တေမိယဇာတ်တော်ကြီး/နိဒါန်း

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
နိဒါန်း

မဟာကရုဏာတော်တည်းဟူသော မိုးတိမ်တိုက်ကို တစ်ခဲနက်စကြဝဠာ ကုဋေတစ်သိန်းလုံး ဖုံးအုပ်သွန်းဖျန်း ရွှင်လန်းငြိမ်းဆေး ပေးတော်မူလျက် ဇမ္ဗူကျွန်းသူ လူရှင်အပေါင်း သောင်းတိုက်နတ်ဗြဟ္မာတို့၌ မြိုက်ရည်ချိုအေး တိုက်ကျွေးနှစ်လို့ အောင်မျို့ငြိမ်းရာ ပြည်သာနိဗ္ဗူ တင်ယူပို့ဆောင် အောင်သူများသခင်ဖြစ်တော်မူသော တရားမင်းဘုရားသည် ၈-ပါးပရိသတ် ကျင့်ဝတ်ယူရာ သာဝတ္တိပြည်ကြီး၏ အနောက်တောင်ဝယ် ရန်အောင်ခိုက်ဖွားသော ဇေတမင်းသား၏ဥယျာဉ်ကို ရန်စင်ကင်းဝေးသော သူဌေးကြီး အနာထပိဏ်သည် ရွှေအချိန် ၁၈-ဖြင့်ဝယ်၍ ရန်စွယ်အဆိပ်အတောက် ဖျောက်ချေပယ်နုတ် ဝိမုတ်ငြိမ်းအေး ရှေးရှေးသောဘုရားအဆူဆူ အောင်သူတကာတို့ အောင်ရာဘိသိက် ဗျာဒိတ်အောင်ပွဲခံရာ မြေအချက်တွင် နှစ်သက်ဝမ်းမြောက် ဆောက်လှူအပ်သော နှံ့စပ်ကျော်ဝှန် ဇေတဝန်အောင်ထီး ရွှေကျောင်းကြီး၌ နေတော်မူသောအခါ မဟာဘိနိက္ခမပါရမီတော်ကို အကြောင်းပြု၍ “မာ ပဏ္ဍိစ္စံ ဝိဘာဝယ” အစရှိသော ဂါထာတို့ဖြင့် တန်းဆာခြယ်စီလျက် ဤတေမိယဇာတ်တော်ကို ဟောတော်မူ၏။

အဘယ်သို့ အကြောင်းဖြစ်သနည်းမူဟူကား တစ်နေ့သ၌ တပည့်သံဃာ ရဟန်းအပေါင်းတို့သည် အစည်းအဝေးပြုရာ တရားသဘင်၌ ဤသို့ နိက္ခမပါရမီတော်ကို ချီးမွမ်းကြကုန်၏။

