စည်းလုံးခြင်းသည်အင်အား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၁။ စည်းလုံးခြင်းသည်အင်အား (ကျောင်းသားကိုင်သို့)
339364ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၁။ စည်းလုံးခြင်းသည်အင်အား (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

စည်းလုံးခြင်းသည်အင်အား

သင်ယူမှုဦးတည်ချက် ။ ။ စည်းလုံးခြင်းကြောင့်ရရှိလာသောအကျိုးကို သိရှိလာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စု (၃) စုဖွဲ့၍ “ရွှေစွန်ညို” ကစားနည်းကို ကစားကြပါစေ။

[သတိပြုရန် 1]

֍အုပ်စုတစ်စု ကစားနေချိန်တွင် ကျန်အုပ်စုနှစ်စုက ကြည့်၍အားပေးနေကြပါစေ။

֍အုပ်စု (၃) စုလုံး ကစားပြီးပါက “သားတို့၊ သမီးတို့ ကစားရတာ ပျော်ကြလား”ဟု မေး၍ အောက်ပါမေးခွန်းများကို ဆက်မေးပါ။

-အခု သားတို့၊ သမီးတို့ကစားတာ ဘာကစားနည်းလဲ။
-အဲဒီကစားနည်းက တစ်ယောက်တည်းကစားလို့ရလား။ ဘာဖြစ်လို့လဲ။
-ရွှေစွန်ညိုကြီးက မထွေးလေးကို ဘာကြောင့် ဖမ်းမိတာလဲ။ (ကလေးများ ဖြေတတ် သလို ဖြေကြပါစေ။)
-ရွှေစွန်ညိုကြီးက မထွေးလေးကို ဘာကြောင့် မဖမ်းမိတာလဲ။ (“ညီညွတ်လို့ဟူသော အဖြေရသည်အထိ မေးပါ။)
-ကလေးတို့ အခုကစားနည်းမှာ ရွှေစွန်ညိုကြီးကို အနိုင်ရချင်ရင် ဘာလိုတယ်လို့ထင်သလဲ။

֍ကလေးများဆီမှ “စည်းလုံးညီညွတ်ဖို့လိုတယ်” ဟူသောအဖြေကို ရရှိပါက ဟုတ်ပြီ၊ ဒါဆိုရင် ဆရာက နောက်တစ်ချိန်မှာ စည်းလုံးညီညွတ်မှုနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်ဟု ဆိုကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စည်းလုံးခြင်းသည် အင်အား ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ စည်းလုံးခြင်းသည် အင်အား ဇာတ်လမ်းကို ကလေးများစိတ်ဝင်စားဖွယ်ဖြစ် အောင် ဟန်ပန်အမူအရာဖြင့် ပြောပါ။

စည်းလုံးခြင်းသည် အင်အား

ဟိုးရှေးအခါတုန်းက ခွန်အားဗလနဲ့ ပြည့်စုံပြီး ‘အားမာန်' လို့ခေါ်တဲ့ ဝက်ကလေး တစ်ကောင်ဟာ ဘေးရန်ကင်းအောင် လူတွေနဲ့ဝေးရာ တောထဲကို ထွက်လာခဲ့ပါတယ်။

