ချစ်ချစ်ခင်ခင်နေကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၀။ ချစ်ချစ်ခင်ခင်နေကြမယ် (ကျောင်းသားကိုင်သို့)
339363ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၀။ ချစ်ချစ်ခင်ခင်နေကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃ဝ)

ချစ်ချစ်ခင်ခင် နေကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ မိမိ၏ အိမ်နီးချင်းများနှင့်ချစ်ချစ်ခင်ခင် သင့်မြတ်စွာ နေထိုင်ရမည်ဖြစ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

-သား/သမီး အခု ဘယ်မှာ နေသလဲ။
-ဘယ်သူတွေနဲ့ နေသလဲ။
-အိမ်နီးချင်းတွေရော ရှိသလား။ ဘယ်သူတွေလဲ။
-သားတို့၊ သမီးတို့ရဲ့ အိမ်နီးချင်းတွေနဲ့ တည့်သလား/ခေါ်ပြောသလား။
-ရန်ဖြစ်ထားတဲ့/မတည့်တဲ့ အိမ်နီးချင်းတွေရော ရှိသလား။ ဘယ်သူတွေလဲ။
-အဲဒီ အိမ်နီးချင်းတွေနဲ့ ဘာဖြစ်လို့ ရန်ဖြစ်တာလဲ/ဘာဖြစ်လို့ မတည့်တာလဲ။
-အိမ်နီးချင်းတွေနဲ့ ချစ်ချစ်ခင်ခင် သင့်မြတ်အောင် နေထိုင်သင့်သလား။
-အိမ်နီးချင်းတွေနဲ့ မတည့်ကြဘူး၊ မခင်ကြဘူးဆိုရင် ဘာဆိုးကျိုးတွေ (မကောင်းတာ တွေ ဖြစ်နိုင်သလဲ။
-အိမ်နီးချင်းတွေနဲ့ တည့်ကြတယ်၊ ခင်ကြတယ်ဆိုရင် ဘာကောင်းကျိုးတွေ (ကောင်း တာတွေ) ဖြစ်နိုင်သလဲ။

֍ကလေးအားလုံး ပါဝင်ဖြေဆိုအောင် ဆရာက တိုက်တွန်းပေးပါ။

֍ကလေးများဖြေဆိုသော အဖြေအားလုံးကို ဆရာက လက်ခံထားပေးပါ။

֍နောက်ဆုံးတွင် “ဆရာတို့၊ သားတို့၊ သမီးတို့ဟာ ကိုယ့်မိသားစု၊ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ချစ်ခင်သင့်မြတ်စွာ နေထိုင်ကြသလို ကိုယ့်ရဲ့ အိမ်နီးချင်းတွေနဲ့လည်း သင့်မြတ် အောင်နေကြရမယ်။ အိမ်နီးချင်းတွေ သင့်မြတ်တော့ ရပ်ရွာအကျိုးတွေ ဆောင်ရွက်တဲ့ အခါမှာ အဆင်ပြေတာပေါ့။ ကိုယ့်ရဲ့ ရပ်ရွာလည်း စည်ပင်သာယာတာပေါ့ (ဖွံ့ဖြိုးတိုး တက်တာပေါ့)” စသည်ဖြင့် ပြောပြပေးပြီး ဆရာက စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စိတ်ထားမကောင်းသော တံငါသည် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 2]

֍ဆရာက “ကိုယ့်ရဲ့အိမ်နီးချင်းတွေကို မကောင်းကြံပြီး အိမ်နီးချင်းတွေနဲ့ သင့်မြတ်အောင် မနေလို့ ဒုက္ခရောက်ရတဲ့သူတစ်ယောက် အကြောင်းကို သားတို့၊ သမီးတို့ကိုယ်တိုင် ဖတ် ကြရမယ်၊ ပြီးရင် .. ကိုယ်နားလည်သလို . ပြန်ပြောပြရမယ်” စသည်ဖြင့် . နိဒါန်းပျိုးကာ အောက်ပါ စိတ်ထားမကောင်းသော တံငါသည် ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ် ရှုကြပါစေ။