“အရှင်တို့.. လာခြင်းကောင်းသော မြတ်စွာဘုရားသည် ဖွားတော်မူဦးကပင် လူမှူးနတ်မှူးလက္ခဏာ ပါရှိကြောင်းအတ္ထုပ္ပတ်ကို နိမိတ်ဖတ်ပုရောဟိတ်တို့ ကြားလျှောက်၍ ဝမ်းမြောက်ခြင်းသည်းသဖြင့် ခမည်းတော်မင်းတရားသည် ဖွားဖက်တော် မင်းသမီး, မင်းသား, အမတ်သားတို့နှင့်တကွ များစွာအခြံအရံ စံပျော်ဖွယ်အလုံးစုံ ဘုံနန်း၃-ဆောင် အထွတ်အမြတ် နတ်စည်းစိမ်သဖွယ်ကို အရွယ်တော်ရောက်ဦးစကပင် အပ်နှင်းသဖြင့် မင်းဖြစ်မြောက်၍ ဘယ်လောက်မျှကာလ မမြင့်မီလျှင် မအီမရောင့်ရဲ မခွဲရက်နိုင်အောင်သော ဘုံနန်းနေမင်းသမီးအပေါင်း ပျော်ကြောင်းပျော်ရာရှိ၍ ပျော်စရာအစုစု ပျော်မှုအမျိုးမျိုးယှဉ်သော်လည်း ဥယျာဉ်တော်က သံဝေဂနိမိတ်မှာ စိတ်တော်အလုံးဝင်သည်မှ နန်းရင်ပြင်ရှေ့တော်တွင် သဘင်ပျော်ရွှင်မှု သူ့အလိုရ ငါ့အလိုပါ မာယာအလှယ်လှယ် ကိုယ်အရွယ်တော်လည်း ပျိုနုတုန်း, နှလုံးတော်လည်းရွှင်ချိန်, စည်းစိမ်တော်လည်း လက်ရှိ ညွှတ်မိသောရွှေဟင်္သာကဲ့သို့ ချွတ်ခွာရေးအခဲအကတ်မှ ဖြတ်တွန်း ပယ်ပစ်တော်မူလျက် နန်းသူနန်းသား အများအိပ်ပျော်စဉ် မြင်းယာဉ်တော်အထူးကို မြင်းမှူးအမတ်စီမံ၍၊ သန်းခေါင်ယံအချိန်တွင် မင်းစည်းစိမ်တော်ကြီးကို ဆီးဖြူတစ်လုံးခန့်မျှ မရေမတွက်ဘဲ ထွက်ကြွရွှင်လန်း ရဟန်းပြုတော်မူလျက် ဇမ္ဗူကျွန်းအလယ်ချက် ဖွားဖက်တော် ညောင်ဗုဒ္ဓဟေပင်ရင်း၌ မာရ်နတ်မင်းဗိုလ်ပါထုနှင့် စစ်ပြု၍မနိုင်လျှင် နှလုံးမခိုင်သူ ယိုင်လွယ်ရာကြံပြီးမှ သမီးနှင့်ဖြားယောင်းသည်တစ်လီ၊ လောကီကွန်ရက် နှောင့်ယှက်သည့် သံသရာဆူးငြောင့်ကို ကြောင့်ကြတော်မမူ နိဗ္ဗူအောင်ခန်းသို့ ဖြောင့်တန်းထုတ်ချောက် ထွက်မြောက်နိုင်သဖြင့် ဦးကိုင်သရဖူ မှန်ကူသင်းကျစ် နတ်, လူ, ဗြဟ္မာတို့အထွတ် ဖြစ်လေသည်ကား အလွန်အံ့ဩဖွယ်ရှိပေစွ”ဟု အသီးအသီး ချီးမွမ်းမြှောက်စား စကားဖြစ်ကြကုန်၏။


ထိုအခါ မြတ်စွာဘုရားသည် အကျိုး ၂-ပါး ပွားများရာအခွင့် ဟောသင့်သောအခါ ကြိမ်သည်ဖြစ်၍၊ ထွက်သစ်သော လပြည့်ဝန်းကဲ့သို့ ထွန်းလင်းရွှင်ပျလျက် ဂန္ဓကုဋိတိုက်မှ ထွက်ကြွတော်မူလာလတ်သဖြင့် ပရိသတ်တရားသဘင် သံဃာတော်အလယ် ကြီးကျယ်သောနေရာမြတ်၌ ဖွဲ့ခွေထက်ဝယ် စံပယ်တော်မူပြီးလျှင်--

“ငါ၏တပည့် သားတော်အပေါင်းတို့.. ယခု ငါမရောက်မီ သင်တို့အစည်းအဝေးပရိသတ်၌ အဘယ်စကား ဖြစ်ကြသနည်း” ဟု မေးတော်မူသော်၊ တပည့်တော်အပေါင်းတို့သည် “ကိုယ်တော်မြတ်၏ မဟာဘိနိက္ခမ ပါရမီတော်ကို အလီလီချီးမွမ်း၍ ဆုံးခန်းသို့မရောက်နိုင်အောင် ရှိကြပါသည်”ဟု လျှောက်ထားကြလေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် တပည့်သံဃာတော်တို့၏ စကားကိုကြားတော်မူလျှင် တပည့်သားတော်တို့အား စကားဖြစ်သည်နှင့်လျော်စွာ ပါရမီဖြည့်သော ဇာတ်တော်အတ္ထုပ္ပတ်ကို ပညတ်တင်၍ ကုန်စင်စွာ ဟောတော်မူလိုသောကြောင့်

