ညီညီညွတ်ညွတ် နေကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၂) ညီညီညွတ်ညွတ် နေကြမယ် (ကျောင်းသားကိုင်သို့)
339324ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၂) ညီညီညွတ်ညွတ် နေကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

ညီညီညွတ်ညွတ်နေကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ အချင်းချင်း ညီညီညွတ်ညွတ် စုပေါင်းလုပ်ကိုင်မှသာအမှုကိစ္စများ အောင်မြင် ပြီးစီးနိုင်ပုံနှင့် ခက်အခဲများကျော်လွှားနိုင်ပုံကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပင့်ကူလမ်းလျှောက်ကစားနည်းကို ကစားရန်အတွက် ဦးစွာ ပန်းတိုင်ကို သတ်မှတ် ပေးထားရမည်။

֍ထို့နောက် ကလေးများအား အုပ်စုဖွဲ့ပါ။ တစ်အုပ်စုလျှင် အနည်းဆုံး (၅) ဦး ပါဝင်ရမည်။

֍အုပ်စုတစ်စုချင်းစီရှိ ကလေးများအား ကျောပေး၍ လက်များကို ခိုင်မြဲစွာ ချိတ်ထားပါစေ။ ပင့်ကူကလေးများလို ပန်းတိုင်သို့ ရောက်သည်အထိ လမ်းလျှောက်ပါစေ။

֍အုပ်စုတစ်စုစီမှ ကလေးများ စည်းလုံးညီညွတ်မှုရှိမှ ပင့်ကူကလေး ပန်းတိုင်သို့ အရင် ရောက်နိုင်မှာ ဖြစ်ကြောင်း ရှင်းပြပါ။

֍ပန်းတိုင်သို့ အရင်ရောက်ရှိသွားသော အုပ်စုကို လက်ခုပ်တီး၍ ချီးကျူးစကား ဆိုပါ။

֍နောက်ဆုံးတွင် ဆရာက ဒီကစားနည်းကို ကြည့်ခြင်းဖြင့် အုပ်စုလိုက် စည်းစည်းလုံးလုံး ဖြင့် စုပေါင်းဆောင်ရွက်သွားတဲ့အုပ်စုက အနိုင်ရသွားကြောင်းကို ကလေးများ နားလည် အောင် ထပ်မံ၍ ရှင်းပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စုပေါင်းအင်အား ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ အခု စည်းစည်းလုံးလုံးနဲ့ ကစားပြီးသွားပြီဆိုတော့ ဆရာက ငုံးငှက် ကလေးတွေရဲ့ စည်းလုံးမှုနဲ့ပတ်သက်ပြီး ဇာတ်လမ်းတစ်ပုဒ် ... ပြောပြမယ်”ဟုဆိုပြီး အောက်ပါ ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားအောင် ပြောပြပါ။

စုပေါင်းအင်အား

တစ်ခါက တောအုပ်ကြီးတစ်ခုထဲမှာ ငုံးတွေအုပ်စုဖွဲ့ပြီး နေထိုင်ခဲ့ကြတယ်။ အဲဒီ ငုံး တွေကို ခေါင်းဆောင်တဲ့ ငုံးမင်းကြီးတစ်ကောင်ရှိတယ်။ ခေါင်းဆောင်ငုံးမင်းကြီးဟာ လိမ္မာပါး နပ်ပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။ လက်အောက်ငုံးငှက်တွေအပေါ်မှာလည်း အနစ်နာခံပြီး သနားကြင်နာတတ်တယ်။ ဒါကြောင့် ငုံးကလေးတွေဟာ ခေါင်းဆောင် ငုံးမင်းကြီးရဲ့ စကား ကို နားထောင်ပြီး အုပ်စုလိုက်နေကြတယ်။ တစ်ကောင်နဲ့တစ်ကောင် ဘယ်တော့မှ ခွဲပြီးမနေ ကြဘူး။ အစာရှာတဲ့အခါမှာလည်း အတူတူရှာစားလေ့ရှိကြတယ်။

