တေမိယဇာတ်တော်ကြီး/ပဏာမ

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
ပဏာမ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သာရတ္ထဓမ္မ မဓုရောဒက တေမိယေဇံ၊
ဝေရောစနံ ဝိယ ဝိရောစန မာဝိရောစံ။
ဗုဒ္ဓါမလင်္ဂဏ မနင်္ဂဏ မင်္ဂလဂ္ဂံ၊
နတွာ ဂရုံ သုတဗလေန ဗလဿိတောသိံ။

ပဏိဓိ ပုညကာရီဟိ၊ သုပဏိဓာနုရူပတော။
ပဏိဓာယ ပကာသိဿံ၊ ပဏိမိ တေမိဂတ္တဇံ။

(ပထမဂါထာ ၁၄ လုံးဖွဲ့ ဝသန္တတိလကဂါထာ, ဒုတိယဂါထာ ၈ လုံးဖွဲ့ ပထျာဝတ္တဂါထာ)

အဟံ၊ ငါသည်။ ဧဇံ၊ အဝိဇ္ဇာ, တဏှာ, ကိလေသာ အညစ်အကြေးတို့ဖြင့် မြှေးယှက်သမ်းညှိုးခြင်းရှိသော သတ္တဝါအပေါင်းကို။ သာရတ္ထ ဓမ္မ မဓုရောဒက တေမိယံ၊ အကျိုး၏မြတ်ခြင်း, အကြောင်း၏မြတ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ချိုမြိန်စွာသော တရားရေအေးဖြင့် မြူးကြေးလျှော်ချွတ် ဖျန်းဆွတ်တော်မူတတ်ထသော။ ဝါ- ဒေသနာ, အနက်, ပါဠိ, အသိဉာဏ် ၄ တန်သော နက်နဲခြင်းရှိသည်ဖြစ်၍ ချိုမြိန်စွာသော တရားတော်အဖျော် ပျားသကာဖြင့် ပညာလျှာကြော တက်ပြောဆွတ်စိမ့် နှစ်သိမ့်ရစ်ထုံး နှလုံးပူနောက် ပျောက်စေတော်မူတတ်ထသော။ ဝါ၊ အကာအမြှေး ညစ်ကြေးမရှုပ် ဝိမုတ်စင်စစ် အနှစ်သက်သက် အနက်မြတ်နှင့်ပြည့်စုံသော တရားချိုအေး ကြိုင်မွှေးနံ့သာ ရေသီတာဖြင့် အခါမလပ် ဖျန်းဆွတ်တော်မူတတ်ထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။ ဝိရောစနံ၊ တရားရောင်ခြည် မတည်မထွန်း ရွှန်းရွန်းမပွင့် မတင့်တယ်သေးသောသူကို။ ဝါ၊ အဆင်းသဏ္ဌာန် ခြွေရံစည်းစိမ် ညံ့တိမ်တန်ခိုး အမျိုးငယ်သူကို။ ဝေရောစနံ ဝိယ၊ အရောင်အဆင်း တင့်တယ်ခြင်းကျက်သရေကို ဆောင်တတ်သော ဝေရောစန ပတ္တမြားကဲ့သို့။ ဝိရောစနံ၊ တင့်တယ်ရွှင်ဖြိုး မြတ်နိုးစေတတ်ထသော။ ဝိရောစနံ၊ ပညာရောင်ခြည် တည်သည်ဖြစ်၍ သစ်သစ်ဝေရွှန်း ထွန်းလင်းတင့်တယ်လေပြီးသောသူကို။ ဝါ၊ အဆင်းသဏ္ဌာန် ခြွေရံစည်းစိမ် မတိမ်မညှိုး အမျိုးကြီးမြင့် တန်ခိုးပွင့်ပြီးသောသူကို။ အာဝိရောစံ၊ အတိုင်းထက်အလွန် ကျော်ဝှန်လျှံတက် တုဖက်မဲ့အောင် ဘုန်းရောင်တန်ခိုးဖြင့် အစိုးတရ တင့်တယ်တော်မူထသော။ အမလံ၊ ကိလေသာမြူညစ် မမြှေးရစ်သော တရားတော်မြတ် ၁၀-ပါးကိုလည်းကောင်း။ အနင်္ဂဏံ၊ ဒိဋ္ဌိ, ဝိစိကိစ္ဆာအစရှိသော ကိလေသာမရှိထသော။ မင်္ဂလဂ္ဂံ၊ မကောင်းမှုကို ရိတ်ဖြတ်ခြင်းအဖို့လည်း ရှိတော်မူထသော။ ဝါ၊ ပဏ္ဍိတ ပူဇနီယအစရှိသောဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ သူခပ်သိမ်းတို့၏ ကုသိုလ်မင်္ဂလာပြုရာ အဖို့လည်းဖြစ်တော်မူထသော။ ဝါ- သစ္စာ ၄-ပါးကို မျက်မှောက်ပြုအပ်ပြီးသည်ဖြစ်၍ မင်္ဂလာအထွတ်နှင့်လည်း ပြည့်စုံတော်မူထသော။ ဂဏံ၊ ၈-ပါးအပြားရှိသော အရိယာသံဃာတော်မြတ်အပေါင်းကိုလည်းကောင်း။ သုတဗလေန၊ ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌ သဒ္ဒါအနက် ခက်ဆစ်ပြညွှန် လွန်စွာသော သုတမယဉာဏ်အစွမ်းဖြင့်။ ဗလဿိတောသိံ၊ အသင်, အကြံ ဉာဏ်အစွမ်းရှိသော တပည့်အပေါင်းကို နှစ်သက်စေတော်မူတတ်ထသော။ ဝါ၊ သင်အားကြားအားကိုမှီ၍ဖြစ်သော စာသင်သားတို့၏ ပြဿနာလှိုင်းကို ပိုင်းခြားဖျောက်ချေ ဖြေစွမ်းနိုင်သော အသိဉာဏ်ကမ်းဆိပ်အဆုံးလည်း ရှိထသော။ ဂရုံ၊ မတွန့်မလိပ် စိတ်တမျဉ်းကြိုး ကိုးကွယ်ထိပ်ထက် တင်ရွက်ကြည်ညို အရိုအသေပြုရာ ဆရာကျေးဇူးရှင်ကို လည်းကောင်း။ နတွာ-နမာမိ၊ ရှိခိုးပါ၏။ နတွာ၊ ရှိခိုးပြီး၍။

ပဏိဓိပုညကာရီဟိ၊ ဆောက်တည်ရာ ဆောက်တည်ကြောင်းဖြစ်သော ကောင်းမြတ်ကြည်ညို ကုသိုလ်တရား၌ အားထုတ်မမေ့ ပြုလေ့ရှိကုန်သော အမျိုးသားတို့သည်။ သုပဏိဓာနုရူပတော၊ အကျိုးစီးပွား များပြားစေလို ရိုသေကောင်းမြတ် တောင်းပန်အပ်သည်အားလျော်စွာ။ ပဏိဓာယ၊ ဉာဏ်လက်လွယ်ကူ လှမ်းယူဆွတ်သုံး နှလုံးထားစေခြင်းအကျိုးငှာ။ ပဏိမိတေမိဂဗ္ဘဇံ၊ ကောင်းစွာသိုမှီးအပ်သော ပိဋကတ်တော်ရွှေတိုက်မှဖြစ်၍ မြတ်သော တေမိယဇာတ်တော်ရတနာကို။ အဟံ၊ ငါသည်။ ပကာသိဿံ၊ ဖွင့်လှစ်ထုတ်ဖော် နာပျော်စဖွယ် မကျယ်မကျဉ်း အလျဉ်းသင့်ရာ ထောမနာအစုံစုံ ကုန်စင်ထင်ရှား စကားပြေစီကုံးပေအံ့။