“ငါ၏တပည့် သားတော်အပေါင်းတို့.. ကောင်းစွာ မဖောက်မပြန် လာခြင်းရှိသော ငါဘုရား၏ ၄-ပါးသောနိမိတ် လန့်ထိတ်သော သံဝေဂအကြောင်းဖြင့် အပေါင်းပါရမီ စုံညီရင့်ဖြိုး တိုးပွားပြည့်ကြွယ် အောင်ဖွယ်မျိုး အပြီးရောက်သော မျက်မှောက်ကိုယ်တော် ယခုလူ့စည်းစိမ်ကိုစွန့်ပယ်လျက် ၅-သွယ်သောတရားကို ထင်ရှားသိချင်သောစိတ် ကြိုးပမ်း၍ ရဟန်းပြုခြင်း၊ အထွတ်အမြတ် ဆည်းပူးအပ်သော ပါရမီအပြည့် မှည့်ပြီးရင့်ပြီး၍ အသီးချိုသည်ကို ကြည်ညိုရွှင်လန်း ချီးမွမ်းသောထက် ဝင်းဝင်းစက်စက် မထွက်လောက်သော ပါရမီ အဆီရောင်သွေး ငယ်နုသေးသော ရှေးသံသရာကလည်း ပြည်မသနင်း မင်း၏သားဖြစ်လတ်၍ နိမိတ်ဖတ်ပုဏ္ဏားတို့ ဖွားစကပင် ၄-ကျွန်းရှင်လက္ခဏာ ပါရှိကြောင်းကို ဖတ်ကြားကြလျှင် အားရအင်တက် ဖွားဖက်ရွေဖော်နှင့် ခမည်းတော်မြှောက်စားပြုစုသော် မတော်မတန် အပြစ်ဒဏ်အလျောက် ၄-ယောက်သောသူခိုး နိမိတ်ဆိုး ၄-ရပ်ကို အတပ်မြင်၍ ဆင်ခြင်သောဉာဏ်ဖြင့် သံဝေဂဖြစ်ကြောင်း ဘဝဟောင်းကဆင်းရဲလည်း ဖြစ်ဆဲကဲ့သို့ထင်သည်နှင့်မယွင်း လန့်ထိတ်ခြင်းဖြစ်သည်မှ မိဘဆွေမျိုး မှူးရိုးမတ်သား အများရွေဖော် ပျော်ကြောင်းအထူး တစ်ဦးမလိုက် တစ်ဦးကြိုက်လိုက်၍ အလိုစမ်း ရွှင်လန်းပျော်ပါးစေမှု ပြုကြမူလည်း စွဲယူစိတ်ဟောင်း မစောင်းမဖယ် အရွယ်ရောက်ပြီးလျှင်လည်း လက္ခဏာအင်ခွင် စုံလင်သော မင်းသမီးတို့ မင်းကြီးဝယ်အာမခံ၍ ဈာန်ရလောကီ အဆီအဘိညာဉ်ကိုယှဉ်မိလျှင် မရွှင်မလန်း ခန်းလောက်အောင်စီမံလျက် အတန်တန်ဖျောင်းဖျသော်လည်း နိရောဓသမာပတ်သို့ ဆည်းကပ်သော ရဟန္တာအသွင် တဒင်္ဂဉာဏ်စိတ်ကို မလိပ်မလည်း ချုပ်တည်းဆောက်တည်သဖြင့် ပြည်ကြီးစည်းစိမ် ထီးဖြူရိပ်ကို အဆိပ်သဖွယ်မှတ်လျက် အဇ္ဈတ္တသန္တာန်၌ ဉာဏ်လက်နက်ဝဇီရစိန်ကို အချိန်အခါမတော်၍ မဖော်မထုတ် အင်မယုတ်သောကိုယ်ကို သူမလိုအောင်ပြု၍ အမှုအမျိုးမျိုး စူးစမ်းရိုးဆုံးခန်းသဖြင့်၊ အမတ်ရထားမှူးကို မြင်းထူးမြင့်မြတ် ကအပ်သောရထားထက်တင်လျက် တိုင်းခွင်ပြည်ကြီး လူမနီးသောတောသို့ ပို့စေ၍ မြို့သို့ပြန်လည်သည့်နောက် ဝမ်းမြောက်စွာရဟန်းအဖြစ်ဖြင့် ပွင့်လင့်လုကြာပဒုံကို နေအရုဏ်တွေ့သကဲ့သို့ ၇-နေ့ရက်အတွင်း ဖန်ဆင်းခြင်းအဘိညာဉ် ဈာန်ယာဉ်တရား ကားကားပွင့်ပြီးမှ မင်းကြီးအား ရထားမှူးလျှောက်၍ ဘုန်းတောက်သောလက္ခဏာရှင် စစ်စစ်ဖြစ်ကြောင်းကို ကြားပြန်လျှင် မင်းမာန်ရော အချစ်သန် မပြန်ဘဲပြည်သို့ နေရမည်မဟုတ်ဟု အားထုတ်၍ ဗိုလ်ထုဗိုလ်လုံး မင်းဘုန်းကျက်သရေဖြင့် နေရာသင်္ခမ်းသို့ လာလတ်လျက် နေ့ရက်အရှည်အကြန့် ငံ့လင့်သွေးငင် အခင်အမွတ် စိတ်ညွတ်ဖွယ်ရာ ကာမဂုဏ်အာရုံ အလော်အလက် နှောင့်ယှက်ခြင်းအတန်တန် တောင်းပန်သည်ကိုလည်း ပျိုးသက်ရွယ်နု ပျော်မှုအာရုံ ကာမဂုဏ်ကျေးဇူးနှင့် မူးယစ်ချိန်ဖြစ်လျက် အမြစ်ကြိုင်မွှေး မသေဆေးကိုသာ ရှာလိုသောစိတ် မလိပ်မလည်း ချုပ်တည်းတည်ကြည်၍ ပြည်ကြီးစည်းစိမ်ကို စွန့်ပစ်နိုင်ဖူးလေသော နိက္ခမပါရမီကိုလည်း အလွန်အံ့သြဖွယ် ရှိတုံသေး၏”ဟု တရားပွဲကြီး ထွက်ပြတော်မူလို၍ စကားဝှဲချီး မြွက်ဟတော်မူပြီးလျှင် အရဟတ္တဖိုလ်ဝင်စားလျက် ဉာဏ်တံခါးပိတ်၍ ဆိတ်ဆိတ်နေတော်မူ၏။


