တေမိယဇာတ်တော်ကြီး/အခန်း-၂၀

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၀။ ခမည်းတော်နှင့် စကားဆိုခန်း

ဘုရားလောင်း ရှင်ရသေ့သည်လည်း မင်း၏ကျက်သရေဖြင့် တောက်ပစွာလာလတ်သော ခမည်းတော်မင်းကြီးကိုမြင်လျှင် အလွန်လေးမြတ်ခြင်းဖြင့် နှုတ်ဆက်မေးမြန်းခြင်းစသော ပဋိသန္ဓာရကို ပြုတော်မူလို၍--

“ကစ္စိနု တာတ ကုသလံ၊ ကိစ္စ တာတ အနာမယံ။

သဗ္ဗာ စ ရာဇ ကညာယော၊ အရောဂါ မယှ မာတရော။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား--

“အသို့ပါနည်း ခမည်းတော်။ အပြစ်ဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းပါ၏လော။ ကိုယ်တွင်းကိုယ်ပအန္တရာယ် အဖျားအနာ ရောဂါခပ်သိမ်းကင်းငြိမ်းပါ၏လော။ ခပ်သိမ်းသောမင်းသမီး ကိုယ်လုပ်နန်းသူအပေါင်းလည်း အနာမရှိ ချမ်းသာကြပါ၏လော။ ငါ့မယ်တော်လည်း အနာမရှိ ချမ်းသာကြပါ၏လော”ဟု မေးမြန်းတော်မူ၏။

သားတော်စကားကိုကြားလျှင် ခမည်းတော်မင်းကြီးလည်း စကားတုံ့ပြန်လို၍--

“ကုသလဉ္စေ မေ ပုတ္တ၊ အထော ပုတ္တ အနာမယံ။

သဗ္ဗာ စ ရာဇ ကညာယော၊ အရောဂါ တုယှ မာတရော။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား--

“ချစ်သား။ ခမည်းတော်မှာ အပြစ်အနာ အန္တရာယ်မရှိ ချမ်းသာပေ၏။ ခပ်သိမ်းသော နန်းသူအပေါင်းတို့လည်း ချမ်းသာကြ၏။ မောင့်မယ်တော်လည်း အပြစ်အနာမရှိ ချမ်းသာပေ၏”ဟု ဆို၏။

ထို့နောင်မှ ဘုရားလောင်းသည် ခမည်းတော်မင်းကြီးအား စည်းစိမ်၏မြဲခြင်းကို သိပြီး၍၊ တရား၏မြဲခြင်းကို မေးတော်မူခြင်းငှာ-

“ကစ္စိ အမဇ္ဇပေါ တာတ၊ ကစ္စိ တေ သုရမပ္ပိယံ။

ကစ္စိ သစ္စေ ဓမ္မေ စ၊ ဒါနေ တေ ရမတေ မနော။”

ဟူသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“အသို့နည်း ခမည်းတော်။ နေ့တိုင်းမပြတ် ကုသိုလ်တရားကို အောက်မေ့ခြင်း အပ္ပမာဒတရားတည်းဟူသော မသေရည်ကို သောက်ရပါ၏လော၊ ကာမဂုဏ် ၅-ပါး၌ယစ်၍ ကုသိုလ်မေ့လျော့ကြောင်းဖြစ်သော သေရည်ကို မသောက် ကြဉ်ရှောင်နိုင်ပါ၏လော။ မုသာဝါဒတည်းဟူသော ပျက်ပြယ်တောက်အဲ့ ခါးစပ်သောအရသာတို့ကို မစားမူ၍ သစ္စာတည်းဟူသော ချိုအေးလေးနက်စွာ အရသာကောင်းတို့ကိုသာလျှင် စားရပါ၏လော။ အမျက်ထွက်ခြင်း, အမြင်မှားခြင်းစသည့် ဆူးငြောင့်ခလုတ် ချုံပိတ်ပေါင်းထူထပ်ရာ ဒုစရိုက်ခရီးဆိုးခရီးကြမ်းကိုမသွားမူ၍ သနားခြင်း၊ ချစ်ခြင်း, သည်းခံခြင်းစသည့် အမွှေးအထုံတရားတို့ဖြင့် ဖြန့်ခင်းအပ်သော မင်းကျင့်တရားလမ်းကောင်းကိုသာ သွားရပါ၏လော။ ပစ္စည်းတို့၌ မိမိစိတ်ကို ဝန်တိုပိတ်ပင်ခြင်း, စဉ်းလဲခြင်းဖြင့် မပုပ်မသိုးစေမူ၍ လှူဒါန်းပေးကမ်း စွန့်ကြဲသင်္ဂြိုဟ် ထောက်ပံ့ခြင်းဖြင့် ပစ္စည်းကို ဆေးကြောထုတ်လှန်း သန့်ပြန့်စေခြင်း၌ ခမည်းတော် နှလုံးမွေ့လျော်ပါ၏လော”ဟု မေးမြန်းတော်မူ၏။

ဘုရားလောင်း စကားကိုကြားလျှင် ခမည်းတော်လည်း စကားတုံ့ပြန်လို၍--

“အမဇ္ဇပေါ အဟံ ပုတ္တ၊ အထော မေ သုရမပ္ပိယံ။

အထော သစ္စေ စ ဓမ္မေ စ၊ ဒါနေ မေ ရမတေ မနော။”

ဟူသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“ချစ်သား။ ခမည်းတော်လည်း အပ္ပမာဒတည်းဟူသော မသေရည်ကိုသာ သောက်၏။ သူတစ်ပါးတို့အားလည်း သောက်စေ၏။ သေရည်ကိုကား ခမည်းတော် မသောက်၊ သူတစ်ပါးတို့ကိုလည်း မသောက်စေ။ မုသာဝါဒတည်းဟူသော အရသာဆိုးကိုလည်း ခမည်းတော် မစား။ သစ္စာတည်းဟူသော အရသာကောင်းကိုသာ ခမည်းတော်စား၏၊ သူတစ်ပါးကိုလည်း စားစေ၏။ ဒုစရိုက်တည်းဟူသော လမ်းဆိုးကိုလည်း ခမည်းတော်မသွား။ သုစရိုက် မင်းကျင့်တရားတည်းဟူသော လမ်းကောင်းကိုသာ ခမည်းတော်သွား၏။ သူတစ်ပါးကိုလည်း သွားစေ၏။ တရားသဖြင့်ရအပ်သော ပစ္စည်းတို့ကိုလည်း ဝန်တိုခြင်းဖြင့် မပုပ်မသိုး အကျိုးမဲ့မဆွေးမကြေစေမူ၍ ပေးကမ်းသင်္ဂြိုဟ်ခြင်းတည်းဟူသော သုံးဆောင်ထုတ်လှန်း ဖြန့်ခင်းခြင်း၌သာလျှင် ခမည်းတော် နှလုံးမွေ့လျော်၏၊ သူတစ်ပါးကိုလည်း မွေ့လျော်စေ၏”ဟု ဆို၏။

ထို့နောက် မင်းပရိသတ်တို့၏ ကျန်းမာခြင်းစသည်ကို မေးလိုပြန်၍-

“ကစ္စိ အာရောဂံ ယောဂ္ဂံ တေ၊ ကစ္စိ ဝဟတိ ဝါဟနံ။

ကစ္စိ တေ ဗျာဓယော နတ္ထိ၊ သရီရဿုပတာပနာ။”

ဟူသော ဂါထာဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“ခမည်းတော် အသို့ပါနည်း။ ဆင်ယာဉ်, မြင်းယာဉ်အစရှိသော အလုံးစုံဗိုလ်ပါ မှူးမတ် ပရိသတ်အပေါင်း အနာမရှိသည် ဖြစ်ပါ၏လော။ ထိုဗိုလ်ပါပရိသတ်တို့ကိုမှီ၍ မချစ်မနှစ်လိုအပ်သော စိတ်၏စိုးရိမ်ခြင်း, ကိုယ်၏ပူပန်ခြင်းတို့သည် ခမည်းတော်၌ မရှိရသည်ဖြစ်ပါ၏လော”ဟု မေး၏။

မည်းတော်လည်း စကားပြန်လို၍-

“အထော အရောဂံ ယောဂ္ဂံ မေ၊ အထော ဝဟတိ ဝါဟနံ။

အထော မေ ဗျာဓယော နတ္ထိ၊ သရီရဿုပတာပနာ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သား။ အလုံးစုံဗိုလ်ပါ ပရိသတ်အပေါင်းတို့သည် အနာမရှိ ကျန်းမာကြ၏။ ဗိုလ်ပါပရိသတ်တို့ကြောင့် ခမည်းတော်အား တစ်စုံတစ်ခုသော စိုးရိမ်ပူပန်ခြင်း မရှိရပေ”ဟု ဆို၏။

