစိုးရသော ငါ့ခမည်းတော် ကာသိကရာဇ်မင်းကြီး, မယ်တော်စန္ဒာဒေဝီ မိဖုရားကြီးတို့သည် ယခု ငါဘုရားဖြစ်တော်မူသောအခါ သက္ကတိုင်းကြီးကိုအစိုးရသော အသမ္ဘိန္နခတ္တိယ မင်းမျိုးမင်းနွယ် သာကီဝင်မင်းတကာတို့၏အထွတ် ကပိလဝတ်ပြည်ကြီးရှင်ဖြစ်သော “မင်းကြီး, မိဖုရားကြီး” ဖြစ်လာကြကုန်၏။

“ငါ တေမိမင်း ဖြစ်တော်မူသောအခါ ၇-ပြည်ထောင်တို့၏အပေါင်းဖြစ်သော ငါ၏တပည့် ရသေ့ဟူသမျှတို့သည် ယခု ငါဘုရားဖြစ်တော်မူသောအခါ ငါဘုရား၏ “ပရိသတ် ၈-ပါး” ဖြစ်လာကြကုန်၏။

ထိုအခါ သူခပ်သိမ်းတို့ပြုနိုင်ခဲသော ပရမတ္ထ အဓိဋ္ဌာန်ပါရမီကိုဖြည့်၍ ကာမဂုဏ်ညွှတ်ကွင်းမှ ထွက်မြောက်သဖြင့် မိဘဆွေမျိုး အစရှိသောသူအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ဆောင်လျက် တပည့်ရသေ့အပေါင်းတို့၏ ဆရာဖြစ်သော တေမိမင်းသားသည် ယခုအခါ သူခပ်သိမ်းတို့ပြုနိုင်ခဲသော ပါရမီစာဂတို့ကို မရေတွက်နိုင်သောကာလပတ်လုံးဖြည့်၍ သံသရာဝဲသြဃထဲမှ အရဟတ္တမဂ်ဖြင့် နိဗ္ဗာန်တည်းဟူသောကမ်းတစ်ဘက်သို့ ကူးခပ်ထွက်မြောက်ပြီးလျှင် မိဘဆွေမျိုး အစရှိသော သတ္တလောက၏အကျိုးစီးပွားအလို့ငှာ သစ္စာ ၄-ပါးလျှင်အဆုံးရှိသော တရားဒေသနာဟောတော်မူခြင်းစသည်ဖြင့် ဗုဒ္ဓကိစ္စ၅-ပါးကို ဖြည့်ဆောင်တော်မူလျက် တပည့်သာဝက ရဟန်းသံဃာအပေါင်းတို့၏ ဆရာဖြစ်တော်မူသော “ငါဘုရားလျှင်တည်း”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏ ဟူလိုသည်။

(ဤတွင်ရွေ့ကား ဘုရားလောင်း တေမိမင်းသား၏ စိတ်အလိုနှင့် မပြိုင်မဆိုင်မိသော ကာလပတ်လုံး ပညာတည်းဟူသော ရတနာမြတ်ကို အဓိဋ္ဌာန်တော် သမာဓိ, ဝီရိယ တည်းဟူသော တံခါးရွက်, မင်းတုပ်, သော့ကျင်ထိုး၍ သံဝရသီလ၊ ခန္တီ, မေတ္တာတည်းဟူသော လက်တော်ဖြင့် မြဲစွာပိတ်ဖုံးလျက် နှလုံးတည်းဟူသောတိုက်တော်၌ ဝှက်ထားသဖြင့် အလိုတော်ရှိတိုင်း ပြီးမြောက်တော်မူသောအခါ ထိုပညာတော်တည်းဟူသော ရတနာမြတ်အပေါင်းကို သတိဝီရိယပြဋ္ဌာန်းသော စိတ္တုပ္ပါဒ်တော်ဖြင့် တံခါးဟင်းလင်းဖွင့်လျက် သီလခန္တီမေတ္တာဖြင့် ထုံစေခြင်းဟုဆိုအပ်သော လက်တော်ဖြင့်ကိုင်ဆုပ်ကာ ပေးဝေငှတော်မူ၍ သူခပ်သိမ်းတို့အား နတ်ဗြဟ္မာဖြစ်ကြောင်း ကောင်းမြတ်သော သီလ, သမာဓိ, ပညာ, သမာပတ်, အဘိညာဉ် စည်းစိမ်၌ တည်စေသဖြင့် ချင့်တွက်၍ပုဂ္ဂိုလ်ပေါင်း သင်္ချာမသိနိုင်အောင် ၇-ပြည်ထောင်ပရိသတ် မြတ်သောအခြွေအရံအပေါင်းတို့ကို တရားသဖြင့် အစိုးရတော်မူကြောင်း အတ္ထုပ္ပတ္တိနှင့်တကွ ရှေ့နောက်စကား အဆက်အစပ် ဇာတ်တော်ပေါင်းအယှဉ် အစဉ်ဖြစ်သောပါဠိတော်၌ ဟောတော်မူရာဟောတော်မူကြောင်းဖြစ်သော ဒေသနာတော်၏အဓိပ္ပာယ်ကို ထုတ်ဖွင့်၍ဆိုအပ်သော စကားရှိသမျှ ပြီးအောင်မြင်ကြောင်းကို ပြခြင်းတည်း။

တေမိယဇာတ်တော်ကြီးဝတ္ထု ပြီး၏။