ထို ဂါထာပုဒ်အပေါင်းတို့တွင် “သာရတ္ထ ဓမ္မမဓုရောဒကတေမိယံ” ဟူသောပါဌ်ကိုကား ကျမ်းမပြုမီ ရှေးအဖို့၌ အန္တရာယ်ပျောက်ခြင်း, ကျမ်းပြီးခြင်း အကျိုးရှိသော မြတ်စွာဘုရားကို ရှိခိုးခြင်းအလို့ငှာ ဆိုသတည်း။ ကျမ်းမပြုမီ ရှေးအဖို့၌ ဘုရားကိုရှိခိုးခြင်းအလို့ငှာ ထိုပါဌ်ကိုဆိုသော ဟူ၍ ဆို၏။ အကယ်၍ ထိုသို့ဆိုချေသော် “ဗုဒ္ဓံ နတွာ”ဟု ဆိုကာမျှဖြင့် ဘုရားကိုရှိခိုးခြင်း ဟူသောကိစ္စ မပြီးကောင်းသေး ဟူသောအနက်သည် ရောက်၏။ ထိုသို့တစ်မူကား “ဗုဒ္ဓံ နတွာ”ဟု ဆိုကလျှင် ဘုရားကိုရှိခိုးခြင်းကိစ္စ ပြီးကောင်းပြီ။ ထိုသို့ ပြီးကောင်းပြီဖြစ်သောကြောင့် “သာရတ္ထ ဓမ္မမဓုရောဒက တေမိယံ” ဟူသောပုဒ်ကို မဆိုတန်။ ဆိုချေသော် ဂန္ထဂရု ပုနရုတ္တိဒေါသရောက်၏ဟု စောဒကဆရာ အပြစ်တင်သော်--

“ဗုဒ္ဓံ နတွာ”ဟုဆိုက ဘုရားကိုရှိခိုးခြင်းကိစ္စ ပြီးကောင်းပြီဖြစ်လျက် “သာရတ္ထဓမ္မမဓုရောဒကတေမိယံ” ဟူသောပါဌ်ကို ဆိုခြင်းသည်ကား ဂုဏ်ရှိသောသူသာလျှင် ရှိခိုးခြင်းကို ခံခြင်းငှာ ထိုက်၏။ ဂုဏ်မရှိသောသူသည် ရှိခိုးခြင်းကို မခံထိုက်။ ဂုဏ်ရှိသောသူသာလျှင် တောင့်တအပ်သော အကျိုးကို ပြီးစေနိုင်၏။ ဂုဏ်မရှိသောသူသည် မပြီးစေနိုင်။ ငါရှိခိုးအပ်သော မြတ်စွာဘုရားသည်ကား စန္ဒီ, ပရမီသွာ အစရှိသောသူတို့ကဲ့သို့ ဂုဏ်မရှိသောသူမဟုတ်။ ရှိခိုးခြင်းငှာထိုက်သော, တောင့်တအပ်သောအကျိုးကို ပြီးစေတတ်သော ဂုဏ်နှင့် ပြည့်စုံတော်မူ၏ဟု မြတ်စွာဘုရား၏ ပဏာမာရဟသဘောဂုဏ်ကို ပြအံ့သောငှာဆိုသတည်း။ “ဗုဒ္ဓံ နတွာ”ဟု ဆိုကာမျှဖြင့် ရှိခိုးခြင်းကိစ္စ မပြီးကောင်းသေးသောကြောင့် ဆိုသည်မဟုတ်။ ထိုသို့ဖြစ်သောကြောင့် ဂန္ထဂရု ပုနရုတ္တိဒေါသ မရောက်။ ဆိုတန်၏ဟု ပရိဟာရဆရာ ဖြေအပ်၏ဟူလို။

ရှိခိုးအပ်သော မြတ်စွာဘုရား၏ဂုဏ်ကို ပြအံ့သောငှာ ထို “သာရတ္ထဓမ္မမဓုရောဒကတေမိယံ” အစရှိသောပါဌ်ကို ဆိုသောဟူ၍ ဆို၏။ အကယ်၍ ထိုသို့ဆိုချေသော် မြတ်စွာဘုရား၏ ပဏာမရဟဘောဂုဏ်ကို ပြလိုက ဤ'သာရတ္ထ' အစရှိသောပါဌ်ကိုသာ ဆိုကောင်း၏။ “အနန္တဉာဏံ,အစိန္တေယျံ” အစရှိသည်ဖြင့်ပြားသော တစ်ပါးဂုဏ်ကို မဆိုကောင်း ဟူသောအနက်သည် ရောက်၏။ ထိုသို့တစ်မူကား တစ်ပါးသော ဂုဏ်တော်တို့ကိုလည်း ဆိုကောင်း၏။ ထိုသို့ဆိုကောင်းသည်ဖြစ်သောကြောင့် ဤ “သာရတ္ထဓမ္မမဓုရောဒကတေမိယံ” ဟူသောပါဌ်ကိုသာ မဆိုတန်၊ ဆိုချေသော် အဗျာပိတဒေါသ ရောက်၏ဟု အပြစ်တင်ငြားအံ့။

အရာအခွင့် သင့်တင့်လျော်စွာ ထောမနာခြင်းသည် ပညာရှိတို့အမှု ကျမ်းပြုဆရာတို့ အလေ့သဘောဖြစ်၍ ဤသို့ဆိုလတ္တံ့သောဝတ္ထု၌ တေမိမင်းသားသည်လည်း ကာသိလရာဇ်တိုင်းအလုံးကို နှလုံးချမ်းမြေ့ကြောင်း မိုးကောင်းရွာခြင်းနှင့်ယှဉ်လျက် ဖွားတော်မူ၏။ မြတ်စွာဘုရားသည်လည်း လောကအလုံးကို နှလုံးချမ်းမြေ့ကြောင်း တရားမိုးကောင်း သံညောင်းရင့်ရူ ရွာတော်မူခြင်းနှင့်ယှဉ်လျက် ပွင့်တော်မူ၏။ ဤသို့ ထောမနာအရာ သင့်သည်ဖြစ်၍ ဤ “သာရတ္ထဓမ္မမဓုရောဒကတေမိယံ” ဟူသောပါဌ်ကို ဆိုသတည်း။ တစ်ပါးသော ဂုဏ်တော်တို့ဖြင့်လည်း မချီးမွမ်းကောင်းသောကြောင့် ဆိုသည်မဟုတ်။ ထို့ကြောင့် အဗျာပိတဒေါသမရောက် ဆိုတန်၏ဟု ပရိဟာရ ပြုအပ်သည်ဟူလို။