ထို့နောင် ပြည်တိုင်းကားကို မေးပြန်လို၍-

“ကစ္စိ အန္တာ စ တေ ဖီတာ၊ မဇ္ဈေ စ ဗဟလာ တဝ။

ကောဋ္ဌာဂါရဉ္စ ကောသဉ္စ၊ ကစ္စိ တေ ပဋိသန္ထတံ။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်။ မြို့ရွာ, နိဂုံး မင်းနေပြည်တို့၌နေကြကုန်သော တိုင်းသားပြည်သူလူအပေါင်းတို့ ကပ်ဥပဒ်မရှိ ချမ်းသာငြိမ်ဝပ်ကြပါ၏လော။ တိုင်းကားပြည်ရွာ ဝပြောစည်ပင်ပါ၏လော။ သူခပ်သိမ်းတို့၏ကျီကြတို့၌ စပါးဖြင့် အခါခပ်သိမ်းပြည့်ပါ၏လော”ဟု မေးမြန်းတော်မူ၏။

ခမည်းတော်လည်း စကားတုံ့ပြန်ကြားလို၍-

“အထော အန္တာ စ မေ ဖီတာ၊ မဇ္ဈေ စ ဗဟလာ မမ။

ကောဋ္ဌာဂါရဉ္စ ကောသဉ္စ၊ သဗ္ဗံ မေ ပဋိသန္ထတံ။”

ဟူသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သား။ အလုံးစုံသော တိုင်းသားပြည်သူ လူအပေါင်းတို့သည်လည်း အနာ,ကပ်, ဥပဒ်မရှိ ချမ်းသာကြပေ၏။ တိုင်းကားပြည်ရွာလည်း စည်ပင်ဝပြော၏။ မိုးဥတု, ဆောင်းဥတု စသည်တို့ မှန်ခြင်းကြောင့် ကောက်ပင်တို့၏ကောင်းခြင်းဖြစ်၍ အခါခပ်သိမ်း ကျီကြတို့၌လည်း စပါးဖြင့်ပြည့်သည်သာ ဖြစ်ပေ၏”ဟု ဆို၏။

ဤသို့ “ငါ့သား ပျူပျူငှာငှာ အခြင်းအရာ ချမ်းသာ,ဆင်းရဲကိုပင် မေးမြန်းခြင်း ရှိပေသည်”ဟု ကာသိကရာဇ်မင်းကြီး တစ်သက်လုံးအောက်မေ့ခြင်းငှာ ထိုက်သောကြောင့် “သာရဏီယကထာ”မည်သော မေးမြန်းခြင်းကို ပြုတော်မူပြီးလျှင် တေမိမင်းသား ရှင်ရသေ့သည် တစ်ဖန် ခမည်းတော်အား “ပဋိသန္ဓာရ”ပြုလိုသည်ဖြစ်၍-

“သွာဂတံ တေ မဟာရာဇ၊ အထော တေ အဒုရာဂတံ။

ပတိဋ္ဌပေန္တု ပလ္လင်္ကံ၊ ယတ္ထ ရာဇာ နိသက္ကတိ။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား--

“ခမည်းတော်။ ဤကျောင်းသို့ ယခုလာတော်မူခြင်းကား အကျိုးမဲ့မဖြစ်စေသင့်။ ကောင်းသောလာခြင်း, အကျိုးရှိသောလာခြင်း ဖြစ်စိမ့်သောငှာ ခမည်းတော်နှင့် ထိုက်တန်သော ဤမင်းနေရာပလ္လင်ကို ခင်းထားအပ်၏။ ထိုမင်းနေရာ၌ ထိုင်တော်မူလော့”ဟု ဆို၏။

ကာသိကရာဇ်မင်းကြီးသည်လည်း ဘုရားလောင်းအား ရိုသေခြင်းဖြင့် ထိုမင်းနေရာထက်၌ တက်၍မထိုင်ဘဲ “ချစ်သား။ ရှိပါစေတော့”ဟု ဆိုကာနေ၏။ ထိုအခါ ဘုရားလောင်းသည်-

“ခမည်းတော်။ အကယ်၍ မင်းနှင့်ထိုက်တန်သော နေရာထက်၌ မထိုင်လိုလျှင် “အမတ်တို့။ ငါ့ခမည်းတော်အား ငါထိုင်သောနေရာနှင့်တူစွာ ဤမြက်တို့ကို ဖြန့်၍ခင်းအပ်သော မြက်ခင်းနေရာ၌ ခမည်းတော်ကိုနေပါစေ”ဟု မြက်ကိုခင်းစေပြီးလျှင်၊ “ခမည်းတော်။ ဤမြက်ခင်းသည် တော၌နေသောငါတို့အား မြတ်သောအခင်း ဖြစ်၏။ ထိုမြက်ခင်း၌ နေတော်မူလော့။ ဤ၌ကား ခြေဆေးရေ တည်ထားအပ်၏။ အလိုရှိတိုင်း သုံးဆောင်တော်မူလော့”ဟု ဆို၏။

ကာသိကရာဇ်မင်းကြီးလည်း ဘုရားလောင်းကို ရိုသေသောအားဖြင့် ထိုမြက်ခင်း၌မနေမူ၍ မြေ၌ပင်လျှင်နေ၏။

ဘုရားလောင်းသည်လည်း ကျောင်းတွင်းသို့ဝင်၍ မိမိသုံးဆောင်ရန်အလို့ငှာ ဆားမျှမခတ်ရဘဲ ရေနှင့်နယ်နှောကာစီရင်အပ်သော သစ်ရွက်တို့ကို ခွက်ဖြင့်ယူခဲ့ပြီးလျှင် ခမည်းတော်အား တည်ကျွေးလို၍-

“ဣဒမ္ပိ ပဏ္ဏကံ မယှံ၊ ရန္ဓံ ရာဇ အလောဏကံ။

ပရိဘုဉ္ဇ မဟာရာဇ၊ ပါဟုနော မေသိဓာဂတော။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်။ ဤအရွက်ကား တော၌နေသော ငါတို့အား မြတ်သောဘောဇဉ်တည်း။ ဆားမျှလည်း မခတ်အပ်။ ရသတဏှာဖြင့် လွန်စွာတပ်ခြင်းငှာလည်း မထိုက်။ ကိုယ်, လက်၏ မျှတခြင်းကိုလည်း ဆောင်၏။ ကိလေသာကို ခေါင်းပါးစေခြင်းငှာ အလိုရှိကုန်သောသူတို့နှင့် အလွန်လျှင်လျောက်ပတ်၏။ ခမည်းတော်အလိုရှိတိုင်း သုံးဆောင်တော်မူပါလော့။ ဤသစ်ရွက်ကား ငါတို့မှာ မရှား။ အလိုရှိတိုင်း ရ၏။ စိတ်အားလိုရာ သုံးဆောင်တော်မူ”ဟုဆို၍ တည်ကျွေးတော်မူလေ၏။

ကာသိကရာဇ်မင်းကြီးသည်လည်း--

“ချစ်သား။ ခမည်းတော်ကား သစ်ရွက်ကိုစားသူ မဟုတ်။ သလေးထမင်းကိုသာ စား၏”ဆိုလျက် ဘုရားလောင်းကို ရိုသေသောအားဖြင့် ဘုရားလောင်းပေးတော်မူသည်ကို ခွက်နှင့်တကွခံယူပြီးမှ သင့်ရာချထား၍ မိမိလက်၌ ထိုသစ်ရွက်တို့ကို အတန်ငယ်ထားပြီးလျှင် “ချစ်သား။ ဤသစ်ရွက်ကိုပင် စားသလော”ဟု မေး၏။ ဘုရားလောင်းလည်း--

“ခမည်းတော်။ ဤသစ်ရွက်ကိုပင် နေ့တိုင်းစား၍နေသည်။ ဤအစာကား ရဟန်းတို့နှင့် အလွန်လျောက်ပတ်၏”ဟု ဆိုတော်မူ၏။

ဤသို့ သားတော်, ခမည်းတော်တို့ ပိယကထာစကားကို ပြောဆို၍နေစဉ် ဘုရားလောင်းမယ်တော် စန္ဒာဒေဝီမိဖုရားကြီးသည် ၁-သောင်း ၆-ထောင်သော မောင်းမအပေါင်းခြံရံလျက် လာလတ်သဖြင့် ကျောင်းသို့ရောက်သောအခါ ဘုရားလောင်းကိုမြင်လေသော် ထိုမြင်သောခဏ၌ပင်လျှင် နှစ်လိုဝမ်းမြောက်ခြင်းကို မှီ၍ဖြစ်သောဗျာပါဒဖြင့် ရွှေငှက်ပျောပင်ယိမ်းသကဲ့သို့ မူးမှိုင်တိမ်းလဲလျက် မိန်းမောခြင်းသို့ ရောက်လေ၏။ ထို့နောင်မှ အခြွေအရံတို့၏ မ,စထောက်ပံ့ခြင်းဖြင့် သတိရ၍ လဲရာမှထပြီးလျှင် ဘုရားလောင်းခြေအစုံကို မြဲစွာဖက်လျက် မျက်ရည်ပြည့်သောမျက်စိဖြင့် မတားမဆီးနိုင်အောင် ငိုကြွေးပြီးသော် ခြေတော်မှလွှတ်၍ သင့်တင့်ရာက နေလေ၏။