֍ကလေး (၂/၃) ဦးခန့်က နားလည်သလို ပြောပြကြပါစေ။

֍လိုအပ်လျှင် ဆရာက အောက်ပါဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ထပ်မံပြောပြပါ။

စိတ်ထားမကောင်းသောတံငါသည်

ဟိုးတုန်းက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ပြီး .. အသက်မွေးကြတဲ့ တံငါရွာလေးတစ်ရွာ ရှိတယ်။ အဲဒီရွာက တံငါသည်အချင်းချင်းဟာ ချစ်ချစ်ခင်ခင်နေထိုင်ကြပြီး တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းကြတယ်။ သူတို့ဖမ်းရလာတဲ့ ငါး၊ ပုစွန်တွေကိုလည်း ကိုယ့်ရဲ့ အိမ်နီးချင်းတွေကို ခွဲဝေပေးလေ့ရှိကြတယ်။ ဒါပေမဲ့ တံငါသည်တစ်ယောက်ကတော့ သူ့ရဲ့အိမ်နီးချင်းတွေကို မချစ်ခင်ဘူး။ အိမ်နီးချင်းတွေနဲ့ တည့်အောင်မနေဘူး။ သူရလာတဲ့ ငါး၊ ပုစွန်တွေကိုလည်း အိမ်နီးချင်းတွေကို ခွဲဝေပေးရမှာကြောက်လို့ “ဒီနေ့တော့ ကျွန်တော်တို့မိသားစု စားလောက်ရုံ ပဲ ငါးရလာတာမို့ ခွဲမပေးနိုင်တော့ဘူးဗျာဆိုပြီး အကြောင်းအမျိုးမျိုးပြ၍ ပြောဆိုလေ့ရှိတယ်။

တစ်နေ့မှာ အဲဒီတံငါသည်ဟာ သူ့သားငယ်ကိုခေါ်ပြီး ငါးမျှားထွက်လာတယ်။ တံငါ သည်ဟာ သားငယ်နဲ့အတူ အချိန်အတော်ကြာ ငါးမျှားနေပေမဲ့ ငါးတစ်ကောင်မှမရဘူး ဖြစ်နေ တယ်။ သူတို့သားအဖလည်း စိတ်ညစ်ညစ်နဲ့ပဲ ဆက်ရှားနေကြတယ်။ အဲဒီအချိန်မှာ သူပစ်ချ လိုက်တဲ့ ငါးမျှားချိတ်ဟာ ရေအောက်က တစ်ခုခုနဲ့ ချိတ်မိသွားတယ်။ တံငါသည်က ငါးမျှားတံ ကို ဆွဲမတင်နိုင်ဘူး ဖြစ်နေတော့ သားငယ်က ဝိုင်းကူဆွဲပေးရင်း “အဖေရေ ... သားတို့တော့ ငါးအကြီးကြီး မိပြီ”လို့ ပြောလိုက်တယ်။

သားငယ်က အဲဒီလိုပြောလိုက်ချိန်မှာ တံငါသည်ဟာ “ဒီငါးကြီးကို ငါတို့မိသားစုပဲ ရ ချင်တယ်။ အိမ်နီးချင်းတွေကို ဝေမပေးချင်ဘူး။ အိမ်နီးချင်းတွေကို မပေးရအောင် ဘာလုပ်ရ မလဲ”လို့ အကြံထုတ်နေတယ်။ နောက်ဆုံးတော့ “ငါတို့သာ အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်ထားရင် အခု ရထားတဲ့ငါးကြီးကို ခွဲဝေပေးဖို့ မလိုတော့ဘူး၊ ဒါကြောင့် အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်အောင် လုပ်ရမယ်လို့ တွေးမိသွားတယ်။