အရာအခွင့် သင့်တင့်လျော်စွာ ထောမနာခြင်းသည် ပညာရှိအမှု, ကျမ်းပြုဆရာတို့အလေ့ ဟူရာ၌ နေမိဘုံခန်းကို စီရင်တော်မူသော အရှင်အဂ္ဂသမာဓိသည် “အမှာကံ ဝံသော ပဗ္ဗဇ္ဇဝံသော"ဟု ရှုဆင်ခြင်သော မဃဒေဝဗြဟ္မာမင်း၏ အကြံအားလျော်စွာလည်းကောင်း၊ မဃဒေဝမင်းမှစ၍ ၈သောင်း ၄ထောင်တိုင်တိုင် ပဗ္ဗဇ္ဇဝင်မပျက် ဆင်းသက်၍ ဆက်ဆံသော မင်းတို့တွင် အဆုံးဖြစ်သော နေမိမင်းကို ဆိုအပ်သည့်အားလျော်စွာလည်းကောင်း အနန္တဂုဏ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ အလောင်းတော် နေမိမင်းဟု ထောမနာခြင်းကို မပြုမူ၍ “သကျာ ဝတ ဘော ကုမာရာ"ဟု ၃ကြိမ်တိုင်အောင် ဆိုအပ်သော ဥက္ကာကရာဇ်မင်း၏ နှုတ်မွန်ရည်အစွမ်းဖြင့် “သာကီနွယ်”ဟု တွင်ကျယ်စွာလျက် ဥက္ကာမုခမင်းမှစ၍ ၈ သောင်း ၂ထောင်တိုင်တိုင် သာကီနွယ်မပျက် ဆင်းသက်၍ဆက်ဆံသော မင်းအပေါင်းတို့တွင် အဆုံး၌ သိဒ္ဓတ်မင်းဖြစ်၍ နန်း ၃ဆောင်ဝယ် စံပယ်တော်မူပြီးမှ ဘုရားအဖြစ်သို့ ရောက်တော်မူသော ငါတို့မြတ်စွာဘုရား၏ ရှေးသံသရာ၌ ဖြစ်တော်မူဖူးသော အလောင်းတော် နေမိမင်းကြီးဟု အရာသင့်အောင် ထောမနာလို၍ “သကျာဝတ ကုမာရ´ဟု စသည်ဖြင့် ချီလေသည်။

ဧသုကာရီမင်းကြီး သားပြုသော ဟတ္ထိပါလမင်းသား, သံဝရမင်းသားတို့ကို ဆိုလိုသော အရှင်ရဋ္ဌသာရထေရ်သည် မင်းတို့၏ ဂုဏ်နှင့်လျော်စွာ “ဇာတိပုည ဂုဏ်မာနဖြင့်” စသည်ဖြင့်လည်းကောင်း၊ “ဇာတိဉာဏ်ခိုင် တစ်ပင်တိုင်ဖြင့်” အစရှိဖြင့်လည်းကောင်း အရာသင့်လျော်စွာ ဘုရားဂုဏ်ကို ချီလေသည်။

ဗျာဒိတ်ရစ, ပါရမီ ၁၀-တန်ကိုအကြံဖြစ်စ ဖြစ်သော ဗျာဒိတ်ခန်း, ပါရမီခန်းတို့ကို စီရင်တော်မူလိုသော အရှင်သီလဝံသသည် အစအရင်းကို ဆိုအပ်သည်နှင့်လျော်စွာ အရာသင့်အောင် ဘုရားဖြစ်တော်မူသည်ကစ၍ မြတ်စွာဘုရားအား ထောမနာလိုသဖြင့် “ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်က”စသည်ဖြင့် ချီလေသည်။

အဋ္ဌကထာ “ဆရာတို့သည်လည်း သမန္တပါသာဒိကအဋ္ဌကထာ၌ ဒုတိယပါရာဇိကကို ဖွင့်တော်မူလိုသောအခါ “ဒုတိယံ အဒုတိယေန” စသည်ဖြင့်လည်းကောင်း၊ တတိယပါရာဇိကကို ဖွင့်တော်မူလိုသောအခါ “တတိယံ တီဟိသုဒ္ဓေန” အစရှိသည်ဖြင့်လည်းကောင်း အရာသင့်လျော်စွာ မြတ်စွာဘုရား၏ဂုဏ်ကို ထောမနာတော်မူသည်။ ထိုသို့ အခွင့်နှင့်လျော်စွာ ချီးမွမ်းကျိုးကား “ကြာသွတ်အိုးမှာ ကြာမျိုးပွင့်သည်” ဟူသကဲ့သို့ အရာသင့်သဖြင့် တင့်တယ်လိုက်လျော ပြေချောခြင်းဖြစ်သည်သာလျှင် အကျိုးတည်းဟု သိအပ်၏။ (ဤကား စောဒနာ ပရိဟာရ သံဝဏ္ဏနာ မျိုးရိုးသဘောတည်း။)

“ကျွန်းထင်းကျူဖော့၊ ဝဲကတော့ပတ်၊ ဇလပ်ပွင့်စည်း၊ ဖြစ်နည်းတူဟန်၊ နန္ဒိယာဝဋ္ဋနည်း”အလို ဆိုသော်ကား “လာဘသက္ကာရာဒိ နိရပေက္ခစိတ္တဿ ယာနတ္တယမုခေန သဗ္ဗဒုက္ခနိယျာနိကဓမ္မဒေသနာ ပယောဂေါနာမ” ဟူသော ဋီကာပါဌ်နှင့်အညီ လာဘ်ပူဇော်သက္ကာရ စသည်ကို ငဲ့ကွက်ခြင်းမှကင်းမဲ့သော စိတ်ရှိတော်မူသော မြတ်စွာဘုရား၏ ယာဉ်၃-ပါးကို တံခါးပြုသဖြင့် ခပ်သိမ်းသောဝဋ်ဆင်းရဲမှ ထွက်မြောက်စေခြင်းငှာ ဟောတော်မူအပ်သော ဒေသနာတော်သည် ပယောဂ မည်၏။ ထို ပယောဂ၏ပြည့်စုံတော်မူခြင်းကို “သာရတ္ထဓမ္မမဓုရောဒကတေမိယံ'ဟူသော ဤပါဌ်ဖြင့် ပြ၏။ ပယောဂသမ္ပဒါ ရှိသဖြင့်လည်း ထိုသတ္တဝါတို့၏ အလိုစရိုက် ဟောထိုက်သောအခါကို မသိခြင်း, အကျိုးစီးပွားကို အလိုမရှိခြင်းတို့သည် လွင့်စဉ်လေကုန်၏။ ထိုသို့လွင့်စဉ်သဖြင့် ဒေဝဒတ်, စိဉ္စမာဏဝိကာ အစရှိသော ရန်သူတို့အားသော်လည်း အစီးအပွားကိုသာ အလိုရှိခြင်း၊ သဒ္ဓါအစရှိသော ဣန္ဒြေမရင့်ကုန်သေးသော သတ္တဝါတို့အား ဣန္ဒြေရင့်သောအခါကို ငံ့တော်မူခြင်းတည်းဟူသော အာသယသမ္ပဒါရှိတော်မူ၏။ ထိုသမ္ပဒါကို တေမိယံ၌ တိမ-ဓာတ်ဖြင့် ပြ၏။