ထိုအခါ ကာသိကရာဇ်မင်းကြီးသည် မိမိလက်၌ရှိသော ဟင်းလျာရွက်ကိုပြ၍ မိဖုရားကြီးအား “အဘယ်။ သင့်သားစားသော အစာကို သင် ကြည့်ပါလော့”ဟုဆိုကာ အတန်ငယ်အတန်ငယ် ဟင်းရွက်ဖတ်ကိုယူ၍ မိဖုရားကြီးလက်ပေါ်၌ ချထား၏။ မယ်တော်မိဖုရားကြီးသည်လည်း အခြံအရံမောင်းမတို့အား “ငါ့သား။ စားတော်မူသော ဟင်းရွက်ကို ကြည့်ကြစမ်း။ အသင်တို့”ဟုဆိုကာ အတန်ငယ်အတန်ငယ် မောင်းမတို့၏လက်၌ ထား၏။ ထို ၁-သောင်း ၆-ထောင်ကုန်သော မောင်းမတို့သည်လည်း “ဤဘောဇဉ်ကား ငါတို့အရှင့်သား စားတော်ဘောဇဉ်ဟူသတတ်။ အလွန်မြတ်ပေစွ။ အရှင့်သားသည်လည်း အမျိုး, အနွယ်, စည်းစိမ်နှင့် ပြည့်စုံသောသူတို့ ပြုနိုင်ခဲစွာသောအမှုကို ပြုပေ၏”ဟု ချီးမွမ်းပြောဆိုကြလျက် ထိုဟင်းလျာရွက်တို့ကို မိမိတို့ထိပ်ထက်တင်၍ လက်အုပ်ချီကာ ရှိခိုးပူဇော်ကြကုန်၏။

ခမည်းတော် ကာသိကရာဇ်မင်းကြီးသည်လည်း “ချစ်သား။ ယခု ခမည်းတော်နှလုံး၌ ဤသို့သော အံ့ဖွယ်သရဲသည် ထင်လာ၏” ဟုဆိုပြီးလျှင်-

“အစ္ဆေရကံ မံ ပဋိဘာတိ၊ ဧကကမ္ပိ ရဟောဂတံ။

ဧဒိသံ ဘုဉ္ဇမာနာနံ၊ ကေန ဝဏ္ဏော ပသီဒတိ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သား။ ယခု ခမည်းတော်နှလုံး၌ အံ့ဖွယ်ထင်လာသည်ကား ချစ်သားသည် လူမနီးသောဤတောအရပ်၌ အဖော်မရှိဘဲ တစ်ယောက်တည်းသာလည်း နေ၏။ ဆားလည်းမခတ် ပြုတ်ဖျောခြင်းစသည်ကို မပြုခြင်းကြောင့်လည်း နူးနူးနပ်နပ် ညံ့ညံ့ပျောင်းပျောင်း အနံ့ကောင်းကိုမျှ ဆောင်ခြင်းမရှိသော ဤသစ်ရွက်စိမ်းအစာ ရုန့်ကြမ်းစွာကိုလည်း စား၏။ ထိုသို့ဖြစ်လျက် ငါ့သား၏အရောင်အဆင်းသည် အဘယ့်ကြောင့် ယခု ရှေးအခါတစ်ပါးထက်လွန်၍ တင့်တယ်ခြင်းဖြစ်လေသည် မသိဟု ကြံမိသော ခမည်းတော်အား ဤသို့သောအံ့ဖွယ်သရဲ ဖြစ်ခဲ့၏”ဟု ဆို၏။

ခမည်းတော်စကားကိုကြားလျှင် ဘုရားလောင်းသည် ကိုယ်အဆင်းအရောင်၏ တင့်တယ်ကြောင်းကို ကြားလို၍-

“ဧကော ရာဇ နိပဇ္ဇာမိ၊ နိယတေ ပဏ္ဏသန္ထရေ။

တာယ မေ ဧကသေယျာယ၊ ရာဇ ဝဏ္ဏော ပသီဒတိ။”

“န စ နေတ္တိံ သဗန္ဓာမေ၊ ရာဇရက္ခာ ဥပဋ္ဌိတာ။

တာယ မေ သုခသေယျာယ၊ ရာဇ ဝဏ္ဏော ပသီဒတိ။”

“အတီတံ နာနုသောစာမိ၊ နပ္ပဇပ္ပါမိနာဂတံ။

ပစ္စုပ္ပန္နေန ယာပေမိ၊ တေန ဝဏ္ဏော ပသီဒတိ။”

“အနာဂတပ္ပဇပ္ပါယ၊ အတီတဿာနုသောစနာ။

ဧတေန ဗာလာ သုဿန္တိ၊ နဠောဝ ဟရိတော လုတော။”

ဟူသော ၄-ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား--

“ခမည်းတော်။ အရောင်အဆင်းဟူသည်ကား စိတ်ငြိမ်သောသူ၌သာ ထွက်၏။ အိပ်, စားမှု စသည်တို့၌ အလိုမပြည့်နိုင်သောသူ၊ ရောင့်ရဲလွယ်ခြင်းမရှိနိုင်သောသူသည် အရောင်အဆင်း ပျက်၏။ စည်းစိမ်ဥစ္စာ၌ ကြောင့်ကြစိုးရိမ်ကြီးသဖြင့် နှလုံးထိတ်လန့်သောသူလည်း အရောင်အဆင်း ပျက်၏။ လွန်လေပြီးသည်ကိုကြံ၍ စိုးရိမ်တတ်သောသူ၊ လာလတ္တံ့သောအနာဂတ်ကိုကြံ၍ စိုးရိမ်တတ်သောသူ၊ ဤ သူမလိမ္မာတို့သည်လည်း နှလုံးအသင့်အတင့် မထားတတ်ခြင်းကြောင့် ကျူရိုးကျူပင်ကို ကောင်းကင်သို့ နုတ်ပစ်လိုက်သကဲ့သို့ မိမိတို့အဆင်းကိုပင် မိမိတို့ဖျက်ကုန်၏။

“ခမည်းတော်။ ငါမူကား ဤရုန့်ကြမ်းစွာသော မြက်အခင်း၌ အိပ်လျက်ပင်လည်း “ဤအခင်းထက်သာ၌ နူးညံ့သောအိပ်ရာကိုရသော် ကောင်းလေ၏”ဟု တောင့်တစိုးရိမ်ခြင်း ငါ မရှိ။ အခင်း၌ အဆိုးအကောင်းကို အမှတ်မပြုလေခြင်းကြောင့် ကြမ်းသည်ဟူ၍ ငါမထင်။ ဤမြက်အခင်းဖြင့်ပင် ငါ၏အဆင်းကား အလွန်ကြည်ညိုဖွယ်ဖြစ်၏။

ဤ ကျောင်းသင်္ခမ်း၌ သင်္ကန်း, သပိတ်စသော ရဟန်းအသုံးအဆောင်ပရိက္ခရာတို့ကို မပျောက်မပျက်စေခြင်းငှာ ထီးနန်းမှာ ရွှေလှံ,ရွှေဓား အစောင့်အရှောက်ထားသကဲ့သို့ တစ်စုံတစ်ခုသော အစောင့်အရှောက်ကိုမျှလည်းမထား၊ သူတစ်ပါး ဖျက်ဆီးလတ္တံ့ဟူ၍လည်း နှလုံးမရှိ။ ထို ပစ္စည်းပရိက္ခရာ၌ စိုးရိမ်ခြင်းမရှိသဖြင့်လည်း ငါ၏အဆင်းသည် ကြည်ညိုဖွယ်ကိုဆောင်သည် ဖြစ်ရာ၏။

