တေမိယဇာတ်တော်ကြီး/အခန်း-၀၁

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁။ သားဆုတောင်းခန်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ကာသိတိုင်းကိုအစိုးရသောကြောင့် “ကာသိကရာဇ်” အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုမင်းကား--

အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ စွန့်ကြဲပေးကမ်းချီးမြှောက်ခြင်း၊ ခြိုးခြံစွာကျင့်ခြင်း၊ ဆွေမျိုးခြွေရံ, မှူးမတ်, ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း၊ သည်းခံခြင်း၊ အမျက်စောင်းမာန် မထန်ပြင်းခြင်း၊ ပြည်သူတိုင်းသားတို့အား ညှဉ်းဆဲကလူ အပူမတိုက်ခြင်း၊ နူးညံ့သောကရုဏာ, မေတ္တာကိုသာ အခါမပြတ်ရှေးရှုခြင်း၊ တရားလမ်းရှိတိုင်း ဖြောင့်မှန်ရာသဘောကိုသာ အလိုရှိခြင်း တည်းဟူသော မင်းကျင့်တရား ၁၀-ပါးနှင့်လည်းကောင်း၊ သင်္ဂဟတရား ၄-ပါး, နာယကဂုဏ် ၆ပါးစသော မင်း၏ကျေးဇူးတို့နှင့်လည်းကောင်း ပြည့်စုံ၏။ ကိုယ်လုပ်မောင်းမတို့ကား ၁-သောင်း ၆-ထောင် အရေအတွက် ရှိကုန်၏။

အဆင်းအင်္ဂါ လက္ခဏာနှင့်ပြည့်စုံသော မိန်းမကောင်းပေါ်ထွန်းရာ မဒ္ဒရာဇ်တိုင်း သာဂလပြည်၌ မဒ္ဒရာဇ်မင်း၏သမီးတော် စန္ဒာဒေဝီမည်သောမိဖုရားကား ထို ၁-သောင်း ၆-ထောင်သော မင်းမောင်းမတို့၏ အထွတ်အချာ တောင်ညာနန်းမ အဂ္ဂမဟေသီအရာထားသော မိဖုရားကြီးတည်း။ ထိုစန္ဒာဒေဝီမိဖုရားကြီးကား လင်၏အလိုသို့လည်း လိုက်၍ကျင့်တတ်၏။ အလှူ၊ သီလ အစရှိသော ကုသိုလ်တရား၌လည်း မွေ့လျော်၏။ ဥပုသ်နေ့ တို့၌လည်း မပြတ်လျှင် အင်္ဂါ ၈-ပါးနှင့်ပြည့်စုံစွာ ဥပုသ်သုံး၏။

(မိန်းမကောင်းပေါ်ထွန်းရာ မဒ္ဒရာဇ်တိုင်းဟူရာ၌ “မဒ္ဒရဋ္ဌံ ကိရ အဘိရူပါနံ ဣတ္ထီနံ ဥပ္ပတ္တိဋ္ဌာနံ”ဟူသော ဥပရိပဏ္ဏာသ အဋ္ဌကထာနှင့် အညီတည်း။)

ထိုမိဖုရားကြီးမှစ၍ မင်းမောင်းမအပေါင်းတို့တွင် တစ်ယောက်သော မိဖုရား, မင်းမောင်းမတို့မျှလည်း သားသမီးကား တစ်ယောက်မျှ မရှိကြကုန်။ ထိုသို့ မရှိကုန်သောကြောင့် ဗာရာဏသီပြည်သူပြည်သားအပေါင်းတို့သည် “ငါတို့အရှင်မင်းကြီး၌ ထီးရိုးနန်းနွယ်ကို စောင့်ရှောက်အံ့သော သားတော်တစ်ယောက်မျှ မရှိ။ ကိုးကွယ်ဟောင်း, အနွယ်ဟောင်းပျက်၍ အနွယ်သစ်ဆက်ပြန်အံ့သော အမျိုးဟူသည်၌ ဆိုးကောင်း,ယုတ်,မြတ်ကို အတပ်မည်သူမျှ မသိနိုင်ရာ။ ငါတို့ မင်းရင်ပြင်၌ အညီအညွတ်စည်းဝေး၍ အရှင်မင်းကြီးအား သားဆုတောင်းမည့်အကြောင်းကို လျှောက်ထားရသော် ကောင်း၏” ဟု တိုင်ပင်ကြပြီးလျှင်၊ နန်းတော်ပြင် တံခါးဝ၌ အညီအညွတ် စည်းဝေးလာကြလတ်၍-