ဒါနဲ့ သားငယ်ကို အမေ့ဆီ ချက်ချင်းလွှတ်ပြီး အိမ်နီးချင်းတွေနဲ့ရန်ဖြစ်ဖို့ စေခိုင်းလိုက် တယ်။ သားငယ်ကလည်း အဖေ့စကားကို နားထောင်ပြီး အမေ့ဆီကို ပြေးသွားတယ်။ တံငါ သည်ရဲ့ မိန်းမကလည်း ယောက်ျားစေခိုင်းတဲ့အတိုင်း အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်အောင် ပြုလုပ်တယ်။

တံငါသည်ဟာ ငါးမျှားတံကို အားနဲ့ဆွဲတင်နေရင်း ငါးမျှားတံ ပြတ်သွားပြီး ငါးကြီး လွတ်သွားမှာကို စိုးရိမ်မိသွားတယ်။ ဒါကြောင့် အင်္ကျီကို ကုန်းပေါ်မှာ ချွတ်ထားခဲ့ပြီး ရေထဲကို ငါးဆင်းဖမ်းတယ်။ ငါးဆင်းဖမ်းရင်း မျက်စိကို သစ်ငုတ်နဲ့ထိုးမိတယ်။ ဒီတော့မှ ငါးမျှားချိတ်မှာ မိနေတာ ငါးကြီးမဟုတ်ဘဲ သစ်ငုတ်ကြီး ဖြစ်နေတာကို သိသွားတယ်။ စိတ်ညစ်ပြီး ကုန်းပေါ် ကို ပြန်တက်လာချိန်မှာ သူ့အင်္ကျီ မရှိတော့ဘူး။ သူခိုးက ခိုးသွားတယ်။ ငါးမရတဲ့အပြင် အင်္ကျီ လည်းဆုံး၊ မျက်စိလည်း နာလာတော့ တံငါသည်ဟာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တဲ့အချိန်မှာ သူ့မိန်းမက အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်ထားတော့ အိမ်နီး ချင်းတွေကလည်း သူတို့ကို အခေါ်အပြော မလုပ်ကြတော့ဘူး။ ငါးတွေကိုလည်း ဝေမျှမပေး ကြတော့ဘူး။ ဒီတော့မှ တံငါသည်ဟာအိမ်နီးချင်းတွေနဲ့ ချစ်ချစ်ခင်ခင်မနေဘဲ အိမ်နီးချင်း တွေအပေါ် မကောင်းကြံခဲ့မိတာကို နောင်တရနေမိပါတော့တယ်။ နောင်ကို အိမ်နီးချင်းတွေနဲ့ ချစ်ချစ်ခင်ခင် ပြန်နေဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။

မှီငြမ်း ။ ။ ဥဘတောဘဋ္ဌဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၅၂၁။ ဇာ၊ ဋ္ဌ၊ ၁၊ ၅ဝ၈။

֍အောက်ပါမေးခွန်းများ မေးပါ။

-တံငါသည်အချင်းချင်းဟာ ဘယ်လို နေထိုင်ကြသလဲ။
-တံငါသည် သားအဖဟာ ငါးမျှားထွက်လာပေမဲ့ ငါးရသလား။
-ငါးကြီးကို မိပြီလို့ ထင်တော့ တံငါသည်က ဘယ်လို တွေးမိသွားလဲ။
-ဒါကြောင့် သူဘာလုပ်သလဲ။
-တံငါသည်ဟာ ငါးကြီးကို ရသလား။
-ငါးကြီးကို မရတဲ့အပြင် သူ ဘာတွေ ဆုံးရှုံးသွားသလဲ။
-အဲဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရတာ ဘာကြောင့်လဲ။
-အကယ်၍ သူသာ အိမ်နီးချင်းတွေနဲ့ သင့်မြတ်အောင် နေခဲ့မယ်ဆိုရင် အဆိုးထဲက အကောင်းအနေနဲ့ ဘာတွေ ရရှိနိုင်သေးလဲ။

[သတိပြုရန် 3]

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်ကြီးများနှင့် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့၍ စာရွက်ကြီးများ ဝေထားပါ။