ဤ အာသယပယောဂဟု ဆိုအပ်သော သတ္တုပကာရသမ္ပဒါနှင့် ပြည့်စုံခြင်းသည် အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်, အာသယာနုသယဉာဏ်စသော ဉာဏ်တော်တို့နှင့်ကင်း၍ မဖြစ်နိုင်သောကြောင့် သတ္တူပကာရရှိသဖြင့် ဉာဏသမ္ပဒါလည်း ရှိတော်မူ၏။ ဉာဏသမ္ပဒါ ရှိတော်မူသဖြင့်လည်း ထိုဉာဏ်တို့၏ ရန်သူဖြစ်သော ဝါသနာနှင့်တကွ ကိလေသာအလုံးစုံတို့ကို အကြွင်းမဲ့ ပယ်စွန့်တော်မူနိုင်ခြင်းကြောင့် ပဟာနသမ္ပဒါလည်း ရှိတော်မူ၏။ ဉာဏပဟာနသမ္ပဒါရှိသဖြင့် အလိုရှိတိုင်းသောအကျိုးကို ပြီးစေနိုင်ခြင်းတည်းဟူသော အာနုဘာဝသမ္ပဒါလည်း ရှိတော်မူ၏။ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး, ၈၀-သော လက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာဆင်အပ်သော ကိုယ်တော်အဖြစ်မှလည်း ထို ဉာဏ, ပဟာန, အာနုဘာဝတို့ကို ရစွမ်းနိုင်သောကြောင့် သူခပ်သိမ်းတို့၏မျက်စိ၌ သွန်းဘိသကဲ့သို့ တင့်တယ်သော ရူပကာယလည်း ရှိတော်မူ၏။ ထို ဉာဏ,ပဟာန,အာနုဘာဝ,ရူပကာယတည်းဟူသော ဖလသမ္ပဒါ ၄-ပါးကိုလည်း အကြောင်းရှိမှသာ ရအပ်သောကြောင့် ဖလသမ္ပဒါ ရှိတော်မူသဖြင့် မဟာကရုဏာနှင့်ယှဉ်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်၏ အဆောက်အဦဖြစ်သော ပါရမီ ၃၀-ကို ဖြည့်တော်မူခြင်းတည်းဟူသော ဟေတုသမ္ပဒါလည်း ရှိတော်မူ၏။ ဤဟေတုသမ္ပဒါ, ဖလသမ္ပဒါ ၂-ပါးကို “သာရတ္ထဓမ္မ မဓုရောဒက တေမိယံ”ဟူသောပါဌ်၏ အစွမ်းဖြင့်ပြ၏။ ထိုသို့ ဟေတုသမ္ပဒါ, ဖလသမ္ပဒါ, သတ္တူပကာရသမ္ပဒါ တည်းဟူသော သမ္ပဒါ ၃ ပါးကို ရသည်ရှိသော် မရေမတွက်နိုင်သော ဘုရားကျေးဇူးတော်အလုံးစုံကိုလည်း ပြစွမ်းနိုင်သောကြောင့် ဤတေမိယဝတ္ထုအစ၌ ဗုဒ္ဓပ္ပဏာမကို ပြုအံ့သောငှာ “သာရတ္ထဓမ္မမဓုရောဒကတေမိယံ”ဟူသော ပဏာမဟေတု, ပဏာမာရဟဘောဂုဏ်ကို ဆိုသတည်း။

(ဝဲဆင်းဝဲရိုက် လှည့်ဝိုက်ရစ်လည်သကဲ့သို့ အစိတ်အပေါင်း အကြောင်းအကျိုး အဆိုက်အခိုက် ရထိုက်ရာ ယူအပ်သောကြောင့်လည်း အာဝဋ္ဋနည်းဟူ၍ ဆိုအပ်၏။ ဝဲမရေယဉ်သည် တည်ရာတွင်မနား ရွေ့ရှားလျှောလိမ့်သကဲ့သို့ အကျိုးအစိတ်ဖြစ်သော ပယောဂသမ္ပဒါကိုရသဖြင့် အကြောင်းအပေါင်းဖြစ်သော အာသယ ဟေတုသမ္ပဒါ တို့ကိုလည်း ယူအပ်သောကြောင့် တိပုက္ခလနည်းဟူ၍လည်း ဆိုအပ်၏။ ဤကား နေတ္တိနည်းယူဟန် အမြွက်စကားတည်း။ နောက်နောက်နည်းတို့၌လည်း ဤနည်းကိုမှီ၍ ကျမ်းရိုးစသည်ကို ဆိုအပ်သည်ချည်းပင်။)

တရားတော်သည် ဝေနေယျတို့၏ပါရမီဉာဏ်, ဝိပဿနာဉာဏ်စသည်တို့၌ ချမ်းမြေ့မွှေးကြိုင်စွာ စွတ်ခြင်းနှင့် ရေချိုရေအေး, ရေမွှေး, ရေချမ်းတို့၏ စွတ်ခြင်းသတ္တိ သဒိသဘောဖြစ်သောကြောင့် “မဓုရောဒကတေမိယံ” ဟူသောပုဒ်သည် ဥပမာ မည်၏။ ထိုဥပမာသည် ဣဝ, ဝိယ, သမာန,သဒိသသဒ္ဒါစသည် မပါ။ ထိုသဒ္ဒါတို့၏အနက်ဖြစ်သော ကဲ့သို့,တူစွာ,တူ၏ စသည်လည်း မပါသောကြောင့် သဒ္ဒုပမာ, အတ္ထူပမာ, ဝါကျတ္ထူပမာအားဖြင့် ဥပမာ ၃-ပါးတို့တွင် အတ္ထူပမာ မည်၏။ ထိုအတ္ထူပမာသည်လည်း သရူပေါပမာ, ပရိကပ္ပေါပမာ, သံသယောပမာ, ပဋိဝတ္ထုပမာဟူ၍ ၄-ပါးအပြားရှိ၏။ ထို ၄-ပါးတို့တွင် တောင်ငူဘုရင်စာ၌-

“ဇမ္ဗူရည်ပွင့် မိုးလုံးတင့်သား ရှင်ပင့်စတေ ခုနစ်နေတည့်”ဟူ၍ မထင်ရှားသော စေတီ၏ရောင်ခြည်ကို ထင်ရှားသော နေ၏ရောင်ခြည်နှင့် တင့်တယ်ခြင်းတူရာ အစွဲပြု၍ ဆံတော်ရှင်စေတီ ၇-ဆူကို နေ၇-စင်းဆိုသကဲ့သို့ လည်းကောင်း၊ “ဘိင်္ဂါနေမာနိ စက္ခူနိ၊ နမ္ဗုဇံမုခမေဝိဒံ” ဟူသည်၌ ထင်ရှားသော ပိတုန်းရောင်အဆင်းနှင့် မထင်ရှားသော မျက်ဝန်းအဆင်းကို ရွှင်လန်းတင့်တယ်ခြင်း၏ ထင်ရှားသောကြာပွင့်နှင့် မထင်ရှားသော မျက်နှာအလှကို အမျှပြု၍၊ “ဤအာရုံကား ပိတုန်းမဟုတ်၊ မျက်စိတည်း။ ဤအာရုံကား ကြာပွင့်မဟုတ်၊ မျက်နှာတည်း”ဟု ဆိုအပ်သော စကားကဲ့သို့လည်းကောင်း၊ “သုဗျတ္တသဒိသတ္ထေန၊ သာ သရူပေါပမာ မတာ” ဟူသည်နှင့်အညီ ထင်ရှားသော သဒိသအနက်ဖြင့် မထင်ရှားသောသဒိသီကို အမျှပြု၍ဆိုခြင်းသည် သရူပေါပမာမည်၏။

