တေမိယဇာတ်တော်ကြီး/အခန်း-၂၂

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၂။ ၇-ပြည်ထောင် တောထွက်ခန်း

ထိုသို့ ဗာရာဏသီပြည်သူပြည်သားအားလုံး ဘုရားလောင်း၏အထံ၌ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ် စည်းစိမ်ကို ရကြကုန်ပြီးသောအခါ ကာသိကရာဇ်တိုင်း၏ နယ်စပ်အနီး ပြည်သီးတိုင်းခြားဖြစ်သော သာမန္တရာဇ်မင်းသည် “ဗာရာဏသီပြည်၌ ကာသိကရာဇ်မင်းကြီး, မိဖုရားကြီးတို့နှင့်တကွ ပြည်ကိုစွန့်၍ တောထွက်ခြင်းဖြင့် တစ်ပြည်လုံး ရဟန်းပြုကြလေပြီ”ဟု သတင်းကြားလေသော် “ဗာရာဏသီပြည်ကို သိမ်းယူအံ့”ဟု များစွာသော ဆင်, မြင်း, ရထား, ဗိုလ်ခြေအလုံးအရင်းနှင့် ချီလာလတ်၍ ဗာရာဏသီပြည်တွင်းသို့ ဝင်မိသောအခါ မြို့၏အင်္ဂါ ၇-ပါးတို့ဖြင့်လည်းကောင်း၊ နန်း, ပြာသာဒ်, အိမ်စဉ်, ပြ, တန်ဆောင်း စသည်တို့ဖြင့်လည်းကောင်း တန်ဆာဆင်အပ်သည်ဖြစ်၍ တင့်တယ်စွာသော မြို့၏ကျက်သရေကိုမြင်လျှင် အလွန်နှစ်သက်ရွှင်လန်းခြင်းဖြင့် နန်းတွင်းသို့ဝင်၍၊ ရွှေတိုက်, ရွှေကြဌာန်း, နန်းရင်ပြင်စသည်တို့၌ ရတနာ ၇-ပါး အစုအပုံတို့ကိုလည်းကောင်း, မင်းတို့အသုံးအဆောင်မျိုးဘဏ္ဍာတို့ကိုလည်းကောင်း ကြည့်၍မနှံ့နိုင်အောင် မြင်လေသော် “ဤပြည့်ရှင် ကာသိကရာဇ်မင်းကြီးကား ဤသို့သော ပြည်စည်းစိမ်ကိုစွန့်၍ ရဟန်းပြုနိုင်လေသည်မှာ ဤစည်းစိမ်ဥစ္စာကိုမှီ၍ တစ်စုံတစ်ခုသော ဘေးဥပဒ်ရှိသည်ဖြစ်ရာမည်။ ဘေးရန်မရှိဘဲ ဤသို့သောစည်းစိမ်ကို မစွန့်ရာ”ဟု ကြံလျက် မြို့တွင် ရဟန်းမပြုဘဲ ဤသို့သောသေသောက်ကြူးတို့ကို ခေါ်၍ “အချင်းတို့။ သင်တို့မင်းကြီးအား ဤပြည်၌ အဘယ်ဘေးရန် ဖြစ်သနည်း။ ခိုးသူမင်းတို့ နှောင့်ယှက်လေသလော”ဟု မေး၏။

သေသောက်ကြူးတို့လည်း “အရှင်မင်းကြီး။ အကျွန်ုပ်တို့မင်းကြီး၌ တစ်စုံတစ်ခုသောဘေးရန်မျှမရှိ”ဟု လျှောက်ကြလျှင်၊ သာမန္တရာဇ်မင်းသည် “အချင်းတို့။ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် သင်တို့မင်းကြီး ထွက်သွားသနည်း”ဟု မေးလတ်သောအခါ၊ သေသောက်ကြူးတို့သည်--