“တရား ၁၀-ပါး စောင့်တော်မူသည်နှင့်အညီ ပြည်သူတိုင်းသားတို့အား သနားမေတ္တာ ချမ်းသာပေးတော်မူခြင်းဖြင့် ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော အရှင်မင်းမြတ်။ အရှေ့ရပ်ကျွန်းမှ တက်ထွန်းသော နေမင်းသည် ရန်လင်းမှောင်ဖြို နေ့ပဟိုရ် နာရီပတ်လုံးထွန်း၍ မြောက်ကျွန်းသို့ ပြောင်းကြွသဖြင့် ညဉ့်အချိန်သို့ရောက်ခဲ့သော် နှုန်းလျော်နေမင်းအသွင် လျှံထင်လပြည့်ဝန်း ထွန်းပါလတ္တံ့သော လပြည့်နေ့နှင့်အတူ ဤပုရနဂရ ဗာရာဏသီ မင်းနေပြည်တော်ကြီးဝယ် နေစွယ်မကသော အရှင့်သားဘုန်းရောင်ခြည် လှည့်လည်ပြောင်းကြွခဲ့လျှင် ရင်နှစ်သားတော် ထင်ပေါ်လပြည့်ဝန်း ထွန်းပရာမမြင်။ ဆင်ခြင်မြော်ဆတိုင်း သောကဖြစ်ကြပါသောကြောင့် ဘုန်းနွယ်တော်နေမျိုး ထီးရိုးနန်းညွန့် အဓွန့်ရှည်ဆက် မပျက်ပါကြောင်း ကောင်းစွာ သားဆုတောင်းတော်မူပါ”ဟု ထိပ်ဦးလက်ချီ အညီကျူးအေး မြည်ကြွေးလျှောက်ထားကြကုန်၏။

ထိုပြည်သူပြည်သားတို့၏ ကြွေးကြော်လျှောက်ထားသံကို ကာသိကရာဇ်မင်းကြီး ကြားတော်မူလေသော် ပြကတေ့ကာလ၌ ပြည်သူတို့အား “လ”ကဲ့သို့ ကျင့်လေ့ရှိသည်နှင့်အညီ “ယခု ပြည်သူတို့ကြွေးကြော်ကြသောအသံကား အဘယ်အကြောင်းနည်း”ဟု နူးညံ့သောနှလုံးဖြင့် မေးတော်မူ၍ မှူးတော်မတ်တော်တို့က အကြောင်းပြန်ကြား လျှောက်ထားကြလျှင်--

“အချင်းပြည်သူပြည်သားတို့ ကောင်းပြီ။ သင်တို့လျှောက်ထားတိုင်း ငါ၏မိဖုရားတို့ကို သားဆုတောင်းစိမ့်မည်။ မစိုးရိမ်ကြလင့်။ ဘုန်းပွင့်သော သားကောင်းရတနာဖြင့် ချမ်းသာနောင်ဖို့ သင်တို့ပြည်သူပြည်သား စီးပွားပြန့်ကြွယ်လတ္တံ့”ဟု နှစ်သိမ့်စေ၍ လွှတ်လိုက်ပြီးသော်၊ စန္ဒာဒေဝီ မိဖုရားကြီးမှတစ်ပါးသော ကိုယ်လုပ်မင်းမောင်းမအပေါင်းကိုခေါ်၍--