“ငါသည် ဆွံယောင်, အ,ယောင် မဆောင်ဘဲ ကာမဂုဏ်စည်းစိမ်ကိုခံ၍ ယခုအရွယ် ၁၆-နှစ်ကျော်လျှင် ရဟန်းပြုရလေသော်၊ မင်းသားဖြစ်ကျိုးလည်း ရှိလေ၏စသည်ဖြင့် လွန်ခဲ့ပြီးသောအမှုကိုလည်း မသင့်သောအရာ သင့်သောအရာ၌ပင် အဖန်တလဲလဲ ကြံအောက်မေ့၍ စိုးရိမ်ခြင်းမည်သည် မဖြစ်။ “ယနေ့ ဤအစာကို စားရပြီ။ နက်ဖြန် အဘယ်အစာကို စားရမည်နည်း” စသည်ဖြင့် အိပ်ရာနေရာ, အစား, အဝတ်, အသုံးအဆောင်, အဖော်အရွေ စသည်တို့ကိုမှီ၍ အနာဂတ်၌ဖြစ်လတ္တံ့သည်ကို အဖန်တလဲလဲ ကြံအောက်မေ့သဖြင့် စိုးရိမ်ခြင်းမည်သည် မဖြစ်။ ယနေ့သော် ယနေ့အလျောက်, နက်ဖြန်သော် နက်ဖြန်အလျောက် ရသမျှပစ္စည်းဖြင့်သာ ရောင့်ရဲစေ၏။ ထိုသို့ စိုးရိမ်ခြင်းမရှိ၍ ရောင့်ရဲလွယ်ခြင်းကြောင့်လည်း ငါ၏အရောင်အဆင်းသည် ကြည်ညိုဖွယ်ကို ဆောင်သည်ဖြစ်ရာ၏။

“ခမည်းတော်။ နူးညံ့သောအာရုံ ကာမဂုဏ်နှင့်မစပ်မယှဉ်ဘဲ အဆင်းအရောင် ကြည်ညိုဖွယ်နှင့်ပြည့်စုံခြင်းကို ခမည်းတော်မြင်သဖြင့် “ငါ့သားကား လွန်ခဲ့ပြီးသည်ကို လည်းကောင်း, လာလတ္တံ့သည်ကိုလည်းကောင်း, အကျိုးမဲ့ အဖန်တလဲလဲကြံ၍ စိုးရိမ်ပင်ပန်းတတ်သော မလိမ္မာသူ အပြိန်အဖျင်း မဟုတ်ချေ”ဟူ၍ အံ့ဖွယ်သရဲ၏အကြောင်းကို ရှာကောင်းသည်မဟုတ်လော”ဟုဆို၏ ဟူလိုသည်။

ထိုအခါ ကာသိကရာဇ်မင်းကြီးသည် “ငါ့သားကား ငါ့ကို “ဖခင်”ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်၏။ မိဘ၌ချစ်ခြင်းကို မစွန့်သေး။ ငါ့သားအား ဤအရပ်၌ပင်လျှင် မင်း၏အဖြစ်ဖြင့် အဘိသိက်သွန်း၍ မြို့သို့ချီပင့်ဆောင်သွားအံ့”ဟု ကြံလျက် ပြည်စည်းစိမ်ဖြင့် ဖိတ်ကြားလိုသောကြောင့်--

“ဟတ္တာနီကံ ရထာနီကံ၊ အဿေ ပတ္တီ စ ဝမ္မိနော။

နိဝေသေနာနိ ရမ္မာနိ၊ အဟံ ပုတ္တ ဒဒါမိ တေ။”

“ဣတ္ထာဂါရမ္ပိ တေ ဒမ္မိ၊ သဗ္ဗာ လင်္ကာရဘူသိတံ။

တာ ပုတ္တ ပဋိပဇ္ဇဿု၊ တွံ နော ရာဇာ ဘဝိဿသိ။”

“ကုသလာ နစ္စဂီတဿ၊ သိက္ခိတာ စာတုရိတ္ထိယော။

ကာမေ တံ ရမယိဿန္တိ၊ ကိံ အရညေ ကရိဿသိ။”

“ပဋိရာဇူဟိ တေ ကညာ၊ အာနယိဿံ အလင်္ကတာ။

တာသု ပုတ္တေ ဇနေတွာန၊ အထ ပစ္ဆာ ပဗ္ဗဇိဿသိ။”

“ယုဝါ စ ဒဟရော စာသိ၊ ပဌမုပ္ပတ္တိကော သုသု။

ရဇ္ဇံ ကာရေဟိ ဘဒ္ဒန္တေ၊ ကိံ အရညေ ကရိဿသိ။”

ဟူသော ၅-ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“ချစ်သား။ ခမည်းတော်၌ မောင့်ဘိုးတော်မှ အမွေခံရလိုက်သော ပြည်ကြီးစည်းစိမ်သည် ရှိ၏။ ထိုပြည်ကြီးစည်းစိမ်ကို ချစ်သားမှတစ်ပါး ခံထိုက်သူမရှိသောကြောင့် ဤတောအရပ်၌ ချစ်သား စကားပြောကြောင်းကို သုနန္ဒာလျှောက်၍ ခမည်းတော်ကြားရလျှင် အလွန်ဝမ်းမြောက်ခြင်းနှင့် မောင့်ကိုတင်ဆောင်အံ့ဟု အလုံးအရင်းကြီးစွာစီရင်၍ ခမည်းတော် လာခဲ့၏။ ဤ၌ ပါသမျှသော ဆင်, မြင်းရထား, ခြေသည် များစွာသော သူရဲ, မှူးမတ်, ဗိုလ်တပ်အလုံးအရင်းတို့ကို ချစ်သားအား ယခု ခမည်းတော် ဆက်ကပ် အပ်နှင်းပါ၏။

“ထိုမှတစ်ပါး ခပ်သိမ်းကုန်သော ကာသိကရာဇ်တိုင်းကြီး ဗာရာဏသီပြည်ကြီး စည်းစိမ်ရေမြေနှင့်တကွ အလုံးစုံ ခမည်းတော်ပိုင်ထိုက်သမျှကိုလည်း ချစ်သားအား ဆက်ကပ် အပ်နှင်းပါ၏။ နတ်သမီးကဲ့သို့ အဆင်းကိုဆောင်လျက် ပြိုးပြိုးပြက်ပြက်တောက်ပသော အဝတ်တန်ဆာ, ရတနာရောင်တို့ဖြင့် ပြည်ကြီးရှင်တို့၏ နှလုံးအလိုကိုပြီးစေနိုင်သော သမီးပျိုနန်းသူအပေါင်း ၁-သောင်း ၆-ထောင်တို့ကိုလည်း ချစ်သားအား အလုပ်အကျွေးအလို့ငှာ ဆက်ကပ်အပ်နှင်းပါ၏။ ဤအရပ်၌ မင်းမြှောက်တန်ဆာ ၅-ပါးတို့နှင့်တကွ မင်း၏ အဘိသိက်ကိုခံပြီးလျှင် များစွာသော အမတ်ရွေဖော် သူငယ်တော်အပေါင်းခြံရံလျက် ပြည်သို့ပြန်၍ ထီးနန်းစည်းစိမ်ကို စိုးစံပါဦးလော့။

“ချစ်သားသည် ယခု ပထမအရွယ်သာဖြစ်၍ ကာမဂုဏ်စည်းစိမ်ဖြင့် ပျော်မွေ့ခြင်းသည်သာလျှင် အရွယ်နှင့်လိုက်လျော၏။ ငြီးငွေ့လောက်သော အရွယ်ရောက်သော်တစ်မူကား ယခုကဲ့သို့ပင် ရဟန်းပြုလိုလည်း ပြုရပါ၏။ ယခုကား အရွယ်နှင့်မတန်သေး။ ပြည်သို့ပြန်၍ မင်းပြုသောအခါ ချစ်သား၏ဘုန်းအာနုဘော်ဖြင့် ထီးဖြူးဆောင်းချင်း မင်းတစ်ပါးတို့ခံ့ညားခြင်းရှိသည်ဖြစ်၍၊ နစ္စဂီတအမှု၌ လိမ္မာစွာ မင်းသမီးကညာတစ်ယောက်စီ အသီးသီးဆက်ကပ်လာသဖြင့် ထိုမင်းသမီးတို့၏အလယ်၌ ချစ်သား၏နှလုံးသည် အလွန်မွေ့လျော်ခြင်း ဖြစ်လတ္တံ့။ ဤတောအရပ်၌နေ၍ အဘယ်ပြုအံ့နည်း။

“အရွယ်နှင့် မတန်သေး။ ငယ်ရွယ်သောအခါက ကာမဂုဏ်ချမ်းသာကိုခံစား၍ နောင် အရွယ်လွန်သောအခါမှ ရဟန်းပြုရသော်သာ တော်လျော်တင့်အပ်၏။ “ကြီးမှ ရဟန်းပြုသော် မအပ်”ဟူ၍ ရှိတော့သည် မဟုတ်ပြီ။ ထို့ကြောင့် ယခု ပြည်သို့ပြန်၍ အရွယ်ရှိသည့်ကာလပတ်လုံး အဘိုး၏အမွေဖြစ်သော ထီးနန်းစည်းစိမ်ကိုစိုးစံပါဦး။

“ချစ်သား။ ယခု အမိနို့ရည် စင်ရုံမျှအရွယ်သာရှိသေး၏။ အလွန် နုလှသေး၏တကား”ဟုဆို၍ တောင်းပန်ဖိတ်ကြား၏။