[သတိပြုရန် 4]

֍“အိမ်နီးချင်းတွေနဲ့ ချစ်ချစ်ခင်ခင်ဖြစ်ဖို့ သားတို့၊ သမီးတို့အနေနဲ့ (၁) ဘာတွေလုပ်ဆောင် သင့်သလဲ/ဘာတွေလုပ်ဆောင်ရမလဲ။ (၂) အိမ်နီးချင်းတွေကိုရော ကိုယ့်အပေါ် ဘယ်လို ဆက်ဆံစေချင်သလဲ”ဟု မေးကာ အုပ်စုလိုက် ဆွေးနွေးကြပါစေ။

֍ဆွေးနွေးပြီးလျှင် အထက်ပါ မေးခွန်းတစ်ခုစီအတွက် အချက် (၅) ချက်စီကို ချရေးထား ကြပါစေ။

֍ရေးထားသည်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြောပြကြပါစေ။

֍ကလေးများ တင်ပြသွားသောအချက်များကို ဆရာက မှတ်သားထားပြီး လိုအပ်သလို အနှစ်ချုပ် ပြောပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ်များ၊ စာရွက်ပိုင်းများ။

စကားလက်ဆင့်ကမ်း ကစားနည်း

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အုပ်စု (၃/၄) စု ဖွဲ့ကာ အုပ်စုများအားလုံး တစ်ပြိုင်တည်း ဆော့ကစား ကြပါစေ။

֍အုပ်စုအသီးသီးကို အတန်းလိုက် ရှေ့နောက် တန်းစီထားပါ။

֍ဆရာက စာသင်ချိန် (၃) ၌ အုပ်စုတစ်စုဆီရေးထားသော အချက် (၁၀) ခုထဲမှ အသင့် တော်ဆုံး အချက်နှစ်ချက်ကို (မေးခွန်း ၁ ထဲမှ တစ်ချက်၊ မေးခွန်း ၂ မှ တစ်ချက်) ရွေးချယ်ပြီး ကြိုတင်မဲလိပ် ပြုလုပ်ထားပါ။

֍တန်းစီထားသောအတန်း၏ နောက်ဆုံးလူမှ မဲတစ်လိပ်နှိုက်ကာ စကားလက်ဆင့်ကမ်း ပြုလုပ်သွားပါစေ။

֍စကားလက်ဆင့်ကမ်း ပြုလုပ်ရာတွင် မိမိ၏ရှေ့လူတစ်ဦးတည်းသာ ကြားအောင် တိုးတိုး လေး ပြောရမည်။ အခြားလူများ မကြားစေဘဲ တစ်ကြိမ်တည်းသာ ပြောဆိုရမည် ဖြစ် သည်။

֍ဤသို့ စကားလက်ဆင့်ကမ်း အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် အတန်း၏ရှေ့ဆုံးလူမှ မိမိ ကြားသော အကြောင်းအရာကို သင်ပုန်းပေါ်တွင် ချရေးပါစေ။

֍ဆရာက မဲလိပ်ပါ အကြောင်းအရာနှင့် သင်ပုန်းပေါ်တွင် ရေးထားသောအကြောင်းအရာ တို့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပေးပါ။

֍မှန်ကန်ကိုက်ညီမှုရှိသော အုပ်စုအား လက်ခုပ်တီးကာ ချီးကျူးပေးပါ။

  1. ကလေးများအားလုံး လွတ်လပ်စွာ ဖြေဆို ကြပါစေ။
  2. ကလေးများ နားလည်ရန် ခက်ခဲသော စကားလုံးများကို ဆရာက ကြိုတင် ရှင်းပြပေးထားပါ။
  3. ကလေးများ စဉ်းစား ကာ လွတ်လပ်စွာ ဖြေဆိုကြပါစေ။
  4. ဆွေးနွေးရမည့် အကြောင်းအရာများကို ဆရာက သင်ပုန်းပေါ်တွင် ရေးပြထားပါ။