ပရိကပ္ပေါပမာကား ပါရမီခန်း၌ “ငါ့ကိုမြော်လျက် ရှင်တော်မေတ္တာ သက်လတည်း' ဟူသောစကားကို ဆိုပြီးမှ ငါနှင့် ငါ့ဆရာမှာသာ ဤကဲ့သို့ ဖြစ်သည်မဟုတ်။ ဝေနေယျနှင့် ဝိနာယက တွေ့ကြိမ်တော်မူကြိုက်လျှင် ဤသို့ချည်း အတူတူပင်တည်းဟု ထက်ဝန်းကျင်အကုန်လုံး ကျုံးစပ်အပ်သည်ကို သိစေလို၍ “ဘုရားဟူသည်” ချီသောပိုဒ်၌ “ဝေးမြောက်စကြဝဠာ ခြားရာမှာလည်း မကြာမားမား ကိုယ်တိုင်သွား၍ တရားညွတ်နူး ချွတ်ဖူးသည်ချည်း သင်္ချေပည်း၏”ဟု ဆိုသောစကားကဲ့သို့ လည်းကောင်း၊

“မယေဝ မုခသော ဘာဿေ၊ တလမိန္ဒု ဝိကတ္ထနာ။ ယတောမ္ဗုဇေ ပိသာတ္ထိတိ၊ ပရိကပ္ပေါပမာ အယံ။ ဟူသည်၌ မိမိမျက်နှာ၌ လရောင်၏တင့်တယ်ခြင်းနှင့် ကြာ၌ လရောင်၏တင့်တယ်ခြင်း သဒိသဘောကိုစွဲ၍ “ဤလမင်းသည် ငါ၏မျက်နှာတင့်တယ်ခြင်းကိုသာ ပြုလေ့ရှိသည် မဟုတ်။ ကြာ၌လည်း တင့်တယ်ခြင်းရှိ၏”ဟု ဆိုသော စကားကဲ့သို့လည်းကောင်း မကြုံးမပ မကြံစည်သော်လည်း ကြုံးပကြံစည်ရာထိုက်သဖြင့် တူရာဆိုသော စကားသည် ပရိကပ္ပေါပမာ မည်၏။

သံသယောပမာကား ဘုံခန်း၌ ဗီရဏီနတ်သမီး၏ စည်းစိမ်ကြီးသည်ကိုကြံခိုက်လည်း အသိမ်းအပိုက် ရှိပြီလိုအမှတ် နတ်သားတစ်ယောက်မျှ မထင်မမြင် ငယ်သွင်ငယ်သွေးကိုတွေးလျှင်လည်း အလွတ်ပင်ဖြစ်လေကောင်း အကြောင်း၂-ပါး သဘောတူ အယူအကြံ ယုံမှားနေမိခြင်းရှိဖွယ်ကို ဆိုလို၍--

“အသူ့ဆွေဇနီးတို့နည်း။ အသူ့ ချစ်မငြီးတို့နည်း”ဟု ဆိုသောစကားကဲ့သို့ လည်းကောင်း၊ “ကိံ ဝါမ္ဗုဇန္တော ဘန္တာဠိ၊ ကိံ လောဠနယနံ မုခံ။ မမဒါဠာယတေ စိတ္တ၊ မိစ္စယံ သံသယောပမာ။ ဟူသည်၌ မျက်နှာအလှ ပြုံးရွှင်ရွှင်မှာ ကြည်လင်သော အငင်အသိမ်းနှင့် ညိုစိမ်းစိမ်းလဲ့ရွှန်းသော မျက်နှာဝန်းတင့်တယ်ဟန်ကို သဏ္ဌာန်တူဥပမာ ကြာတိုက်မုံအာ ပွင့်ချပ်ဖုံးမှာ ပိတုန်းကို လုံးလုံးလည်းမထင်, မမြင်ဘဲလည်း မရှိသည်နှင့် သဒိသဂုဏ်မှီ၍၊ “ဤအာရုံကား အသို့နည်း။ အတွင်း၌ ပိတုန်းလှုပ်ခြင်းရှိသော ကြာပွင့်လော။ စိန်းစိန်းမကြည့် တည့်တည့်မရွယ် အသွယ်သွယ်နှင့် ပရိယာယ်လော်လက်သော မျက်လုံးရှင်၏ မျက်နှာလော။ ငါ့နှလုံးယုံမှား စိတ်များလောက်လက်ခတ်ဘိ၏”ဟု ဆိုအပ်သော စကားကဲ့သို့လည်းကောင်း သဒိသဂုဏ်ဖြင့် တွေးမှားဖွယ်ရှိသည်ကို ဆိုသောဥပမာသည် သံသယောပမာမည်၏။

ပဋိဝတ္ထုပမာကား ပါရမီခန်းတွင် “ပမာသွေးသီ စာမရီဟု” စသည်ဖြင့် အတူဖြစ်သောဝတ္ထုကို တစ်ပိုဒ်တစ်ဝါကျဆိုပြီးမှ၊ “မြီးဆံချစ်တပ် အသေဝပ်သား' စသည်ဖြင့် ဥပမေယျဖြစ်သော သီလဝန္တ ရဟန်းဂုဏ်ကို တစ်ပိုဒ်တစ်ဝါကျဆို၍ ဥပမေယျဖြစ်သော စတုပါရိသုဒ္ဓိ၌ အလေးအမြတ်ပြုအပ်သည်ကို ဥပမာဖြစ်သော စာမရီ၏ မြီးဆံသေးမျှင် တစ်ပင်တစ်ချောင်းကိုလျက် အပျက်အပြုန်းမခံ အသက်ဆုံးခံကြောင်းဝတ္ထုဖြင့် ထင်စေသောစကားကဲ့သို့လည်းကောင်း၊

“ဇနေသု ဇာယမာနေသု၊ နေကောပိ ဇိနသာဒိသော၊ ဒုတိယော နုန နတ္ထေဝ၊ ပါရိစ္ဆတ္တကပါဒပေါ” ဟူသည်၌ မြတ်စွာဘုရား၏ အကြောင်းကိုဆိုသဖြင့် ပင်လယ်ကသစ်ပင်၏အကြောင်းကို၊ ပင်လယ်ကသစ်ပင်၏ အကြောင်းဆိုသဖြင့် မြတ်စွာဘုရား၏အကြောင်းကို အတူပြု၍ သိအပ်သောကြောင့် လူတို့၌ မြတ်စွာဘုရားမည်သည် ၂-ဆူမဖြစ်, ပင်လယ်ကသစ်ပင်လည်း ၂-ပင်မရှိ ဆိုသောစကားကဲ့သို့လည်းကောင်း၊ မြတ်စွာဘုရားမှ အတုအစားပြု၍ ဝါတွင်း ၃-လပတ်လုံး အရှင်သာရိပုတ္တရာ တရားဟောတော်မူသည်ဟူသော စကားကဲ့သို့လည်းကောင်း အတူဖြစ်သော ဝတ္ထုတစ်ပါးဖြင့် အတူဖြစ်သောဝတ္ထုတစ်ပါးကို ထင်စေခြင်းသည် ပဋိဝတ္ထုပမာမည်၏။

ထိုအတ္ထူပမာ ၄-ပါးတို့တွင် ဤပဏာမဂါထာ၌ “မဓုရောဒက တေမိယံ”ဟူသော ဥပမာသည် တရားအချိုအအေးနှင့် ရေချိုရေအေးစွတ်ခြင်းသတ္တိကို သရုပ်တူပြု၍ “တရားတည်းဟူသော ရေအေး”ဟု ဆိုသောကြောင့် သရူပေါပမာမည်၏။