ခမည်းတော်စကားကိုကြားလျှင် ဘုရားလောင်းသည် “ယခုတစ်မူကား စကားစရှာ၍ပင် ငါ ဆုံးမအပ်သည်ဖြစ်ပေလျက် ခမည်းတော် စကားစထွင်၍ ရှိပြီးဖြစ်သောကြောင့် ခမည်းတော်တို့အား ဝဋ်တရား၏ ဆင်းရဲစင်စစ်ဖြစ်သည်ကို ထင်စွာပြလျက် နိစ္စ, သုခ, အတ္တ, သုဘဟု အမှတ်မှားလေသည်ကို အမှန်ဖြစ်စေကြောင်း ကောင်းစွာတရားဟောအံ့”ဟု ကြံ၍-

“ယုဝါ စရေ ဗြဟ္မစရိယံ၊ ဗြဟ္မစာရီ ယုဝါ သိယာ။

ဒဟရဿ ဟိ ပဗ္ဗဇ္ဇာ၊ ဧတံ ဣသီဟိ ဝဏ္ဏိတံ။”

“ယုဝါ စရေ ဗြဟ္မစရိယံ၊ ဗြဟ္မစာရီ ယုဝါ သိယာ။

ဗြဟ္မစရိယံ စရိဿာမိ၊ နာဟံ ရဇ္ဇေန မတ္ထိကော။”

“ပဿာမိ ဝေါဟံ ဒဟရံ၊ အမ္မ တာတ ဝဒန္တရံ။

ကိစ္ဆာလဒ္ဓံ ပိယံ ပုတ္တံ၊ အပတွာဝ ဇရံ မတံ။”

“ပဿာမိ ဝေါဟံ ဒဟရိံ၊ ကုမာရီ စာရုဒဿနိံ။

နဝ ဝံသကဠီရံဝ၊ ပလုဂ္ဂံ ဇီဝိတက္ခယံ။”

“ဒဟရာ ပိ ဟိ မိယျန္တိ၊ နရာ စ အထ နာရိယော။

တတ္ထ ကော ဝိဿသေ ပေါသော၊ ဒဟရောမှီတိ ဇီဝိတေ။”

“ယဿ ရတျာ ဝိဝသာနေ၊ အာယု အပ္ပတရံ သိယာ။

အပ္ပေါဒကေဝ မစ္ဆာနံ၊ ကိန္နု ကောမာရကံ တဟိံ။”

“နိစ္စမဗ္ဘာဟတော လောကော၊ နိစ္စဉ္စ ပရိဝါရိတော။

အမောဃာသု ဝဇန္တီသု၊ ကိံ မံ ရဇ္ဇေဘိသိဉ္စသိ။”

ဟူသော ၇-ဂါထာဖြင့် တရားဟောတော်မူ၏။

အဓိပ္ပာယ်ကား--

“ခမည်းတော်။ ငယ်ရွယ်ပျိုနုသောအခါက မြတ်သောအကျင့်ကို ကျင့်လေ့ရှိသောသူအားသာလျှင် “ကာမဂုဏ်စိတ်၏အလိုသို့ ကိုယ်မလိုက်နိုင်သောအရွယ်မှ မြတ်သော အကျင့်ကို ကျင့်သောသူတို့ထက်” အဆအရာ, အဆအထောင်အားဖြင့် ဘုရားအစရှိသော ရသေ့, ရဟန်း၊ သူတော်ကောင်းတို့သည် ချီးမွမ်းအပ်၏။

“အတွေ့စည်းစိမ်ကိုရှောင်ကြဉ်၍ ငယ်ရွယ်ပျိုနုသောအခါက ရဟန်းပြုရခြင်းသည် မြတ်၏။ ထို့ကြောင့် ငါလည်း လက်သို့ရောက်ပြီးသော စည်းစိမ်ကိုပယ်၍ မြတ်သောအကျင့်ကိုသာလျှင် ကျင့်အံ့။ ပြည်စည်းစိမ်ဖြင့် အလိုမရှိပြီ။

“ယခုဆိုလတ္တံ့သောစကားကို မယ်တော်,ခမည်းတော်တို့ အသင့်နှလုံးသွင်း၍ မှတ်နာကြကုန်။ ဤလောက၌ အရွယ်ရောက်စသာဖြစ်ကုန်သော လုလင်ပျိုတို့သည်လည်းကောင်း၊ ယောက်ျားတို့၏နှလုံးကို ရွှင်စေတတ်သောအဆင်းကို ဆောင်ကုန်သော သမီးလုလင်တို့သည်လည်းကောင်း အိမ်ရာမကျမီ, သားကြီးမြေးပွားမရှိမီ, အဆင်း၏ပျက်ခြင်း, အိုခြင်း, သေခြင်းမည်သည် မဖြစ်နိုင်ရာဟူ၍ ရှိသော်ကား “အငယ်က ရဟန်းမပြုလင့်”ဆိုသော် အလျော်သင့်သေး၏။

“ယင်းသို့ကား မဟုတ်။ ပဋိသန္ဓေကပင် ပျက်စီးရသောသတ္တဝါ, ဖွားစကပင် ပျက်စီးရသောသတ္တဝါ, အရွယ်ရောက်စကပင် ပျက်စီးရသောသတ္တဝါ စသည်ဖြင့် အခါအရွယ်ကို ငံ့တွယ်ခြင်းမရှိ၊ ဗျာဓိ, ဇရာ, မရဏ မပြတ်နှိပ်စက်သဖြင့် “ငါ့အသက်, ငါ့ကိုယ်”ဟုပြောဆို၍ ကောင်းရာတစ်ခုမျှ မထင်ဘဲလျက် အသက်ကို မိဘပိုင်သကဲ့သို့ အဘယ့်ကြောင့် “အိုမှ ရဟန်းပြု၊ ယခု ထီးနန်းစံဦး”ဟု ဆိုထိုက်ပါအံ့နည်း။

“တရွေ့တရွေ့ ခန်းခြောက်သဖြင့် ရေနည်းခြင်းသို့ရောက်သောအိုင်၌ ငါးကဲ့သို့ သတ္တဝါအပေါင်းတို့အားလည်း တစ်ညဉ့်တစ်ညဉ့်ကုန်သဖြင့် အသက်၏နည်းခြင်းသို့ ရောက်မြဲကား ဓမ္မတာတည်း။ ထို့ကြောင့် မအို, မသေ မနေရဘဲလျက် ယခု ပျိုနုသောအရွယ် ဖြစ်သည်ဟူ၍ ထိုခဏဖြစ်သော အရွယ်အဆင်း၌တပ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း။

“ခမည်းတော်, မယ်တော်တို့။ လောကကို မပြတ်လည်း နှိပ်စက်၏။ မပြတ်လည်း ခြံရံ၏။ အချည်းနှီးမဟုတ်မူ၍လည်း လွန်၏။ ထိုသို့ဖြစ်လျက် မင်း၏အဘိသိက်ဖြင့် ငါ၌ အဘယ်ပြုအံ့နည်း။ မြတ်သောအကျင့်ကို ကျင့်ရခြင်းသည်သာလျှင် အကျိုးရှိ၏”ဟု သံဝေဂနှင့်စပ်ယှဉ်သော တရားစကားကို ကောင်းစွာဟောတော်မူ၏။

ထိုအခါ ခမည်းတော် ကာသိကရာဇ်မ်းကြီးသည် “လောကကို မပြတ်နှိပ်စက်၏”ဟု စသည်ဖြင့်ဟောသော ဘုရားလောင်းတရားတော်၏အနက်ကို ဥဒ္ဒေသမျှဖြစ်၍ မသိနိုင်ခြင်းကြောင့် နှစ်သက်သည်အားလျော်စွာ ထိုတရား၏အနက်ကို သိလိုသည်ဖြစ်၍-

“ကေန မဗ္ဘာဟတော လောကော၊ ကေန စ ပရိဝါရိတော။

ကာယော အမောဃာ ဂစ္ဆန္တိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။”

ဟူသော ဂါထာဖြင့်မေး၏။

အဓိပ္ပာယ်ကား-

“ချစ်သား။ လောကကို နှိပ်စက်တတ်သောရန်သူကား အဘယ်နည်း။ ခြံရံတတ်သောရန်သူကား အဘယ်နည်း။ အချည်းနှီးမဟုတ်မူ၍ သွားတတ်ကုန်သည်ကား အဘယ်သည်တို့နည်း။ ထိုအကြောင်းကို သိမြင်တိုင်း သိသာအောင် ချစ်သား ကြားဦးလော့”ဟု မေး၏။

ခမည်းတော်စကားကိုကြားလျှင် ဘုရားလောင်းသည် ထိုအကြောင်း ပြန်ကြားလို၍-

“မစ္စုနာဗ္ဘာဟတော လောကော၊ ဇရာယ ပရိဝါရိတော။

ရတျော အမောဃာ ဂစ္ဆန္တိ၊ ဧဝံ ဇာနာဟိ ခတ္တိယ။”

