တေမိယဇာတ်တော်ကြီး/အခန်း-၀၂

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂။ ပဋိသန္ဓေနေခန်း

ဤသို့ ဘုရားလောင်းနတ်သားသည် သိကြားမင်းအား “ကောင်းပါပြီ”ဟုဝန်ခံ၍ တာဝတိံသာမှ စုတေသည်၏အခြားမဲ့၌လျှင် စန္ဒာဒေဝီမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေစွဲယူတော်မူလေ၏။ ဘုရားလောင်း ပဋိသန္ဓေယူသောခဏ၌ပင်လျှင် စန္ဒာဒေဝီမိဖုရားကြီးဝမ်း၌ ဝဇိရစိန်ရွဲ ပြည့်သကဲ့သို့ ပျိုးပျိုးရွှန်းရွှန်း ထွန်းလင်းတောက်ထိန် အရှိန်အလျှံ ခိုက်လာသောအသွင် ထင်သည်ဖြစ်၍၊ မိမိအား သားဆုပြည့်ကြောင်းကို သိလတ်သဖြင့် နံနက်မိုးသောက် ရောက်သောအခါ မင်းကြီးအား ကြားလျှောက်လေသော် ကာသိကရာဇ်မင်းကြီးလည်း အလွန်နှစ်သက် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ပဋိသန္ဓေ၏အန္တရာယ် မရှိစေခြင်းငှာ အပ,အတွင်း မင်းတို့အကွယ်အကာပြုရိုးတို့ဖြင့် ကောင်းစွာ အစောင့်အရှောက်ထားပေ၏။ နတ်သား ၅၀၀တို့သည်လည်း ဘုရားလောင်းနှင့် မရှေးမနှောင်းပင်လျှင် တာဝတိံသာမှ စုတေခဲ့ကြ၍ ကာသိကရာဇ်မင်း၏ မှူးတော် မတ်တော်တို့အိမ်၌ အသီးအသီး ပဋိသန္ဓေစွဲယူကြလေ၏။

(“ဝဇိရစိန်ရွဲ ပြည့်သကဲ့သို့” ဟူသောစကား၌ ဝဇိရစိန်သဘောကား ပိတ်ဆို့ဆီးကာခြင်းကို ဖောက်ထွင်း၍ ဖြစ်တတ်, သွားတတ်သောကြောင့် ဝဇိရစိန် မည်သည်။ ထူထပ်စွာအကာရှိသော တိုက်ဖြစ်စေကာမူ ဝဇိရစိန်ဖြင့် ပြည့်သည်ရှိသော် ဖန်ခွက်ထဲ၌ ရဲရဲတောက်သောပတ္တမြားနီကို ထားသကဲ့သို့ ဆီးတားခြင်း မထင်။ ပြင်သို့ အရောင်အဝါထွက်၏။ ဘုန်းရှိသောသူ ပဋိသန္ဓေစွဲယူသည်ရှိသော် ထိုဝဇီရစိန်ဖြင့် ပြည့်သကဲ့သို့ ဘုန်းရောင်အရှိန်အဝါ ဝင်းဝင်းညိမျှ အမိနှလုံး၌ ထင်လာသည်ကိုရည်၍ “ဝဇိရပုဏ္ဏာဝိယ”ဟု ဆိုသည်။ ပဋိသန္ဓေယူစ သိမ်မွေ့လှစွာသော ကလလရေကြည် ရူပါရုံကိုကား တိုက်ပြင်က မဆိုနှင့်ဦး။ အနီးကပ်ကြီးကြပ်၍ပင် မျက်စိကောင်းလှသူ ကြည့်သော်လည်း လူ၏မျက်စိဖြင့် မမြင်စကောင်း။ အဘိညာဉ်မျက်စိ, နတ်မျက်စိတို့၏ အရာသာဖြစ်သည်။ ထို့ကြောင့် ဘုန်းရှိသောသားဖြစ်မူ အိပ်မက်, နိမိတ်, အရောင်အဝါတို့ဖြင့် ပြ၍ဖြစ်ခြင်းဖြင့် ပဋိသန္ဓေစွဲယူစကပင် အမိတို့သာ သိကြ၏။ သာမညသားဖြစ်မူကား မိမိတို့မှတ်မြဲတိုင်း သဘောထူးမှသာ သိရသည်ဟု မှတ်အပ်၏။

စန္ဒာဒေဝီမိဖုရားကြီး၏ သီလအာနုဘော်ကြောင့် သိကြားမင်းထောက်ပံ့၍ သားရသည်ဟူသော် အထက်အထက်က ကျင့်ဆောက်တည်သမျှသော သီလတို့ကား သားရခြင်းကို အဘယ့်ကြောင့် မဖြစ်စေနိုင်သနည်းဟူမူ သားရလို၏ဟူသော ဆုတောင်းခြင်းပတ္ထနာ မရှိသေးသောကြောင့် မရသတည်း။ ထို့ကြောင့် ကုသိုလ်ကိုပြုသည်ရှိသော် မိမိလိုတိုင်းသောဆုကိုလည်း တောင်းအပ်သည်ဟု မှတ်အပ်၏။ ထိုမိဖုရားကြီးသည် အထက်က သားဆုတောင်းခြင်းနှင့်တကွသော ကုသိုလ်ကိုမပြုသောကြောင့် စင်စစ်အားဖြင့် မိန်းမတို့အရွယ်ရောက်၍ ရာသီပန်းပွင့်မြဲပွင့်လျှင် အကြောင်း ၃-ပါးညီက သန္ဓေယူမြဲဟူသော်လည်း အာဂန္တုကသူဌေး ဗောဓိမင်းသားတို့ကဲ့သို့ ရှေးရှေးသောဘဝက သူတစ်ပါး၏သားကို ဖျက်ဆီးဖူးသော အကုသိုလ်ကံကြောင့်လည်းကောင်း၊ သွေး, လေ, ပိုး အစရှိသော ဥတုဇအန္တရာယ်ကြောင့်လည်းကောင်း ပျက်စီးလျှောကျလေသည်ဖြစ်၍သာ ဝဉ္ဈာဆိုရသည်။ မိဖုရားကြီး၌ကား ပဋိသန္ဓေကိုဖျက်ဆီးတတ်သော အကုသိုလ်ကံ မရှိ၊ ဥတုဇအန္တရာယ် မငြိမ်းသဖြင့် ကိုယ်ဝန်မတည်။ ဆုပတ္ထနာခြင်းနှင့်တကွ သီလကုသိုလ်ကို ပြုသောအခါ၌မူ ထိုကုသိုလ်အစွမ်းဖြင့် ဥတုဇအန္တရာယ် ငြိမ်းသည်ဖြစ်၍ အကြောင်း၃-ပါး စုံညီခိုက်လည်း ကြိုက်သည်အားလျော်စွာ သန္ဓေစွဲတိုင်း မပျက်မစီး တည်လေသတည်း။

“ကုသဇာတကေ အာဂတနယေနေဝ” ဟူရာ၌ ပြည်သူတို့စည်းဝေး၍ မင်းကြီးအား သားဆုတောင်းမည့်အကြောင်းကို ကြွေးကြော်ခြင်းဟု ကုသဇာတ်နှင့်တူကြောင်းကို ပြသည်။ သားဆုတောင်းခြင်းကား တခြားစီပင် ဖြစ်သည်ဟု မှတ်အပ်၏။)