“ဝေရောစနံ ဝိယ ဝိရောစနံ” ဟူသောပုဒ်၌ ဝေရောစန ပတ္တမြားကား ဥပမာ, တရားတော်ကား ဥပမေယျ, ထို ပတ္တမြား, တရားတော်၏ ဆောင်ကုန်သောသူတို့အား အရောင်အသရေ တင့်တယ်စေခြင်းသတ္တိ သဒိသဘောဖြစ်သည်ကား ဥပမာန, ဝိယပုဒ်၏ ပညတ်အနက်ဖြစ်သော “ကဲ့သို့”ဟူသောစကားကား ထိုဥပမာအနက်ကို ထွန်းပြတတ်သော နိပါတ်တည်း။ ဤ ဝေရောစနံဝိယ-ဟူသောဥပမာသည် ဆိုခဲ့ပြီးသော ဥပမာ၃-ပါးတွင် ဝိယသဒ္ဒါနှင့်ယှဉ်သောကြောင့် သဒ္ဒူပမာ မည်၏။

ဤသဒ္ဒူပမာသည်လည်း ဓမ္မောပမာ, ဓမ္မဟီနောပမာ, အညမညောပမာ, ဝိပရီတောပမာ, အဗ္ဘုတောပမာ, သိလေသောပမာ, သန္တောနောပမာ, နိန္ဒောပမာ, အသာဓာရဏောပမာ, ပဋိသေဓောပမာ, အဘူတောပမာဟူ၍ ၁၁-ပါး အပြားရှိ၏။

ထိုတွင် “ဝိကာသိ ပဒုမံဝါတိ, သုန္ဒရံ သုဂတာနနံ” ဟူသော ဥဒါဟရုဏ်၌ အလွန်ကောင်းသော မြတ်စွာဘုရား၏ မျက်နှာတော်သည် အလွန်ကောင်းသောကြာကဲ့သို့ တင့်တယ်၏ဟူ၍ ဥပမာ ဥပမေယျတို့၏ ကောင်းသောဂုဏ်ကို အတူပြု၍ပြသောကြောင့် ဓမ္မောပမာ မည်၏။

“ဓမ္မေဟီနာ မုခမ္ဗောဇ-သဒိသံ မုနိနောဣတိ” ဟူသည်၌ “မြတ်စွာဘုရား၏မျက်နှာတော်သည် ကြာနှင့်တူ၏”သာ ဆို၍၊ သုန္ဒရ စသောဂုဏ်ကိုမဆိုဘဲ ဥပမာမျှဖြင့်ပြခြင်းကြောင့် ဓမ္မဟီနောပမာ မည်၏။

“တဝါနနမိဝမ္ဗောဇမိဝတေမုခံ”ဟူသည်၌ “အရှင်ဘုရား၏မျက်နှာတော်သည် ကြာနှင့်တူ၏။ ကြာပဒုမ္မာသည်လည်း အရှင်ဘုရား၏ မျက်နှာတော်နှင့် တူ၏”ဟု အချင်းချင်း ဥပမာပြုသောကြောင့် အညမညောပမာ မည်၏။

“ဝိပရီတောပမာတုလျ-မာနနေနမ္ဗုဇံ တဝ” ဟူသည်၌ “ကြာသည် အရှင်ဘုရားမျက်နှာတော်နှင့် တူ၏”ဟု ဥပမာဖြစ်သောကြာကို ဥပမေယျ၊ ဥပမေယျဖြစ်သောမျက်နှာတော်ကို ဥပမာ၊ ဤ ဥပမာ, ဥပမေယျ ပြန်သောအားဖြင့် ဥပမာပြုခြင်းကြောင့် ဝိပရီတောပမာမည်၏။

အမ္ဘုတောပမာကား “ကျောက်ဖျာရေထဲ၊ ပေါ်နိုင်ခဲသို့” ဆိုသောစကား၊ “တင့်တယ်သော ကြာပဒုမ္မာသည် လူတို့၏မျက်စိ,နားကို အကယ်၍ဖြစ်စေကာမူ အရှင်ဘုရား၏ မျက်နှာတော်ကား တင့်တယ်ခြင်းဖြစ်၏”ဟု ဆိုသောစကားတို့၌ သဘောပြကတေ့ မဖြစ်ဘူးမြဲသောစကားကို ဥပမာပြုသောကြောင့် အဗ္ဘုတောပမာ မည်၏။

“သုဂန္ဓီ သောဘာ သမ္ဗန္ဓီ, သိသိရံသု ဝိရောဓိခံ တဝမ္ဗုဇံ ဝေတိ, သာ သိလေသောပမာ မတာ” ဟူသည်၌ “ကောင်းသောအနံ့ရှိလျက် တင့်တယ်ခြင်းနှင့်စပ်၍ လရောင်၌ ဆန့်ကျင်ဘက် တက်နေအရုဏ်တွင် ပွင့်သောကြာကဲ့သို့ အရှင်ဘုရားမျက်နှာတော်သည် ကောင်းသောအနံ့ ရှိတော်မူ၏။ တင့်တယ်ခြင်းနှင့်လည်း စပ်တော်မူ၏။ လရောင်၏ ဆန့်ကျင်ဘက်ဖြစ်သော ရွှေအဆင်းအရောင်, တရားအရောင်တို့နှင့်လည်း ပြည့်စုံတော်မူ၏”ဟု “သုဂန္ဓီ” စသောပုဒ်ကို ဥပမာ,ဥပမေယျ ၂-ပါးလုံးမှာယှဉ်လျက် ထပ်၍အနက် ပေးအပ်သောကြောင့် သိလေသောပမာ မည်၏။ လင်္ကာ၌လည်း ရသင့်၏။ “ဇာတိဉာဏ်ခိုင်၊ တပင်တိုင်ဖြင့်၊ မယိုင်မညွတ်၊ ခေါင်တမွတ်သို့၊ လွတ်လွတ်ဘုန်းရင့်၊ မတ်မတ်တင့်သား”ဟု ဂုဏ်ဝိသေနတို့ကို ဥပမာ, ဥပမေယျ ၂-ပါးအနက်၌ ထပ်၍ယူအပ်သောကြောင့် သိလေသောပမာ မည်၏။

သန္တောနောပမာကား “ဗာလာဝုယျာန မာလာယံ, သာလကာနနသောဘိနီ” ဟူသော ဥဒါဟရုဏ်၌ “ဆံထုံး, မျက်နှာတို့ဖြင့် တင့်တယ်သော သတို့သမီးငယ်ကဲ့သို့ ဤ ဥယျာဉ်, ပန်းစဉ်သည် အင်ကြင်းတောတို့ဖြင့် တင့်တယ်၏”ဟူ၍ 'သာလကာနနသောဘိနီ” ဟူသောပုဒ်၌ သဒ္ဒသုတိ မပျက်စေဘဲ ဥပမေယျကိုငဲ့သောအခါ “သာလကာနန”သဒ္ဒါသည် အင်ကြင်းတောဟူသောအနက်၊ ဥပမာကိုငဲ့သောအခါ သာလက-အာနနဟု ပဒစ္ဆေဒပြု၍ ဆံထုံး, မျက်နှာ ဟူသောအနက်။ ဤသို့ အနက်၂-ပါး ရကောင်းသောသဒ္ဒါဖြင့် ဥပမာပြုသောကြောင့် သန္တောနောပမာ မည်၏။ (ဤ သန္တောနောပမာကို “မတိတ်အားနည်း၊ မုန်တိုင်းသည်းလည်း၊ ယမ်းပည်းထွေငေါ်၊ ကျွန်နှင့်တော်သို့၊ ထိုရော်အခါ၊ ချောင်းလျက်လာ၏”ဟူသော လင်္ကာစသည်တို့၌လည်း ရသင့်၏။)