“ယထာဟိ တန္တေ ဝိတတေ၊ ယံ ယဒေဝူပဝိယျတိ။

အပ္ပကံ ဟောတိ ဝေတဗ္ဗံ၊ ဧဝံ မစ္စာနဇီဝိတံ။”

“ယထာ ဝါရိဝဟော ပူရော၊ ဂစ္ဆံ နုပနိဝတ္တတိ။

ဧဝမာယု မနုဿာနံ၊ ဂစ္ဆံ နုပနိဝတ္တတိ။”

“ယထာ ဝါရိဝဟော ပူရော၊ ဝဟေ ရုက္ခေပကူလဇေ။

ဧဝံ ဇရာ မရဏေန၊ ဝုယှန္တေ သဗ္ဗပါဏိနော။”

ဟူသော ၄-ဂါထာတို့ဖြင့် ဥပမာနှင့်တကွ အကျယ်ဝေဖန်၍ ဟောကြားတော်မူ၏။

အဓိပ္ပာယ်ကား--

“ခမည်းတော်ကြီး။ လောကကို မပြတ်နှိပ်စက်သည်ကား သေခြင်းတည်း။ လောကကို မပြတ်ခြံရံသည်ကား အိုခြင်းတည်း။ အချည်းနှီးမဟုတ်မူ၍ လွန်တတ်, သွားတတ်သည်ကား ညဉ့်နေ့တို့တည်း။

“ခမည်းတော်မင်းကြီး။ ထို ဇရာမရဏတို့ကို ဥပမာဆိုသော်ကား သတ္တဝါတို့အသက်သည် ရက်ကန်းချည်နှင့်တူ၏။ ညဉ့်, နေ့တို့သည် ချည်ချောင်း အစဉ်ရက်သည်နှင့် တူ၏။ ရက်ဖန်များသဖြင့် ရက်ကန်းစာကုန်သည်နှင့်ကား ညဉ့်ကုန်ဖန်များသဖြင့် အသက်ကုန်ခြင်းနှင့် တူ၏။

“တစ်နည်းလည်း သတ္တဝါတို့၏ကိုယ်ကာယသည် မြစ်ကမ်းထိပ်၌ရောက်သော သစ်ပင်တို့နှင့် တူ၏။ အိုခြင်း, သေခြင်းသည် ထိုသစ်ပင်ကို တစ်နေ့မပြတ် ပြင်းစွာတိုးဝှေ့တတ်သော ရေနှင့်တူ၏။ ထိုရေအယဉ်သည် အချည်းနှီးမဟုတ်မူ၍ ကမ်းကို တရွေ့တရွေ့ပြုန်းစေ, ပြိုစေသည်နှင့်ကား အချည်းနှီးမလွန်မူ၍ သတ္တဝါတို့၏အရွယ်ကို ကြီးစေခြင်း, အဆင်းကိုပျက်စေခြင်း, အားကို ယုတ်စေခြင်းကိစ္စကို ပြီးစေလျက် လွန်တတ်သော ညဉ့်နေ့နှင့်တူ၏။

“ထို့ကြောင့် ပြည်စည်းစိမ်ဖြင့်နေ၍ ငါ၌ အကျိုးမရှိ။ ဝဋ်တရား၏နှိပ်စက်ခြင်းကိုသာ ခံရတော့မည်။ ဇရာ, မရဏအစရှိသော ဝဋ်တရား၏နှိပ်စက်ခြင်းကိုသာ ခံရသေးသော်လည်း မြတ်သောတရားကိုကျင့်၍ အကျိုးရှိသောနေခြင်းဖြင့် နေရသော်သာ မြတ်လှတော့သည်”ဟု ခမည်းတော် မယ်တော်တို့အား တရားဟောတော်မူ၏ ဟူလိုသည်။

ဤသို့ ဘုရားလောင်း၏တရားစကားကို ကြားနာရလျှင် ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် ကာမဂုဏ်၌ ရွံရှာခြင်းဖြစ်၍၊ ရဟန်းပြုလိုသောနှလုံး ရှိသဖြင့် ဤသို့ ကြံ၏။

“ယခု ငါ့သားတော်ဟောအပ်သော တရားကိုနာရသဖြင့် ငါ၏နှလုံးသည် အလွန်နူးညံ့ခြင်းသို့ ရောက်၏။ ပြည်စည်းစိမ်ဖြင့် ငါ အလိုမရှိပြီ။ ငါ့သားတော်မူကား အရွယ်ရှိပေသေးသောကြောင့် ပြည်စည်းစိမ်ကာမဂုဏ်ဖြင့် စံလိုလည်းစံပါစေဦး။ ပြည်စည်းစိမ်ကို ထပ်၍တစ်ဖန် ငါ အပ်နှင်းခြင်းဖြင့် စုံစမ်းအံ့”ဟု ကြံပြီးလျှင်-

“ဟတ္တာနီကံ ရထာနီကံ၊ အဿေ ပတ္တီ စ ဝမ္မိနော။

နိဝေသနာနိ ရမ္မာနိ၊ အဟံ ပုတ္တ ဒဒါမိ တေ။”

“ဣတ္ထာဂါရမ္ပိပိ တေ ဒမ္မိ၊ သဗ္ဗာလင်္ကာရဘူသိတံ။

တာ ပုတ္တ ပဋိပဇ္ဇဿု၊ တွံ နော ရာဇာ ဘဝိဿသိ။”

“ကုသလာ နစ္စဂီတဿ၊ သိက္ခိတာ စာတုရိတ္ထိယော။

ကာမေ တံ ရမယိဿန္တိ၊ ကိံ အရညေ ကရိဿသိ။”

“ပဋိရာဇူဟိ တေ ကညာ၊ အာနယိဿံ အလင်္ကတာ။

တာသု ပုတ္တေ ဇနေတွာန၊ အထ ပစ္ဆာ ပဗ္ဗဇိဿသိ။”

“ယုဝါ စ ဒဟရော စာပိ၊ ပဌမုပ္ပတ္တိကော သုသု။

ရဇ္ဇံ ကာရေဟိ ဘဒ္ဒန္တေ၊ ကိံ အရညေ ကရိဿသိ။”

“ကောဋ္ဌာဂါရဉ္စ ကောသဉ္စ၊ ဝါဟနာနိ ဗလာနိ စ။

နိဝေသနာနိ ရမ္မာနိ၊ အဟံ ပုတ္တ ဒဒါမိတေ။”

“ဂေါမဏ္ဍလ ပရိဗျူဠှော၊ ဒါသိသံဃပုရက္ခိတော။

ရဇ္ဇံ ကာရေဟိ ဘဒ္ဒန္တေ၊ ကိံ အရညေ ကရိဿသိ။”

ဟူသော ၇-ဂါထာတို့ဖြင့်အပ်နှင်းတောင်းပန်ပြန်၏။

အဓိပ္ပာယ်ကား-

“ချစ်သား။ ခမည်းတော်အား သံသရာစီးပွားအလို့ငှာ ဟောကြားပေသောကြောင့် ကာမဂုဏ်၌ကြံခြင်းစသော စိတ်၏တုန်လှုပ်ခြင်း ကင်းငြိမ်းသဖြင့် ကောင်းသောသမာဓိကို ရသည်ဖြစ်၍၊ အရွယ်၏ဖောက်ပြန်ခြင်းစသော အခြင်းအရာထင်ရှားစွာ နှလုံး၌ဝင်လာပေသောကြောင့် အရွယ်အားဖြင့်လည်း ကာမဂုဏ်ကိုငြီးငွေ့ချိန် အရွယ်ရောက်ပြီးဖြစ်၍ ထီးနန်းကိုအလိုမရှိပြီ။ ဤတောအရပ်၌ပင်လျှင် တစ်ယောက်ထီးတည်းဖြစ်သော်လည်း ရဟန်းတရားဖြင့် ကာလကိုလွန်စေတော့မည်။ ယခု ခမည်းတော်အကြံရှိ၏။

“ထို့ကြောင့် ချစ်သားမူကား အရွယ်အားဖြင့် စည်းစိမ်စံချိန်သာလည်း ဖြစ်သေး၏။ ဝဋ်တရား၌ အပြစ်ကိုမြင်သောချစ်သားသည် ပြည်စည်းစိမ်၌ စိုးစံသော်လည်း ဝဋ်တရားကင်းကြောင်းဖြစ်သော တရားတို့ကို မဖြည့်ကျင့်နိုင်ဘဲ ရှိတော့မည်မဟုတ်။ မင်းကျင့်တရား ၁၀-ပါးနှင့်အညီ မင်းပြုလျှင်လည်း အကျိုးမဲ့ကာလကို လွန်စေသည် မမည်ရာ။ နောင် အရွယ်ကြီးသောအခါမှ ရဟန်းပြုပါလော့။