တောအုပ်ကြီးနဲ့ မနီးမဝေးမှာ ငှက်မုဆိုးတွေ နေထိုင်တဲ့ရွာတစ်ရွာရှိတယ်။ ငှက်မုဆိုး တစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း တောအုပ်ထဲကိုလာပြီး ချုံပုတ်ထဲကနေ ငုံးငှက်သံအတု လုပ်ကာ ငုံးတွေကို ထောင်ဖမ်းလေ့ရှိတယ်။ တစ်နေ့တော့ ခေါင်းဆောင်ငုံးမင်းကြီးက ငုံးတွေ လျော့နေတာကို သတိထားမိသွားတယ်။ “ငါ့အမျိုးတွေ ဘာ့ကြောင့် လျော့နေရတာလဲ”လို့ စုံးစမ်းစစ်ဆေးတဲ့အခါမှာ ငှက်မုဆိုးရဲ့ လက်ချက်ကြောင့် လျော့နေရတာကို သိသွားပါတယ်။

ခေါင်းဆောင်ငုံးမင်းကြီးက ငုံးတွေကိုစုဝေးစေပြီး “အို ... ငုံးငှက်အပေါင်းတို့၊ ကျွန်ုပ် တို့အမျိုးတွေ နေ့စဉ်အသတ်ခံနေရတာကို သင်တို့လည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီအန္တရာယ် က လွတ်မြောက်ဖို့ဆိုတာဟာ တစ်ဦးကောင်းနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်ုပ်တို့ ညီညီညွတ်ညွတ်နဲ့ လက်တွဲကြမှသာ အောင်မြင်နိုင်မှာပါ။ ဒါကြောင့် မုဆိုးရဲ့ ပိုက်ကွန်ထဲ မိသွားပြီဆိုရင် ပိုက်ကွန်ဆန်ကာကွက်ထဲကို ခေါင်းလျှိုပြီး အပေါ်ကို ညီညီညွတ်ညွတ် ပျံ တက်ကြမယ်။ အဲဒီနောက် ဆူးချုံပေါ်မှာနားပြီး ဆူးချုံအောက်က ပြန်ထွက်ကြမယ်။ ဒီလို လုပ်မှသာ ကျွန်ုပ်တို့ အန္တရာယ်က လွတ်မြောက်နိုင်မှာ”လို့ ပြောကြားခဲ့တယ်။

ငုံးငှက်ကလေးတွေဟာ ခေါင်းဆောင်ငုံးမင်းကြီးရဲ့ စကားကို သဘောတူပြီး ငုံးမင်း ပြောတဲ့အတိုင်း ပိုက်ကွန်ထဲမိတဲ့အခါ ညီညီညွတ်ညွတ် ပြန်တက်ကြတယ်။ ဒီတော့ မုဆိုးကြီး ဟာ ဆူးချုံပေါ်က ပိုက်ကွန်ကိုပြန်သိမ်းပြီး လက်ဗလာနဲ့ အိမ်ကိုပြန်သွားရတော့တယ်။

တစ်နေ့မှာ ငုံးငှက်ကလေးတွေ အစာစားနေကြရင်း ငုံးတစ်ကောင်က အခြားငုံး တစ်ကောင်ရဲ့ ခေါင်းကို မတော်တဆ တက်နင်းမိသွားတယ်။ “ငါ့ခေါင်းကို ဘယ်သူ နင်း လိုက်တာလဲ”လို့ အနင်းခံလိုက်ရတဲ့ ငုံးကလေးက အော်လိုက်တယ်။ ဒီအခါ တက်နင်းမိသွား တဲ့ ငုံးကလေးက “ကျွန်တော်ပါ။ ရုတ်တရက် မမြင်လိုက်လို့ နင်းမိသွားတာပါ။ တောင်းပန်ပါ တယ်လို့ ပြောပေမဲ့ မကျေနပ်နိုင်ကာ ရန်ဖြစ်ကြတယ်။ သူတို့ရန်ပွဲမှာ အခြားငုံးငှက်တွေပါ ဝင်လာလို့ ကြီးကျယ်သွားခဲ့တယ်။ ခေါင်းဆောင်ငုံးမင်းလာပြီး အမျိုးမျိုး ဖျန်ဖြေပေးပေမဲ့ နား မထောင်ဘဲ ဆက်ပြီး ရန်ဖြစ်နေကြတော့တယ်။