“အရှင်မင်းကြီး၊ အကျွန်ုပ်တို့အရှင်ကား တစ်ပါးသောဘေးရန်ရှိ၍ တောထွက်သည်မဟုတ်။ “တေမိယကုမာရ”အမည်ရှိသော အရှင့်သားတော်သည် ခမည်းတော်အမွေဖြစ်သော ဤပြည်စည်းစိမ်ကို စိုးစံရမည်ကြောက်သောကြောင့် ငယ်သောအခါကပင် ဆွံ့,အ,နားပင်းယောင်ဆောင်၍ စကားမပြောမလှုပ်မရှား အသက်မရှိသောသူကဲ့သို့ အထူးထူးအပြားပြား ရွှင်ဖွယ်, ကြောက်မက်ဖွယ်, စက်ဆုပ်ဖွယ်တို့နှင့် အလိုစမ်းသော်လည်း အထူးမရှိနေလျှင်၊ ခမည်းတော်မင်းကြီး ရှက်နိုးထိတ်လန့်သဖြင့် တောသို့ထုတ်ပစ်စေရာတွင် တောသို့ရောက်သောအခါမှ မိမိ ပညာအစွမ်းဂုဏ်ကိုပြလျက် ရသေ့ရဟန်းပြုလေသည်နှင့် ပို့ထုတ်ရသူရထားမှူးလည်း ထိုသခင့်သားအထံမှ တရားရခဲ့၍ အကျွန်ုပ်တို့အရှင်မင်းကြီးအား အကြောင်းမျိုးကိုလျှောက်လျှင် “သားကို ပြည်သို့ ပြန်စေဦးမည်”အကြံဖြင့် များစွာသော အလုံးအရင်း ဗိုလ်ခြေကိုဆောင်လျက် သားတော်ထံချီသွားလေသော် ခမည်းတော်မင်းကြီး အလိုသို့ကား သားတော်မလိုက်။ သားတော်အလိုကို ခမည်းတော်မင်းကြီး နှစ်ခြိုက်လေသောကြောင့် အလုံးအရင်းနှင့်တကွ ရဟန်းပြုကြ၍၊ ဤပြည်သို့ သတင်းကြား စည်လည်ရုံမျှသာ မြို့စိုးအမတ်တို့ကိုလွှတ်လိုက်သဖြင့် နောက်ထပ်၍ပင် ပြည်သူပြည်သားရှိသမျှ လိုက်ကြပြန်လေသည်နှင့် ယခု အကျွန်ုပ်တို့သာ ကာမဂုဏ်ချမ်းသာကို မစွန့်ပစ်နိုင်၍ ကျန်ရစ်ခဲ့ပါသည်။ ပြည်စည်းစိမ်၌ အပဘေးရန်ဟူသည် တစ်စုံတစ်ခုမျှ မရှိ။ အတွင်းဘေးရန် သံဝေဂဖြစ်ကြသော အခြင်းအရာ ကာမဂုဏ်အပြစ်ကိုကား အကျွန်ုပ်တို့ နှလုံးမထားနိုင်သူဖြစ်၍ မသိကြပါ”ဟု လျှောက်ကြားကြလေ၏။

ထို သာမန္တရာဇ်မင်းသည် သေသောက်ကြူးတို့ ပြောဆိုသောစကားကိုကြားရသဖြင့် ပညာရှိသောမင်းဖြစ်၍၊ “ပြည်စည်းစိမ်၌ သံသရာဘေး, ဝဋ်ဆင်းရဲဘေးတို့ကိုမြင်သောကြောင့် ကာသိကရာဇ်မင်းကြီး တောထွက်ချေသည်”ဟုယူဆမိလျှင် နှစ်သက်ခြင်းဖြစ်လေသော်၊ “ငါလည်း ထိုမင်းကဲ့သို့ပင် ရဟန်းပြုရမူ ကောင်း၏”ဟု ကြံ၍၊ “အချင်း သေသောက်ကြူးတို့။ သင်တို့အရှင် ကာသိကရာဇ်မင်း တောထွက်သောအခါ အဘယ်တံခါးဖြင့် ထွက်သွားလေသနည်း”ဟု မေးလျှင်၊ သေသောက်ကြူးတို့လည်း “အရှင်မင်းကြီး။ အကျွန်ုပ်တို့မင်းကြီးသည် ဤဗာရာဏသီပြည် အရှေ့တံခါးဖြင့် ထွက်သွားပါလေသည်”ဟု လျှောက်ကြသောအခါ ထိုသာမန္တရာဇ်မင်းသည် ပရိသတ်ဗိုလ်ခြေအလုံးအရင်းနှင့်တကွ အရှေ့တံခါးဖြင့်ထွက်၍ ဘုရားလောင်းရှိရာကျောင်းအရပ်သို့ သွားလေ၏။

