ချစ်ချစ်ခင်ခင်နေကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၀။ ချစ်ချစ်ခင်ခင်နေကြမယ်
326945ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၀။ ချစ်ချစ်ခင်ခင်နေကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

ချစ်ချစ်ခင်ခင် နေကြမယ်[edit]

စိတ်ထားမကောင်းသော တံငါသည်

ရှေးအခါက ငါးဖမ်းပြီး အသက်မွေးသူများ နေထိုင်ကြသော တံငါရွာလေးတစ်ရွာ ရှိသည်။ ထိုရွာ လေးတွင် တံငါသည်များသည် ချစ်ချစ်ခင်ခင် နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြသည်။ ဖမ်းမိလာသော ငါး၊ ပုစွန်များကို အိမ်နီးချင်းများအား ခွဲဝေပေးလေ့ရှိကြသည်။ သို့သော် ထိုရွာတွင် စိတ်ထားမကောင်းသော တံငါသည်တစ်ယောက်လည်း ရှိလေသည်။ သူသည် အိမ်နီးချင်းများအား သူ ရလာသော ငါး၊ ပုစွန်များကို ခွဲဝေပေးလိုစိတ် မရှိပေ။

တစ်နေ့သောအခါ ထိုတံငါသည်သည် သားငယ်ကို ခေါ်၍ ငါးမျှားထွက်ခဲ့သည်။ အချိန်အတော် ကြာသည်အထိ ငါးတစ်ကောင်မျှ မရသေး၍ စိတ်ညစ်နေသည်။ ထိုအချိန်တွင် သူချထားသော ငါးမျှား ချိတ်သည် ရေအောက်မှ တစ်စုံတစ်ခုနှင့် ချိတ်မိသွားသည်။ သားအဖနှစ်ယောက်သည် ငါးကြီးတစ်ကောင် မိပြီဟု ထင်မှတ်လိုက်ကြသည်။ ထို့ကြောင့် “ဒီငါးကြီးကို ငါတို့မိသားစုပဲ စားချင်တယ်၊ အိမ်နီးချင်းတွေကို ခွဲမပေးချင်ဘူး၊ ဒါကြောင့် အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်ထားရင် ကောင်းမယ်”ဟု ပြောပြီး သားငယ်ကို မိခင်ထံ ချက်ချင်းလွှတ်လိုက်သည်။ ဇနီးသည် ခင်ပွန်းမှာလိုက်သည့်အတိုင်း အိမ်နီးချင်းများနှင့် ရန်ဖြစ်ထားသည်။

တံငါသည်သည် ငါးဖမ်းရန် ရေထဲဆင်းခဲ့ရာ မျက်လုံးကို သစ်ငုတ်ဖြင့် ထိုးမိလေသည်။ ငါးမျှား ချိတ်သည် သူတို့ ထင်ထားသကဲ့သို့ ငါးကြီးကို ချိတ်မိနေခြင်းမဟုတ်ဘဲ သစ်ငုတ်၌ ချိတ်မိနေခြင်းသာ ဖြစ်သည်။ တံငါသည် အိမ်ပြန်ရောက်ချိန်တွင် စိတ်ထားမကောင်းသော သူတို့မိသားစုကို အိမ်နီးချင်းများက အခေါ်အပြော မလုပ်ကြတော့ဘဲ ပစ်ပယ်ထားကြသည်။ ထိုအခါ တံငါသည်သည် အိမ်နီးချင်းများအပေါ် မကောင်းသည့်စိတ်ထား မွေးမိသည်ကို နောင်တရမိလေသည်။ နောင်တွင် အိမ်နီးချင်းများနှင့် ချစ်ချစ်ခင်ခင် နေထိုင်သွားမည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။