“ယခု ခမည်းတော် ဤတောအရပ်၌ ရဟန်းပြုရစ်လျှင် ဤဗိုလ်ထုအလုံးအရင်းနှင့် ပြည်သို့ပြန်၍ ချစ်သား မင်းပြုပါသော် ခမည်းတော်၏နှလုံးအလိုကို ဆောင်သည်လည်း မည်ပါ၏။

“ထို့ကြောင့် ပြည်သို့ပြန်၍ မင်းတစ်ပါးတို့မှ ဆင်းသက်လာအပ်သော မင်းသမီးတို့၏အလယ်၌ တင့်တယ်စွာ ကာမဂုဏ်ချမ်းသာကို အရွယ်နှင့်ပြည့်စုံသည့် ကာလပတ်လုံး စိုးစံပါချေဦး”ဟု ထပ်၍တစ်ဖန် ပြည်စည်းစိမ်ကို အပ်နှင်းပြန်၏ ဟူလိုသည်။

ခမည်းတော်စကားကို ကြားလျှင် ဘုရားလောင်းသည် ပြုအံ့သောကုသိုလ်ကောင်းမှု၌ အခါရွေး၍ အလေးအနွဲ့ မပြုအပ်ကြောင်း၊ ဇရာ,ဗျာဓိအစရှိသော ဝဋ်တရားတို့ကို အစိုးမရကြောင်း၊ မိမိ၏ ကာမဂုဏ်အနှောင်အဖွဲ့မှ “ဝိက္ခမ္ဘနသတ္တိ”ဖြင့် ကင်းလွတ်လေပြီးကြောင်းကို ပြလို၍-

“ကိ ဓနေန ယံ ခီယေထ၊ ကိံ ဘရိယာယ မရိဿတိ။

ကိံ ယောဗ္ဗနေန ဇိဏ္ဏေန၊ ယံ ဇရာယာဘိဘုယျတိ။”

“တတ္ထ ကာ နန္ဒိ ကာ ခိဍ္ဍာ၊ ကာ ရတိ ကာ ဓနေသနာ။

ကိံ မေ ပုတ္တေဟိ ဒါရေဟိ၊ ရာဇ မုတ္တောသ္မိ ဗန္ဓနာ။”

“ယော ဟံ ဧဝံ ပဇာနာမိ ၊ မစ္စု မေ နပ္ပမဇ္ဇတိ။

အန္တကေနာဓိပန္နဿ၊ ကာ ရတိ ကာ ဓနေသနာ။”

“ဖလာန မိ ပက္ကာနံ၊ နိစ္စံ ပတနတော ဘယံ။

ဧဝံ ဇာတာနမစ္စာနံ၊ နိစ္စံ မရဏတော ဘယံ။”

“သာယမေကေ န ဒိဿန္တိ၊ ပါတော ဒိဋ္ဌာ ဗဟူ ဇနာ။

ပါတော ဧကေ န ဒိဿန္တိ၊ သာယံ ဒိဋ္ဌာ ဗဟူ ဇနာ။”

“အဇ္ဇေဝ ကိစ္စံ အာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။

န ဟိ နော သင်္ကရံ တေန၊ မဟာသေနေန မစ္စုနာ။”

“စောရာ ဓနဿ ပတ္ထေန္တိ၊ ရာဇ မုတ္တောသ္မိ ဗန္ဓနာ။

ဧဟိ ရာဇ နိဝတ္တဿု၊ နာဟံ ရဇ္ဇေန မတ္ထိကော။”

ဟူသော ၇-ဂါထာတို့ဖြင့် တရားဟောတော်မူ၏။

အဓိပ္ပာယ်ကား--

“ခမည်းတော်မင်းကြီး။ ဥစ္စာစည်းစိမ်ဟူသည်ကား ရန်သူ ၅-ပါးဖျက်ဆီး၍ ပျက်ပြုန်းသဖြင့်လည်း ဥစ္စာရှင်ကို စွန့်တတ်၏။ ရန်သူ ၅-ပါးမဖျက်ဆီးမူ၍ မိမိဖြစ်ဆဲ, ပွားဆဲသော်လည်း ဥစ္စာရှင်သေသဖြင့် ဥစ္စာရှင်သည် စွန့်အပ်၏။ ထိုသို့ စွန့်တတ်, စွန့်အပ်သော အခြင်းအရာဖြင့် ပျောက်ခြင်း, ကုန်ခြင်းသဘောသာလျှင် စင်စစ်ဖြစ်သော ပြည်စည်းစိမ်ဖြင့် အဘယ့်ကြောင့် ခမည်းတော် ဖိတ်မန်ခြင်းကို ပြုပြန်ရသနည်း။

“သမီးကညာ, မိဖုရား, မောင်းမ, ခြေရင်းအလုပ်အကျွေး ဟူသည်တို့လည်း ထိုပြည်စည်းစိမ်ကဲ့သို့ပင် စွန့်တတ်,စွန့်အပ်သောအခြင်းအရာဖြင့် ကုန်ခြင်း,ကင်းခြင်းသဘောသာလျှင် စင်စစ်ဖြစ်လျက် အဘယ့်ကြောင့် မိန်းမမြတ်ရတနာတို့ဖြင့် ဖိတ်မန်ခြင်းကို ခမည်းတော် ပြုရသနည်း။ ယမန်နေ့ကဖြစ်သော အရွယ်အဆင်းကို ယနေ့ မမီနိုင်အောင် အိုခြင်း, ရင့်ခြင်းဖြင့် နှိပ်စက်အပ်သည်စင်စစ်ဖြစ်လျက် အဘယ့်ကြောင့် အရွယ်အဆင်း၏ဂုဏ်ကို ချီးမွမ်းရသနည်း။

“မိန်းမမြတ်တို့၏ လက်, ခြေ, မျက်နှာစသည်ကိုတွေ့မြင်၍ နှစ်သက်ခြင်း,တပ်ခြင်း၊ မြင်ဖူး, တွေ့ဖူး, ကြားဖူးသည်ကိုနှလုံးဖြင့် အကောင်းအမြတ်ကြံ၍ နှစ်သက်ခြင်း, တပ်ခြင်း၊ အစရှိသော ဆန္ဒရာဂ, ကာမရာဂ, သင်္ကပ္ပရာဂတို့ကိုလည်းကောင်း, ကိုယ်စိတ်၏ ကစားမြူးထူးခြင်း, ကာမဂုဏ် ၅-ပါး၌ မွေ့လျော်ခြင်း ကာမရာဂကိုလည်းကောင်း၊ ညွန်ပျောင်း ကျော့ညွတ်ကွင်းတို့မှ ရှင်းရှင်းဝေးဝေး ဆေးပွတ်ချွတ်ရုန်း၍ ကုန်းထက်သန့်ပြန့်ရာ ရောက်ပြီးသောသူကဲ့သို့ မငြိမစွန်း မသမ်းမမြှေး ဝေးစွာကွာစေအပ်လေပြီးသည်ဖြစ်၍ ဥစ္စာ, သား, မယားတို့ဖြင့် ငါ၌ အဘယ်မူအံ့နည်း။

“ခမည်းတော်မင်းကြီး။ ဖြစ်တတ်သောတရား၏ ပျက်ခြင်းသာလျှင် အဆုံးရှိသည်၏အဖြစ်ကို အဖန်တလဲလဲ ငါအောက်မေ့မိ၏။ အဘယ်အခါမျှ မေ့လျော့ခြင်းမည်သည် ငါ၌ မဖြစ်။ ထိုသို့ “မရဏာနုဿတိ”ကို အဖန်တလဲလဲ အောက်မေ့မိသောငါ့အား ကာမဂုဏ်ဖြင့်မွေ့လျော်ခြင်း, ဥစ္စာပစ္စည်းကို ဆည်းပူးခြင်းတို့ဖြင့် အဘယ်ပြုတော့မည်နည်း။

“မှည့်ခြင်းဖြင့်နှိပ်စက်အပ်သော သစ်သီးအား အညှာမှ ကြွေကျပျက်စီးခြင်း မြဲသကဲ့သို့ ပဋိသန္ဓေနေခြင်းရှိကုန်သော သတ္တဝါအပေါင်းတို့အား ရုပ်,နာမ်တို့၏ ရင့်ခြင်း,အိုခြင်းဖြင့် တစ်နေ့မပြတ် နှိပ်စက်အပ်သော ဘေးရန်တို့၏ထူပြောခြင်းကြောင့် ယခု ငါတို့မျက်မှောက်တွင်ပင် အချို့သောသတ္တဝါတို့ကို နံနက်အခါက ပြကတေ့မြင်လျက် ညဉ့်အခါ မမြင်ရ၊ ညဉ့်အခါ ပြကတေ့မြင်လျက်လည်း နံနက်အခါ မမြင်ရ ဖြစ်၏။