ထိုအခါ တပည့်သားတော်အပေါင်းတို့သည် “အရှင်ဘုရား... ယခု ကိုယ်တော်အဖြစ်၌ နှစ်သက်အံ့သြဖွယ်ကိုကား မကွယ်မဖုံး လောကလုံးထင်ရှားသည်ဖြစ်၍ နှစ်သက်ပီတိ သိကြရပါပြီ။ ဤအမြွက်ဖော်သော ဇာတ်တော်အတ္ထုပ္ပတ်ကို စေ့စပ်ကုန်စင် ထင်ရှားသိသာအောင် ဟောတော်မူပါမှ တပည့်တော်အပေါင်းတို့ အကျိုးစီးပွား များပါမည်”ဟု တောင်းပန်လျှောက်ထားကြလတ်သော်၊ မြတ်စွာဘုရားသည် သတ္တဝါတို့အား သနားခြင်းမဟာကရုဏာ ပြဋ္ဌာန်းသော မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်ဇောအခါခါ အာဝဇ္ဇန်းလျင်တော်မူလျက် မဉ္ဇု, သဝဏိယစသော ဂုဏ် ၈-အင် အစုံအလင်ဖြင့် ကောင်းကင်တောင်ထိပ်ကရေတံခွန် တသွန်တည်းဆင်းသကဲ့သို့ အတွင်းတွင်ထောက်၍ လျှောက်ခွင့်မရ အစ, အလယ်, အဆုံး ရွဲလုံးစီပုလဲသီ တညီတည်းနာမငြီး အပြီးတိုင်အောင် ဤတေမိယဇာတ် အတ္ထုပ္ပတ်တော်အလုံးစုံကို အကုန်အစင် သိမြင်မှတ်သား တရားရစေကြောင်း ကောင်းစွာ ဟောတော်မူပေ၏။