ဤလင်္ကာ၌ “ယမ်းပည်းထွေငေါ်”ဟူသော စကားသည် “ကျွန်နှင့် တော်သို့”ဟူသော ဥပမာကိုငဲ့သောအခါ အရှင်တို့ ခြိမ်းမောင်းဆုံးမသံ အနက်ကို ဟော၏။ “ချောင်းလျက်လာ၏”ဟူသော ဥပမေယျကို ငဲ့သောအခါ အမို့အယမ်းမရှိ သာယာဖြည်းညှင်းစွာ အနက်ကို ဟော၏။ ဤသို့ “ယမ်းပည်းထွေငေါ်” ဟူသောဂုဏ်သည် ဥပမာ, ဥပမေယျ ၂-ပါးယှဉ်၍ ပုဒ်ရင်းမပျက် အနက်တခြားစီ ဟောတတ်သောကြောင့် သန္တာနောပမာ မည်၏။

“ကျေးကျွန်တို့သည် အရှင်ခြိမ်းမောင်းသံနှင့် တော်ကြိုက်သကဲ့သို့ မုန်တိုင်းလေတို့သည်လည်း ပါရမီ ၁၀-ပါးကို ဘုရားလောင်းကြံစည်သောအခါ တော်ကြိုက်သည်ဖြစ်၍ မို့ယမ်းထန်ပြင်းခြင်း မရှိ။ သာယာဖြည်းညင်းစွာ ချောင်းလျက် တညံ့ညံ့လာ၏” ဟူလို။

နိန္ဒောပမာကား ဥပမေယျဂုဏ်ကို ဥပမာဂုဏ်မမိသဖြင့် ကဲ့ရဲ့၍ပြုအပ်သော ဥပမာသည် နိန္ဒောပမာမည်၏။ “ဤတည်းအစ၊ တွင်မှအဆုံး၊ ဂဏန်းကျုံးလည်း၊ မြေလုံးတောင်စုန့်၊ အမုန့်မလောက်၊ ကြားသော်ကြောက်အံ့” ဟူသောစကား၌ကဲ့သို့ နိန္ဒောပမာကို ယူအပ်၏။

အသာဓာရဏောပမာကား “တစ္ဆံစန္ဒာ ရဝိန္ဒာန-မတိက္ကမ္မ မုခံ တဝ၊ အတ္တနာဝ သယံ ဇာတ-မိတျသာဓာရဏောပမာ”ဟူသည်၌ “နတ်လူတို့၏ မျက်နှာကိုလွန်၍ အရှင်ဘုရား၏ မျက်နှာတော်သည် အရှင်ဘုရားနှင့်သာ တူတော်မူ၏”ဟု သူတစ်ပါးနှင့် ဆက်ဆံခြင်းမရှိမူ၍ ဥပမာပြုခြင်းသည် အသာဓာရဏောပမာ မည်၏။ “ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ ငယ်ရွယ်ပျိုက” စသည်ဖြင့်ဆိုသော စကားကိုလည်းယူ။

ပဋိသေဓောပမာကား ဥပမာကိုမြစ်၍ ဥပမေယျကို ချီးမြှောက်ခြင်းသည် ပဋိသေဓောပမာ မည်၏။ “လောင်ထိန်တောက်ညီး၊ တန်ဆောင်မီးလည်း၊ စနီးစပ်ကာ၊ မနှုန်းသာသား၊ နာဂတံသ၊ ဉာဏကျော်ခေါင်၊ ပညာရောင်ဖြင့်” ဆိုသောလင်္ကာ စသည်မှာယူ။

အဘူတောပမာကား “ဘေရိံ ကတွာ စက္ကဝါဠံ, သိနေရုံ ဒဏ္ဍေနဝိဟနံ။ တဝ သဒ္ဒေါ ဝိဘာဝတိ။” ဟူသော ဥဒါဟရုဏ်၌ “စကြဝဠာအဝန်းကို စည်ကြီးဗဟို, မြင်းမိုရ်တောင်ကို စည်လက်ခတ်ပြုပြီး၍ ခတ်တီးသကဲ့သို့ အရှင်ဘုရား၏ အသံတော်သည် အလွန်ထင်ရှား၏”ဟု ဆိုသောစကားကဲ့သို့ အံ့ဖွယ်သရဲ ဥပမာပြုခြင်းသည် အဘူတောပမာ မည်၏။ “ဝေးမင်းလှစွာ၊ ဗြဟ္မာ့ရွာကို၊ လက်သာဆန့်ယမ်း၊ မှီစိမ့်လှမ်းသို့၊ ကိုယ်စွမ်းကိုယ်ကိုး” စသည်ဖြင့်ဆိုသော စကားလည်း ၄င်းဥပမာပင်တည်း။

ဤသို့အားဖြင့်ပြားသော သဒ္ဒူပမာ ၁၁-ပါးတို့တွင် ဤပဏာမဂါထာ၌ “ဝေရောစနံဝိယ” ဟူသော ဥပမာသည် တရားတော်နှင့် ပတ္တမြားအရောင်ကို အတူပြု၍ဆိုသောကြောင့် ဓမ္မောပမာ မည်၏။ ဥပမာ,ဥပမေယျ ၂-ပါးစုံ၌ ပုလ္လိင်အဖြစ်ဖြင့် တူသောလိင်ရှိခြင်းကြောင့် “သတို့သမီးငယ်ကား ယောက်ျားနှင့်တူ၏”ဟု ဆိုသောစကားကဲ့သို့ လိင်ခြားခြင်းဖြင့် မသင့်သော ဘိန္ဒလိင်္ဂူပမာ ဒေါသမှလည်း လွတ်၏။ ဤ ဥပမာ,ဥပမေယျ ၂-ပါးစုံ၌ ဧကဝုစ်ချည်းဆိုသောကြောင့် “ကောင်းကင်သည် အင်း,အိုင်အပေါင်းတို့ကဲ့သို့ တင့်တယ်၏”ဟု ဆိုသောစကားကဲ့သို့ ဝုစ်မတူခြင်းဖြင့် မသင့်သော ဘိန္နဝစနူပမာ ဒေါသမှလည်း လွတ်၏။