“ထို့ကြောင့် အပါယ် ၄-ရပ်, ကပ် ၃-တန်, ရန်သူ ၅-စု, ဥပဒ်အန္တရာယ် အစရှိသည်တို့မှလွတ်ကြောင်း၊ ဇရာ, မရဏအစရှိသော ဝဋ်ဆင်းရဲတို့မှလွတ်ကြောင်း၊ ကောင်းမှုဖြစ်သော ဒါန,သီလ,ဘာဝနာ စသည်တို့ကို ပြုလိုသောနှလုံးရှိလျှင် ထိုနှလုံးဝင်သောခဏချင်း ကြံမိသောကုသိုလ်ကို ပြီးမြောက်စေကြောင်း ကောင်းစွာလုံ့လဖြင့် ပြုအပ်လှတော့သည်။ ယနေ့ မကောင်း, နက်ဖြန် ကောင်းဟူ၍ ပြောင်းလင့်ဖင့်နွှဲလျက် အတွက်မရ ကာလကိုမကုန်စေသင့်။ အဘယ့်ကြောင့်နည်းဟူမူ မည်သူတစ်ယောက်မျှ မရဏမင်းနှင့် မိတ်ကျွမ်းဝင်ပြု၍ နေ့ရက်အချက်အချိန်းကို ရသည် မရှိချေ။ ယခု စကားပြောဆဲခဏမှ ယနေ့လည်းကောင်း, နက်ဖြန်လည်းကောင်း မည်သည့်ကာလမဆို ထိုသို့သောအနာဂတ်တို့၌ သေအံ့, ရှင်အံ့သည်ကို မည်သူတစ်ယောက်မျှ မသိနိုင်ချေ။

“ဘေး ၂၅-ပါး, ကြမ္မာ ၃၂-ပါး, အနာ ၉၆-ပါး, အိုခြင်းရင့်ခြင်းအစရှိသော စစ်သည်လက်သား အခြံအရံများလှစွာသော သေခြင်းဟုဆိုအပ်သော ခိုးသူကြီးသည် သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း ဖြစ်ခြင်းတည်းဟူသော ဥစ္စာထုပ်ကို “ကုသိုလ်အစောင့်အရှောက်လစ်လျှင် ခိုးယူအံ့”ဟု တောင့်တခြင်းဖြင့် လက်သားအစေအပါးဖြစ်သော ဇရာ, ဗျာဓိတို့ မပြတ်ခြံရံစေလျက် အခွင့်ရှာကာ နေဘိ၏။

“ခမည်းတော်မင်းကြီး။ ထိုသို့သောဘေးကို မြင်လေပြီးသော ငါ့အား အဘယ့်ကြောင့် “ဤအရွယ်ကား စည်းစိမ်စံချိန်, ဤအရွယ်ကား ရဟန်းပြုချိန်ဟူ၍ ဆိုရသနည်း။ ထိုသို့သောဘေးတို့ကြောင့် ဝေးစွာရှောင်လေပြီးသော ငါသည် အညှာမှလွတ်သော သစ်သီးကဲ့သို့ တစ်ဖန်ပြန်၍ ဆက်စပ်ငြိတွယ်လိုခြင်းသဘောမှ ကင်းကွာလေပြီ။ ထို့ကြောင့် ငါ့အား မည်သို့မျှ ခမည်းတော် မတောင်းပန်လင့်။ ခမည်းတော်သာ ငါကဲ့သို့ ဝဋ်တရားကိုငြီးငွေ့သည်မှန်လျှင် မကြာမြင့်စေလင့်။ ယခုပင် လာလှည့်။ ငါကဲ့သို့ ရဟန်းပြုလျက် ဘာဝနာဖြင့်သာ ကာလကို လွန်စေတော့”ဟု ဆိုတော်မူ၏ဟူလိုသည်။

ဘုရားလောင်း၏တရားကို နာရသောအခါ ခမည်းတော်မင်းကြီးသည် ရဟန်း၏အဖြစ်၌ အလွန်သဒ္ဓါခြင်းရှိသည်ဖြစ်၍--

“ချစ်သား။ ခမည်းတော် ယခုတောင်းပန်သည်မှာ ဝဋ်ဆင်းရဲ၌ အပြစ်ကိုမမြင်ခြင်းကြောင့်လည်း မဟုတ်ပြီ။ မြတ်သောစည်းစိမ်ကြီးဖြစ်၍ အမွေခံသားရှိပေလျက် မြက်, သစ်ရွက်ကိုကဲ့သို့ ဆင်ခြင်မဲ့ မပြုသာသေးသောကြောင့်သာ ချစ်သားအား တောင်းပန်ခြင်းကို ပြုပေသည်။ ယခုကား ထပ်၍တစ်ဖန် ချစ်သား၏တရားစကားကို ကြားရသဖြင့် ထိုပြည်စည်းစိမ်ကို ခမည်းတော်၏နှလုံးမှာ မြက်,သစ်ရွက်လောက်မျှ အလေးမပြုလိုပြီ။ ခမည်းတော်အား ရဟန်းပြုခြင်း၌ ကိုးကွယ်လဲလျောင်းရာကို ချစ်သားသည်သာလျှင်ပြု၍ ရဟန်းအသွင်, ရဟန်းတရားတို့ကို ပေးတော်မူလော့”ဟု ဆို၏။

မယ်တော် စန္ဒာဒေဝီ မိဖုရားကြီးသည်လည်း ထိုသို့သော ဘုရားလောင်း၏တရားကို နာရသောအခါ ရဟန်းအဖြစ်ကို မင်းကြီးတောင်းပန်သောစကား၏နောက်၌--

“ချစ်သား။ မိခင်အားလည်း ရဟန်းပြုပါလော့။ ပြည်သို့ မိခင် မပြန်လိုပြီ”ဟု ဆို၏။

မယ်တော်, ခမည်းတော်တို့ ရဟန်းအဖြစ်ကို တောင်းပန်ပြီးသော် ၁-သောင်း ၆-ထောင်သော ကိုယ်လုပ်အပျိုတော် နန်းသူအပေါင်းတို့သည်လည်းကောင်း၊ ဘုရားလောင်း၏ ဖွားဖက်ရွေဖော် အမတ်သား ၅၀၀တို့သည်လည်းကောင်း၊ ဆင်သင်းမြင်းစိုး အစရှိသော သူရဲအမှူးအကဲတို့နှင့်တကွ အလုံးစုံ ၁၈-ခေါဘိဏီရှိသော ဗိုလ်ခြေ မင်းပရိသတ်အပေါင်းတို့သည်လည်းကောင်း အချင်းချင်း အယူတညီတည်းဖြစ်ကြ၍ “အရှင် ၃-ပါးတို့နှင့် ငါတို့လည်း မခွဲပြီ။ ရဟန်းတရားဖြင့်သာလျှင် ဤတောအရပ်၌ ကာလကို ကုန်စေအပ်လှတော့သည်ဖြစ်၍ ရဟန်းပြုကြအံ့”ဟု ကြံကြကုန်၏။

ထိုသို့ မင်းပရိသတ်အပေါင်း အကြံတစ်ခုတည်း ညီညွတ်ကြသောအခါ ကာသိကရာဇ်မင်းကြီးသည် မြို့စိုးမြို့ဝန်ကို ခေါ်တော်မူပြီးလျှင်--

“ယခု မြို့သို့သွား၍ မြို့ပတ်လည်ဝန်းကျင် ဤသို့သောအမိန့်တော်နှင့် အောင်စည်တီးချေ။ “ရန်သူတကာတို့ကို အောင်တော်မူပြီးသော ကာသိကရာဇ်တိုင်းကြီးသခင် အမိန့်တော်ရှိသည်။ ဗာရာဏသီပြည်တော် မြို့ပြင်မြို့တွင်းနေ ပြည်သူပြည်သားအပေါင်းတို့။ ယခု သားတော် တေမိမင်းသားအထံတော်၌ ရဟန်းတရားတည်းဟူသော ရန်အောင်ကြောင်းအမြိုက်ရည်ကို ငါ သောက်တော်မူရ၍ အရသာပေါ့ပြက် စပ်ခါးခြင်းရှိသော ပြည်ကြီးစည်းစိမ်ကာမဂုဏ်ကို ခံတွင်းမှလွတ်သော တံတွေးသဖွယ် ငါ မှတ်တော်မူပြီ။ သင် ပြည်သူပြည်သားအပေါင်းတို့သည်လည်း ငါတို့ကဲ့သို့ ရဟန်းတရားတည်းဟူသော အမြိုက်ရည်ကို သောက်လိုကြလျှင် အိမ်ထောင်ပစ္စည်းကို လွတ်လွတ်စွန့်ပစ်ခဲ့၍ ငါ့သားတော်ထံ ရဟန်းပြုလာကြစေ” ဤသို့ စည်လည်ချေ”ဟု စေခန့်လိုက်သဖြင့် ထိုမြို့စိုးအမတ် ပြည်သို့ပြန်၍ စည်လည်လေ၏။