ဒါကြောင့် ငုံးမင်းလည်း စိတ်မကောင်းစွာနဲ့ပဲ သူ့အပေါ်သစ္စာရှိတဲ့ နောက်လိုက် ငုံး တစ်အုပ်ကိုခေါ်ကာ ထွက်ခွာသွားခဲ့တယ်။ ငှက်မုဆိုးဟာ ခါတိုင်းလိုပဲ ချုံထဲကနေ ငုံးငှက်သံ အတုလုပ်ပြီး ပိုက်ကွန်ကိုပစ်လိုက်တယ်။ ဒီတစ်ခါတော့ ငုံးငှက်ကလေးတွေဟာ အရင်ကလို မညီညွတ်ကြတော့ဘဲ “မင်းက ပိုသန်မာတယ်။ မင်းပဲ ပိုက်ကွန်ကို မ”၊ “မင်းက ငါ့ထက်ပိုပြီး အားရှိပါတယ်၊ ပိုက်ကွန်ကို မင်းပဲ မ တော့” စသဖြင့် ငြင်းခုံနေကြတယ်။ ဒါ့ကြောင့် မုဆိုးဟာ တစ်ကောင်နဲ့တစ်ကောင် ငြင်းခုံတွက်ကပ်နေကြတဲ့ ငုံးငှက်လေးတွေကို အလွယ်တကူ ဖမ်း ယူပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ကို ပြန်သွားခဲ့တော့တယ်။

မှီငြမ်း ။ ။ သမ္မောဒမာနဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္တု၊ပထမတွဲ။ ၁၄၄။ ဇာ၊ ဋ္ဌ၊ ၁။ ၂၂၄။

֍ဇာတ်လမ်းပြောပြီးပါက မေးခွန်းများ မေးပါ။

-ငုံးငှက်လေးတွေ ပိုက်ကွန်ထဲက လွတ်အောင် ဘယ်လိုလုပ်ကြသလဲ။ မှတ်မိတဲ့သူ ပြောပြပါဦး။
-ဘာဖြစ်လို့ မုဆိုးကြီးက ငုံးတွေကို ဖမ်းမမိတာလဲ။
-ငုံးတွေ ဘာဖြစ်လို့ ရန်ဖြစ်ကြတာလဲ။
-ရန်ဖြစ်နေတဲ့ငုံးတွေကို ဘယ်သူက ရန်မဖြစ်ဖို့ ပြောတာလဲ။
-နောက်တစ်ကြိမ်မှာ မုဆိုးကြီးက ငုံးကလေးတွေကို ဘယ်လိုဖမ်းသလဲ။
-ဒီတစ်ခါ ဘာဖြစ်လို့ မုဆိုးကြီးက ငုံးတွေကို ဖမ်းမိသွားသလဲ။

֍ကလေးများဖြေပြီးပါက ဇာတ်လမ်း၏ အနှစ်ချုပ်ကို ဆရာက ဖြည့်စွက်ပေးပါ။ အချင်းချင်း ညီညွတ်မှုရှိရန် အရေးကြီးတယ်။ ညီညွတ်မှုမရှိပါက ဒုက္ခရောက်တတ် တယ်.... စသည်ဖြင့်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စည်းလုံးခြင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

စုပေါင်းအင်အား ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြီး စည်းလုံးခြင်းအကြောင်းကို ရှင်းပြပါ။

ထို့နောက် အောက်ပါကဗျာကို အမူအရာနှင့်တကွ သံပြိုင်ရွတ်ဆိုစေပါ။

စည်းလုံးခြင်း

ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်၊
ငုံးလေးများအသွင်။
အကူညီလိုရင် ညီညာမနှေး၊
ဝိုင်းဝန်းကူညီပေး။
ဖေးဖေးမမ ညီအစ်ကို၊
မောင်နှမတွေလို။
ကြိုဆိုကာ လက်ချင်းဆက်၊
စည်းလုံးခြင်းအတွက်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး “သားတို့၊ သမီးတို့ကိုယ်တိုင် ဘယ်လိုအရာ တွေမှာ စုပေါင်းလုပ်ကိုင်ကြမလဲ၊ စုပေါင်းလုပ်ကိုင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ”ဟူ သော ခေါင်းစဉ်ဖြင့် အုပ်စုဖွဲ့ဆွေးနွေးကြပါစေ။ (ဥပမာ ကျောင်းသန့်ရှင်းရေးကို စုပေါင်းလုပ်ကိုင်ခြင်း။)

֍အုပ်စုဖွဲ့ ဆွေးနွေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ယောက်က ထွက်၍ ကျန်အုပ်စုများ ကြားအောင် ရှင်းပြကြပါစေ။

֍အုပ်စုအားလုံး ပါဝင်ပြီးပါက ညီညီညွတ်ညွတ်နှင့် ပါဝင်ဆောင်ရွက်ခြင်းအကြောင်းကို ဆရာက အနှစ်ချုပ်ပေးပါ။