“အဘယ်မိဖုရားတို့။ ယခု ပြည်သူတို့က အိမ်ရှေ့နန်းလျာ တောင်းချေသည်။ ငါ၌ ပေးစရာမရှိသေး။ အလေးအမြတ် သင်တို့ကိုးကွယ်ရိုး ရှိသည့်အတိုင်း ကိုးကွယ်ကျိုးနွံခြင်းဖြင့် နန်းညွန့်နန်းလျာအလို့ငှာ သားဆုတောင်းကြလေ”ဟု ခန့်ထားအာဏာ ရာဇသံပေးတော်မူ၏။


(ဤသို့သောအရာ စသည်တို့၌ ဓမ္မရာဇ်မင်းတို့မည်သည် နေကဲ့သို့ ကျင့်သောအရာတည်း။)

ထိုသို့ မင်းကြီးအမိန်ကို ရွက်ဆင်ကြရပြီးသော် ၁-သောင်း ၆-ထောင်သော မောင်းမအပေါင်းတို့သည် မိမိတို့ ကိုးရိုးကွယ်ရိုးရှိသည့်အတိုင်း အသီးအသီး စန္ဒီ, ပရမီသွာ, မဟာပိန္နဲ, ဗိဿနိုး, ပရမေသွာရ အစရှိသော နတ်တို့ကို ပူဇော်တင်ကိုး၍ သားဆုတောင်းကြကုန်၏။ ထိုသို့ တောင်းကြသော်လည်း သူတော်ကောင်း အလောင်းအလျာ သန္ဓေနေရာတိုက်ဖြစ်ကြောင်း ကောင်းစွာကိုယ်ကိုကား ရိုသေစွာစောင့်ထိန်းမည့်အကြံ မရှိ။ တော်မိတော်ငြား ကံတရားအားကြီးစွာ စေခိုင်းလှမှ မ,စဖော်အချို့ရသော နတ်ကိုသာအမြတ်ပြု၍ ကိုးကွယ်ကြသောကြောင့် နှောင့်ယှက်သော သန္ဓေ၏အန္တရာယ်ကို မကွယ်မဆီးနိုင်သဖြင့် တစ်ယောက်သော မင်းမောင်းမမျှ သားကိုလည်းကောင်း, သမီးကိုလည်းကောင်း မရရှိနိုင်ကြလျှင် မင်းကြီးအား အကြောင်းကို လျှောက်ထားကြကုန်၏။

ကာသိကရာဇ်မင်းကြီးလည်း မင်းမောင်းမတို့က သားမရနိုင်ကြောင်း စကားကိုလျှောက်ထားကြ၍ ကြားရပြီးလျှင် စန္ဒာဒေဝီ မိဖုရားကြီးကိုခေါ်၍ “အဘယ်။ သင်လည်း သားဆုကို တောင်းပါ”ဟု တိုက်တွန်းလတ်သော် စန္ဒာဒေဝီမိဖုရားကြီးသည် “နေရာမသန့်စင်လျှင် ဘယ်ဘုန်းကံရှင် ဝင်နားအံ့နည်း။ ကိုယ်အကျင့်မမြတ်လျှင် နတ်ကောင်းလည်း မ,မချင်၊ ဘယ်ဘုန်းကံရှင်လည်း မစွဲနေ၊ ကျက်သရေ မဝင်ရာ”ဟု ကုသိုလ်ရင်းပါရမီ အလီလီဝါသနာ ထုံကပ်လျက်ပါသောကြောင့် ဖြောင့်မှန်ရာအယူ၌တည်သဖြင့် လင်၏အလိုသို့ လိုက်ခြင်း, ပဉ္စင်္ဂသီလ၌မြဲခြင်း စသော အလေ့အကျင့်ကောင်း ပြည့်စုံ ဟောင်းတွင် မင်းကြီးတိုက်တွန်း၍ “ကောင်းပါပြီ” ဝန်ခံသည်မှ လပြည့်နေ့ကြိမ်သောအခါ အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ဥပုသ်သီလကို မကျိုးမပေါက် မပြောက်မကြားရအောင် တစ်နေ့ပတ်လုံး ကောင်းစွာဆောက်တည်လျက်၊ ညဉ့်အခါ၌လည်း မင်းသုံးစိုးသင့် နေရာမြင့်နေရာမြတ်ကို အလပ်ထား၍ တစ်ပါးသော နေရာနိမ့်နေရာညံ့ အခန့်တန်ရုံသော စက်မွေ့ရာထက်လျောင်းလျက် စင်ကြယ်စွာ ဆောက်တည်အပ်သော သီလကိုဆင်ခြင်ခြင်းနှင့် လင်းအားကြီးညဉ့်ပဟိုရ် ရောက်လတ်သော် မိမိသီလကို အာရုံပြု၍ ရွှင်လန်းဝမ်းမြောက်ခြင်း မဟာကုသိုလ်ဇောဖြင့်--