ဘုရားလောင်း တေမိရှင်ရသေ့လည်း “ဤမည်သော သာမန္တရာဇ်မင်းသည် ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ယခု ငါ့ထံ ရဟန်းပြုခြင်းကိုငဲ့လျက် လာလတ်၏”ဟုသိလျှင် အဘိညာဉ်တန်ခိုးဖြင့် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေလျက် ဥစ္စာစည်းစိမ်ကာမဂုဏ်၌ အပြစ်, ရဟန်းပြုခြင်း၌ အကျိုးတို့ကိုပြ၍ ထိုသာမန္တရာဇ်မင်းအား တရားဟောတော်မူ၏။ သာမန္တရာဇ်မင်းသည်လည်း ဘုရားလောင်း၏တရားကို ကြားနာရသဖြင့်လည်းကောင်း၊ ဘုရားလောင်း၏ အရောင်အဆင်း တန်ခိုးကျက်သရေ တင့်တယ်ခြင်းကို မြင်သဖြင့်လည်းကောင်း အလွန်သဒ္ဓါခြင်းရှိလျက် မိမိပရိသတ်နှင့်တကွ ဘုရားလောင်းထံ ရဟန်းပြုလေ၏။

ဤနည်းအတူ ၇-ပြည်ထောင်ကုန်သော မင်းတို့သည် မိမိပရိသတ် ဗိုလ်ခြေအလုံးအရင်းနှင့်တကွ အသီးအသီး ထွက်လာလတ်၍ ဘုရားလောင်းထံ ရဟန်းပြုကြကုန်၏။ ဘုရားလောင်းသည်လည်း ထို ၇-ပြည်ထောင်သော မင်းပရိသတ်အပေါင်းတို့အား ကျောင်းနေရာအသီးသီး ချထားစေလျက် အဆုံးအမပေး၍ ကမ္မဋ္ဌာန်းကိုယ်စီ ပေးအပ်သဖြင့် အလုံးစုံသော ၇-ပြည်ထောင် ပရိသတ်အပေါင်းတို့သည် မကြာမြင့်မီပင်လျှင် ဈာန်သမာပတ်ရကြလေ၍ “သယံပတိတ ဖလာဟာရ” ရသေ့ချည်း ဖြစ်ကြလေကုန်၏။

ထိုအခါ ဗာရာဏသီပြည်မှစ၍ ၈-ပြည်ထောင်မင်းပရိသတ်တို့၏ အသုံးအဆောင်ဖြစ်ကုန်သော ဆင်, မြင်းအစရှိသော သက်ရှိဘဏ္ဍာတို့သည်လည်း သုံးဆောင်သူမရှိခြင်းကြောင့် တောဆင်, တောမြင်း အစရှိသည် ခေါ်ဝေါ်ခြင်းသို့ ရောက်လေကုန်၏။ လှည်း, ရထား, ယာဉ်, သံလျှင်းအစရှိသော သက်မဲ့ဘဏ္ဍာတို့သည်လည်း အလိုအလျောက်သာ ဆွေးမြည့်၍ မြေ၏အပွားအစီး ဖြစ်လေကုန်၏။ ထို ဗာရာဏသီပြည်မှစ၍ ၈-ပြည်ထောင်အတွင်း ရွှေတိုက်, ငွေတိုက်စသည်တို့၌ သုံးဆောင်သူ မရှိလေပြီးသော ရွှေ၊ ငွေ၊ ပတ္တမြားစသည် ရတနာမျိုး၇-ပါး များစွာသောဥစ္စာတို့ကို ပံသုကူအဖြစ်ဖြင့် သိမ်းယူဆောင်ကြဉ်းစေပြီးသော် ဘုရားလောင်းရှင်ရသေ့သည် အကျယ် ၃-ယူဇနာရှိသော ကျောင်းရပ်အပြင် ထက်ဝန်းကျင်မြေတလင်းတို့၌ ရတနာသဲဖြူး၍ ဖြန့်တော်မူ၏။

