တေမိယဇာတ်တော်ကြီး/အခန်း-၂၁

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၁။ တစ်ပြည်လုံး တောထွက်ခန်း

ထိုအခါ ဗာရာဏသီ ပြည်သူပြည်သားအပေါင်းတို့သည် လွန်စွာသော နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် အကြံတညီတညွတ်တည်းဖြစ်ကြ၍၊ ပြည်တံခါး, နန်းတော်တံခါး, ရွှေတိုက် ငွေတိုက် ရတနာတိုက်တံခါးစသော အလုံးစုံတံခါးတို့ကို အပိတ်အဆို့မရှိ သိသာမြင်လွယ် လိုဖွယ်ရှိသူ ယူလွယ်အောင်ဖွင့်လှစ်၍၊ မြေထဲ၌မြှုပ်ထား

ထိုအခါ ဗာရာဏသီ ပြည်သူပြည်သားအပေါင်းတို့သည် လွန်စွာသော နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် အကြံတညီတညွတ်တည်းဖြစ်ကြ၍၊ ပြည်တံခါး, နန်းတော်တံခါး, ရွှေတိုက် ငွေတိုက် ရတနာတိုက်တံခါးစသော အလုံးစုံတံခါးတို့ကို အပိတ်အဆို့မရှိ သိသာမြင်လွယ် လိုဖွယ်ရှိသူ ယူလွယ်အောင်ဖွင့်လှစ်၍၊ မြေထဲ၌မြှုပ်ထားအပ်သော ရွှေအိုးတို့ကိုလည်း အလိုရှိသူ ဖော်ထုတ်လွယ်စေခြင်းငှာ “ဤမည်သောအရပ်၌ ဤမည်သောရွှေအိုး ရှိ၏။ အလိုရှိသူ ထုတ်ယူသုံးဆောင်ပါလော့”ဟု ရှိန်းခိုပင်မှဖြစ်သော အစေးအရည်တို့ဖြင့် တိုက်နံရံစသည်တို့၌ ကမ္ပည်းအက္ခရာ ထင်မြင်သာအောင်ရေးထား၍၊ အလုံးစုံသော စည်းစိမ်ဥစ္စာတို့ကို ဖြန့်၍ကျင်းသကဲ့သို့ ကပ်ငြိခြင်းမှ မြက်,ဝါးခြမ်းစိတ်လောက်မျှ မမှတ်သောနှလုံး ရှိကြပြီးလျှင် ထိုအလုံးစုံ မြို့တွင်းမြို့ပ၌နေသော ဗာရာဏသီပြည်သူပြည်သားအပေါင်းတို့သည် အိမ်ထောင်ပစ္စည်းတို့ကိုစွန့်ခဲ့၍ ကာသိကရာဇ်မင်းကြီးရှိရာ ထွက်လာကြလေကုန်၏။

မြို့၌ကား သေအရက်ကြူး၍ ရဟန်းမပြုနိုင်သော သေသောက်ကြူးတို့သည်သာလျှင် အနည်းငယ်မျှ ကျန်ရစ်သည်ဖြစ်၍၊ လူရှိ၏ဟု မရေတွက်လောက်။ လူမရှိသဖြင့် ဆိတ်ငြိမ်သုန်ဖျင်းခြင်းသို့ ရောက်လေ၏။ ကာသိကရာဇ်မင်းကြီးထံ၌ ပြည်သူပြည်သားအပေါင်းတို့ အညီအညွတ်ရောက်ကြပြီးသော် ကာသိကရာဇ်မင်းကြီးသည် မိဖုရားပရိသတ်, မှူးမတ်ဗိုလ်ခြေပရိသတ်, ပြည်သူပြည်သားပရိသတ်တို့နှင့်တကွ ဘုရားလောင်း၏အဆုံးအမကိုခံ၍ ရဟန်းပြုလေ၏။

ဘုရားလောင်း တေမိရှင်ရသေ့သည်လည်း ခမည်းတော် မယ်တော်တို့အားလည်းကောင်း၊ ဖွားဖက်တော် အမတ်သား ၅၀၀, ရထားမှူးသုနန္ဒာမှစ၍၊ အလုံးစုံသော အမှူးအမတ်,မင်းပရိသတ်,ပြည်သူပြည်သားအပေါင်းတို့အားလည်းကောင်း၊ ရသေ့ယောက်ျား, ရသေ့မိန်းမအသွင်ကို ယူစေပြီးလျှင် ပရိဝုဏ်အကျယ် ၃-ယူဇနာကွက်မှတ်၍ ဖန်ဆင်းအပ်သော သိကြားပေးသော ကျောင်းရပ်အတွင်း၌ သားရဲဘေးစသည်တို့မှ ကြောက်လန့်ခြင်း ကင်းစိမ့်သောငှာ ကိုယ်,စိတ်ခိုင်မာရဲရင့်ခြင်းရှိသော ရသေ့ယောက်ျားတို့ကို ထိုပရိဝုဏ်နားပတ်လည်ဝန်းကျင် သင့်ရာအသီးအသီး ကျောင်းနေရာ ဆောက်လုပ်နေစေ၏။