မြတ်သောပတ္တမြား ဥပမာဖြင့် ဥပမေယျကို ချီးမြှောက်စား၍ဆိုခြင်းကြောင့် “မင်းခယောက်ျားသည် မင်း၌ခစားသောအခါ ခွေးကဲ့သို့ ကျင့်ရာ၏”ဟုဆိုသောစကား၊ “သင့်စကားကို မြက်လောက်မျှ မမှတ်”ဆိုသော စကားကဲ့သို့ ဥပမာယုတ်သဖြင့် မသင့်သော ဟီနူပမာဒေါသမှလည်း လွတ်၏။ ဥပမေယျထက် လွန်သောဥပမာကို ဆိုခြင်းကြောင့် “ပိုးစုန်းကြူးသည် နေကဲ့သို့ တောက်ပခြင်း ရှိ၏”ဟုဆိုသော စကားကဲ့သို့ ဥပမေယျနှင့်မတန်၊ အလွန်ကဲသောဂုဏ်ကို ဆိုခြင်းကြောင့် မသင့်သော အဓိကူပမာဒေါသမှလည်း လွတ်၏။ ဥပမာ, ဥပမေယျတို့၏ နှောင့်ယှက်ခြင်းမရှိ သိသာသည်၏အဖြစ်ကြောင့် “သမုဒ္ဒရာတည်းဟူသော စစ်သည်ဗိုလ်ပါများစွာသည် ကြောက်မက်ဖွယ်ကြွေးကြော်ခြင်း အသံတည်းဟူသော သမုဒ္ဒရာချောက်ချား၏”ဟု ဆိုသောစကားကဲ့သို့ ဥပမာမှထောက်၍ ဥပမေယျကို, ဥပမေယျမှထောက်၍ ဥပမာကို မတွေ့ကောင်းအောင် တည်ရာမကျဆိုခြင်းဖြင့် မသင့်သော အဖောဋ္ဌဗ္ဗူပမာ ဒေါသမှလည်း လွတ်၏။

“ဝိရောစန မာဝိရောစံ”ဟူသောပုဒ်ကို ဥပမာ, ဥပမေယျ ၂-ပုဒ်လုံး၌ ကာရိုက်ကံအဖြစ်ဖြင့် ယှဉ်အပ်သောကြောင့် “လဝန်း၌ ယုန်ရေးသည် ပိတုန်းကဲ့သို့ ထင်ရှား၏” ဟူသောစကားကဲ့သို့ “လဝန်း၌”ဟူသော အာဓာရသည် “ယုန်ရေး”၏တည်ရာ ဖြစ်၍၊ “ပိတုန်း'၏တည်ရာ မဟုတ်ဘဲလျက် တစ်ချက်တည်းသော အာဓာရကိုသာဆိုသဖြင့် လဝန်း၌ ပိတုန်းကဲ့သို့ဟု စကားငဲ့ခြင်းရှိသည်ဖြစ်၍ မသင့်သော အပေက္ခနူပမာ ဒေါသမှလည်း လွတ်၏။ ဥပမာ, ဥပမေယျတို့ကို ဂုဏ်,ဂုဏေ အစုံဆိုခြင်းကြောင့် “ယုန်ရေးနှင့်တကွသော လသည် ကြာတိုက်ကဲ့သို့ တင့်တယ်၏”ဟု ဆိုသောစကားကဲ့သို့ ဥပမေယျဂုဏ်ကိုသာဆို၍ ဥပမာဖြစ်သော ကြာတိုက်၏ဂုဏ်, ပိတုန်းနှင့်တကွ ဟူသောစကားကို မဆိုသည်ဖြစ်၍ ဥပမာ၏ဂုဏ်ပြတ်သဖြင့် မသင့်သော ခဏ္ဍိတူပမာဒေါသမှ လည်းလွတ်၏။

ဤသို့ ဥပမာဒေါသ ၇-ပါးတို့မှ လွတ်သည်ဖြစ်၍ ဤပဏာမဂါထာ၌ “ဝေရောစနံဝိယ”ဟူသော ဥပမာသည် ပညာရှိတို့၏နှလုံးကို ဝမ်းမြောက်စေတတ်သော ဥပမာ မည်၏။ ထိုသို့ပြခဲ့သော ဥပမာဒေါသ ၇-ပါးတို့ကို ဒေါသမှလွတ်ကင်းအောင်ပြုခြင်းကား နယကောဝိဒဖြစ်သော ပညာရှိတို့အရာသာတည်း။

ဘိန္ဒလိင်္ဂူပမာဒေါသ၌ “ဤသတို့သမီးငယ်ကား ယောက်ျားနှင့်တူ၏”ဟုဆိုသော် ထိုဒေါသမှ လွတ်၏။ အဘယ့်ကြောင့်နည်းဟူမူ ပါဠိဘာသာ၌ “အယံ, မြန်မာဘာသာ၌ “ဤ”ဟူသော သဒ္ဒါတို့သည် လိင် ၂-ပါး- ၃-ပါးတို့နှင့်ပင် ဆက်ဆံလေသောကြောင့် ဥပမာန၌ လိင်ပြားသော်လည်း ဘိန္ဒလိင်္ဂူပမာဒေါသ မရောက်ပြီ။ ထို့ကြောင့် အခွင့်၌လိမ္မာသော ပညာရှိတို့ပြုလျှင် တစ်ခုတည်း, အနည်းငယ်မျှသာ ဖြစ်သည်ဟူ၍ မမှတ်သာ။ အရာကျသဖြင့် ဒေါသမမီ။ “ဤသတို့သမီးငယ်ကား ဤယောက်ျားနှင့်တူ၏”ဟူသော အနက်ရောစွက်သော “ဤ”ဟူသော တစ်လုံးကြောင့် အသုံးပြုရပြန်လေသည်။ (ကြွင်းသောဒေါသူပမာတို့ကိုလည်း အပြစ်ကင်းအောင် ကြံရမည်ချည်းပင်။ များလွန်းအံ့စိုး၍ လိုရင်းသို့ရောက်ခဲသဖြင့် နိရတ္ထကထင်သောကြောင့် မဆိုလိုက်သည်။)

ဤသို့ အတွင်း,အပ အန္တရာယ်ပျောက်ငြိမ်းခြင်း၊ ကျမ်းပြီးခြင်း၊ တောင့်တအပ်သောအလို ကုသိုလ်မင်္ဂလာ အဇ္ဈာသယ သုခသိဒ္ဓိ ပီတိရွှန်းဝေ ကျက်သရေတိုးပွားများစေခြင်း အကျိုးရှိသော ဆရာကျေးဇူးရှင်နှင့်တကွ ရတနာ ၃ပါးတို့အား ညွတ်တွားထိပ်ထက် တင်ရွက်ရှိပန် ဗိတာန်အောင်ထီးကို ချီးမြှောက်မိုးကာ၍ မေတ္တာတော်အာနုဘော် ဘုန်းတော်ရိပ်အစွမ်းကို ချမ်းမြေ့စွာခိုလှုံလျက် အဓိပ္ပာယ်အနက် ဝှက်ကွယ်ခြင်းရှိသော ပါဠိတော်ရွှေတိုက် အမြိုက်ရည်လျှင်အဆီရှိသော တေမိယဇာတ်တော် ရတနာကို အခါခါတောင်းပန်အပ်သောသူတို့၏ အလိုနှင့်လျော်စွာ သဒ္ဓါ, သီလ, သုတ, ပညာ ပွားရာသောအကြောင်း သူတော်ကောင်း သူမြတ်တို့ မှတ်သားနာပျော်ဖွယ် မကျယ်မကျဉ်း အလျဉ်းသင့်ရာ ဥဒါဟရုဏ် စုံလင်ပြကြား၍ စကားကျစ်လစ် ပြေပြစ်သန့်ရှင်းစွာ အစွမ်းအလျောက် ထုတ်စီပေအံ့။

ဤတွင်ရွေ့ကား ပဏာမ, ထောမနာ, သံဝဏ္ဏနာကာရ, ဥယျောဇဉ်, ပဋိညာဉ်တို့ကိုပြဆိုသော ဂန္ထာရမ္ဘပုဗ္ဗက စကားရပ် အပြီးသတ်တည်း။