ဤသို့ ဘုရားလောင်း၏တပည့်ဖြစ်ကုန်သော ထို ၈-ပြည်ထောင်သော လူအပေါင်းတို့သည် ရသေ့အဖြစ်ဖြင့် အဘိညာဉ် ၅-ပါး,သမာပတ် ၈-ပါးတို့ကို ရကြကုန်သည်ချည်း။ တစ်ယောက်သောရသေ့မျှ ဈာန်အဘိညာဉ် မရသောသူမည်သည် မရှိဖြစ်၍၊ အသက်အာယုကပ်ပတ်လုံး အဘိညာဉ်သမာပတ်ဖြင့် ပျော်မွေ့ကြကုန်လျက် မပျက်သောဈာန် ရှိကြကုန်သည်ဖြစ်၍၊ အသက်အဆုံး၌ အလုံးစုံသော ရသေ့မိန်းမ အသောင်းအသိန်းမကတို့သည် ဗြဟ္မပါရိသဇ္ဇဘုံ ဗြဟ္မာ့ပြည်တို့သို့ လားကြလေကုန်၏။ အလုံးစုံသော ရသေ့ယောက်ျား အသောင်းအသိန်းမကတို့သည်လည်း မိမိတို့အလိုအားလျော်စွာ သုဒ္ဓါဝါသမှတစ်ပါး ဗြဟ္မာ့ပြည်တို့သို့ လားကြကုန်၏။

ရသေ့အပေါင်းတို့၏ ဆရာဖြစ်တော်မူသော တေမိရှင်ရသေ့သည်လည်း မိဘဆွေမျိုးအစရှိသော ၇-ပြည်ထောင်ပရိသတ် တပည့်ရသေ့အပေါင်းတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်းစသော “ဉာတတ္ထစရိယ, လောကတ္ထစရိယတို့ကို ပြီးစေတော်မူလျက် အသက်ထက်ဆုံး အဘိညာဉ် သမာပတ်ချမ်းသာကို ခံစားတော်မူ၍ အသက်အဆုံး၌ ထိုဗြဟ္မာ့ပြည်တို့တွင် အလိုတော်ညွတ်ရာ ဗြဟ္မာ့ပြည်သို့ ပြောင်းလှည့်စံတော်မူလေ၏။

ထို ရသေ့ပရိသတ်မှတစ်ပါး အကျယ် ၃-ယူဇနာရှိသော ကျောင်းအရပ် အတွင်းအပြင် အနီးအစပ်နေကုန်သော ဆင်မြင်း, ကျွဲနွား, ဆိတ်မြန်မာ, ဆိတ်ကုလား အစရှိသည့် တိရစ္ဆာန်အပေါင်းတို့သည်လည်း ရသေ့တို့၌ ကြည်ညိုလေးမြတ်သော နှလုံးရှိကြကုန်သဖြင့် စာတုမဟာရာဇ် တာဝတိံသာအစရှိသော နတ်ပြည်၆-ထပ်တို့တွင် ကံအာနုဘော် အကြီးအငယ်အားလျော်စွာ ထိုက်ရာဘုံတို့၌ အသီးအသီး နတ်သမီး, နတ်သားလျှင် ဖြစ်ကြလေကုန်၏။