ထိုမှအတွင်း၌ အိုသူ, မကျန်းမမာ နာသူ, မစွမ်းမသန်သူ, ကြောက်လန့်တတ်သူ ရသေ့ယောက်ျားတို့ကို သင့်ရာကျောင်းသင်္ခမ်းနှင့် အသီးသီးနေစေ၏။ ထိုမှအတွင်း၌ မိန်းမအပေါင်းတို့ကို နို့စို့သားငယ် သမီးငယ်တို့နှင့်တကွ အသီးသီး သင့်ရာကျောင်းသင်္ခမ်းစီရင်၍ နေစေ၏။ ထိုမှအတွင်း ဘုရားလောင်း၏ကျောင်းအနီး၌ မယ်တော်, ခမည်းတော်တို့ကို ကျောင်းတခြားစီ အသီးသီးနေစေ၏။ ထို အလုံးစုံသောကျောင်းသင်္ခမ်းတို့သည်လည်း ဝိသုကြုံနတ် ဖန်ဆင်းအပ်သော ကျောင်း၏တင့်တယ်ခြင်းကဲ့သို့ပင်လျှင် ဘုရားလောင်းရှင်ရသေ့ စီရင်အပ်သည်ဖြစ်၍ အလွန်လျှင် တင့်တယ်ကုန်၏။ ထို ကျောင်းသင်္ခမ်းတို့ကား ၃-ယူဇနာ အကျယ်ရှိသော ဘုရားလောင်း၏ ကျောင်းရပ်အပြင်၌စပ်ယှဉ်ကာ အပြည့်အသိပ်ဖြစ်လေ၏။

ထိုသို့ ရဟန်းအသွင်ကို ယူဆောင်သောအခါမှစ၍ အလုံးစုံသောရသေ့အပေါင်းတို့သည် သစ်သီးသစ်ဖုစသည်အလို့ငှာ တူရွင်း, ခြင်းတောင်း, တံချူ ဆောင်ခြင်းမရှိ၊ အပင်၌ ဆွတ်,ခြွေ,တူး,နုတ်၍မစားဘဲ အသီးသီးသောသစ်ပင်တို့၌ အလိုလိုကြွေကျသော သစ်သီးတို့ကိုသာလျှင် ကောက်ယူသုံးဆောင်ကြလျက် ဘုရားလောင်း၏အဆုံးအမကိုခံ၍ ရဟန်းတရားကိုပွားစေကာ နေကြကုန်၏။ ထိုရသေ့အပေါင်းတို့ကား ရသေ့မျိုး၈-ပါးတွင် အလိုလိုကြွေကျသောသစ်သီးလျှင် အစာရှိသောကြောင့် “သယံပတိတ ဖလာဟာရ” မည်ကောင်းသော ရသေ့ချည်းတည်း။

ရသေ့တကာတို့၏ပါမောက္ခဖြစ်သော ဘုရားလောင်း ရှင်ရသေ့သည် ထိုတပည့်ရသေ့အပေါင်း အသောင်း, အသိန်းမကတို့အား ကြောင့်ကြမဲ့မပြုမူ၍ အခါခပ်သိမ်းလျှင် ပရစိတ္တဝိဇာနနအဘိညာဉ်ဖြင့် ထိုထိုသို့သော ရသေ့တို့၏စိတ်ကို မျက်မှောက်ပြုလျက် “ဤရသေ့ကား ယခု ကာမဝိတက်ကို ကြံ၏။ ဤရသေ့ကား ဝိဟိံသာဝိတက်ကို ကြံ၏၊ ဤရသေ့ကား ဗျာပါဒဝိတက်ကို ကြံ၏။ ဤသို့အားဖြင့် ထိုထိုသို့သောရသေ့တို့၏အကြံကိုသိလျှင် ခဏချင်း ထိုအဘိညာဉ်မှလွတ်၍ ဣဒ္ဓိဝိဓအဘိညာဉ်ဖြင့် အကြံဆိုးပေါက်သောရသေ့ထံ ကောင်းကင်ဖြင့်ပျံသွားပြီးသော် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် ပုဂ္ဂိုလ်အားလျော်စွာ တရားဟောတော်မူ၏။ ထိုအကြံဆိုးပေါက်ကုန်သော ရသေ့ယောက်ျား, ရသေ့မိန်းမတို့သည် ဘုရားလောင်း၏တရားကို ကြားနာရသောအခါ ထိုအကြံဆိုးပျောက်၍ စိတ်၏တည်ကြည်ခြင်းသမာဓိကို ရကြသဖြင့် ပေးအပ်သောကမ္မဋ္ဌာန်းလျှင် အာရုံရှိကြလျက် မကြာမီ လျင်စွာပင်လျှင် သမာပတ် ၈-ပါး, အဘိညာဉ် ၅-ပါးတို့ကို ရကြလေကုန်၏။