သစာဟံ အက္ခဏ္ဍသီလံ ရက္ခာမိ။ ဣမိနာ မေ သစ္စေန ပုတ္တော ဥပ္ပဇ္ဇတု။

“အကယ်၍ ငါသည် မကျိုးမပျက် သီလကို စောင့်ရှောက်သည်ဖြစ်အံ့၊ ဤသို့ မကျိုးမပျက် စောင့်၏ဟုထင်တိုင်း အမှန်ဆိုသော သစ္စာစကားကြောင့် ငါ့အား သားဆု ပြည့်စေသတည်း”ဟူ၍ သစ္စာပြုလေ၏။


ထိုအခါ မိဖုရားကြီး၏ သီလတန်ခိုးဖြင့် သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် သိကြားမင်းအား ပူပြင်းတင်းမာသောအခြင်းအရာကို ပြပေ၏။ သိကြားမင်းလည်း “အဘယ်အကြောင်းကြောင့်နည်း”ဟု ကြည့်ရှုဆင်ခြင်လတ်သော် စန္ဒာဒေဝီမိဖုရားကြီးသည် သားဆုကိုအလိုရှိ၍ သစ္စာပြုကြောင်း အလုံးစုံကိုသိမြင်သဖြင့် “ငါကား မျက်စိ ၁၀၀၀ အမြင်ဆောင်သော နတ်မင်းဖြစ်လျက် မဆင်ခြင်မိ၍မသိ။ အသက်မရှိသောကျောက်ဖျာကား စန္ဒာဒေဝီမိဖုရား၏ဂုဏ်ထူးကို ရှေးဦးစွာသိသကဲ့သို့ ဖြစ်လေ၏။ ယခုပင် မိဖုရားကြီးအား ထိုက်တန်သောသားဆုကို ပေးအံ့” ဟုကြံပြီးမှ မိဖုရားကြီးအား လျောက်ပတ်သောသားကို တာဝတိံသာနတ်ပြည်၌ ရှိ၏လော, မရှိလောဟု စူးစမ်းကြည့်ရှုလတ်လျှင် ဘုရားလောင်းနတ်သားကို မြင်လေ၏။ ဘုရားလောင်းနတ်သားသည်လည်း တာဝတိံသာ၌ နတ်သားမဖြစ်မီ တတိယဘဝက ဗာရာဏသီပြည်ဝယ် အနှစ် ၂၀-ပတ်လုံး မင်းပြု၍ သုစရိုက်တရား အားလျှော့ချေသောကြောင့် နှောင့်ယှက်သောအကုသိုလ်ဖြင့် ထိုမင်းအဖြစ်မှ စုတေလျှင် “ဥဿဒရက်ငရဲငယ်၌ လူတို့အရေအတွက်အားဖြင့် အနှစ် ၈-သောင်းပတ်လုံးကျက်၍၊ ထို ဥဿဒရက်ငရဲမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်တော်မူ၏။

ထိုသို့ သိကြားမင်းဆင်ခြင်သောအခါ ဘုရားလောင်းနတ်သားသည် တာဝတိံသာနတ်ပြည်၌ နတ်သက်တမ်းရှိတိုင်း လူတို့အရေအတွက်အားဖြင့် အနှစ် ၃-ကုဋေ ၆-သန်းတိုင်တိုင် စံစားပြီး၍ နတ်သက်တမ်းကုန်သော်လည်း ကုသိုလ်တော်အာနုဘော် မကုန်နိုင်သေးသောကြောင့် “အထက်ယာမာနတ်ပြည်သို့ ပြောင်းလဲစံအံ့”ဟု နှလုံးတော်ညွတ်လျက် နေလေ၏။

သိကြားမင်းသည်လည်း “စန္ဒာဒေဝီမိဖုရား၏ သားဖြစ်မည့်အကြောင်းကို တောင်းပန်အံ့”ဟု ကြံ၍ ဘုရားလောင်းနတ်သား၏ ဗိမာန်သို့သွားပြီးလျှင်--

“ငါနှင့်တူသော အချင်းနတ်သား။ သင် ယခု အထက်နတ်ပြည်သို့ ပြောင်းလဲစံမည့်အကြံသည်ကား စီးပွားမရှိလွန်း။ လူ့ပြည်၌ဖြစ်ပါသော်ကား သင်အားလည်း များစွာပါရမီကို ဖြည့်ရလတ္တံ့။ သူခပ်သိမ်းတို့အားလည်း များစွာသော အကျိုးစီးပွား ဖြစ်လတ္တံ့။ ယခု ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်၌ ကာသိကရာဇ်မင်းကြီး၏ မိဖုရားကြီး စန္ဒာဒေဝီသည် မြတ်သောသီလအကျင့်နှင့် ပြည့်စုံစွာသော သားကောင်းသားမြတ်ဆုကို တောင်း၏။ ထိုမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေယူစေချင်ပါသည်” ဟုဆို၍ ဘုရားလောင်းမှတစ်ပါး စုတေခါနီးဖြစ်ကုန်သော နတ်သား ၅၀၀တို့ကိုလည်း အခြံအရံဖြစ်စေခြင်းငှာ ထိုကာသိကရာဇ်မင်း၏ အမှူးအမတ်သား ဖြစ်ကြပါမည့်အကြောင်းကို တိုက်တွန်းသဖြင့် ဝန်ခံစေ၏။

(ဤအရာ၌ သိကြားမင်းသည် မိမိနှင့် စည်းစိမ်အခြံအရံ သမ္ပတ္တိချင်းမတူဘဲလျက် ဘုရားလောင်းနတ်သားကို “သမ္မမာရိသ (ငါကဲ့သို့သော နတ်သား)ဟု အဘယ့်ကြောင့် ဆိုသနည်း။ အဓိကူပမာဒေါသ မရောက်ကောင်းပြီလောဟူမူ မြှောက်စားအပ်သောအခါ၌ မြှောက်စားလိုသည်ဖြစ်၍ အစိုးရချင်းမတူသော်လည်း သူ့စီးပွားကို သိကြားမင်းလည်း ဆောင်၏။ ဘုရားလောင်းလည်း ဆောင်၏။ ဤသို့ ပရဟိတကို ဆောင်ရွက်ချင်း ဂုဏ်တူသည်ဖြစ်၍လည်းကောင်း, တစ်စိတ်အားဖြင့် နတ်စည်းစိမ်ကို စိုးစံချင်းတူသည်ဖြစ်၍လည်းကောင်း ဧကဒေသူပစာရအားဖြင့် သိကြားမင်းဆိုခြင်းကြောင့် အဓိကူပမာဒေါသ မရောက်။ ဆိုထိုက်၏။ ဤသို့ချည်း ချစ်၍လည်းကောင်း, ချီးမြှောက်၍လည်းကောင်း ဆိုရာဥပမာစကားတို့၌ နည်းတူမှတ်အပ်၏။)