အားမာန်ဟာ တစ်ကောင်တည်း လျှောက်လာရင်း တောင်ကြားတစ်ခုကို ရောက် သွားတယ်။ တောင်ကြားထဲမှာ စားသောက်စရာတွေ ပေါများတာကြောင့် တောထဲက ဝက် တွေဟာ အုပ်စုဖွဲ့ပြီး ပျော်မွေ့စွာ နေထိုင်စားသောက်ကြတယ်။ အားမာန်ဟာ တောထဲက ဝက်တွေနဲ့ တောင်ကြားထဲမှာ တွေ ့ဆုံတဲ့အခါ ဝက်တွေရဲ့ အမူအရာမှာ တစ်စုံတစ်ခုကို ကြောက်လန့်နေပုံဖြစ်နေတာ သတိထားမိတယ်။ ဒါကြောင့် အားမာန်က “သင်တို့ ဘာဖြစ်လို့ ကြောက်လန့်နေတဲ့ပုံ ဖြစ်နေကြတာလဲ၊ ဘာကို ကြောက်လန့်နေကြတာလဲလို့ မေးလိုက်ပါ တယ်။ “အလွန်ဆိုးဝါးတဲ့ ကျားတစ်ကောင်ဟာ နေ့စဉ်နေ့တိုင်း ရောက်လာပြီး ဝက်တစ်ကောင် ကို ကိုက်ချီစားသောက်နေပါတယ်၊ ဒါကြောင့် ဝက်တွေအားလုံး စိုးရိမ်ကြောက်လန့်နေကြ တာပါ”လို့ ပြန်ဖြေလိုက်ကြတယ်။

အဲဒီအခါ ဝက်ကလေး အားမာန်က “အဲဒီကျားကို သင်တို့ ပြန်လည်ခုခံပြီး မတိုက် ခိုက်ကြဘူးလား”လို့ မေးတော့ ဝက်တွေက “မဖြစ်နိုင်တာ အားမာန်ရယ်၊ ကျားကို ကျွန်ုပ်တို့ ဝက်တွေက ဘယ်လိုလုပ် ပြန်ကိုက်လို့ရပါ့မလဲ”လို့ ပြန်ဖြေကြတယ်။ အဲဒီအခါ အားမာန်က “ဝက်တွေက အများကြီးဖြစ်တယ်၊ ကျားဆိုးက တစ်ကောင်တည်း၊ အားလုံးစုပေါင်းပြီး တိုက် ခိုက်လျှင် ကျားဆိုးကြီးကို အနိုင်ရနိုင်ပါတယ်”လို့ ပြောပြီး ကျားဆိုးကို တိုက်ခိုက်ဖို့ စီစဉ်ပါ တော့တယ်။

အားမာန်ဟာ ညအခါမှာ အစာရေစာတွေ ရှာဖွေပြီး စားသောက်ထားစေတယ်။ အဲဒီ နောက် ရွေးထားတဲ့မြေနေရာမှာ ဝက်အုပ်ကြီးကို စုဝေးစေပြီး စက်ဝိုင်းပုံစံ အထပ်ထပ် ဝိုင်းဖွဲ့ စေတယ်။ အားမာန်ကိုယ်တိုင်က ကျားဆိုးလာတတ်တဲ့နေရာမှာ တွင်းတစ်ခုကို တူးတယ်။ ဝက်အုပ်နဲ့ အဲဒီတွင်းရဲ့ကြားမှာ အထက်တွင်းနှုတ်ခမ်းက ကျဉ်းကျဉ်း၊ အောက်မှာ လိုဏ် သဖွယ်ဖြစ်နေတဲ့ တွင်းရှည်ကြီးတစ်ခုကိုလည်း တူးပြန်တယ်။ ဒီလိုနဲ့ နံနက်ခင်းကို ရောက်လာ ခဲ့တယ်။ မိုးလင်းတာနဲ့ စားနေကျကျားဆိုးကြီးဟာ ဝက်တွေနေတဲ့ တောင်ကြားကို ရောက် လာတယ်။ ဝက်တွေဟာ အားမာန်ပြောထားတဲ့ အစီအစဉ်အတိုင်း ညီညီညွတ်ညွတ် စုပေါင်း နေကြတယ်။

တောင်ကြားထဲကို ကျားဆိုးကြီး ရောက်လာတာနဲ့ အားမာန်က ဝက်တွေကို မကြောက်လန့်ကြဖို့ နှိုးဆော်ပေးလိုက်တယ်။ ဝက်တွေကလည်း လုံးဝမတုန်လှုပ်တဲ့ပုံစံနဲ့ ကျား ကြီးကို ဝိုင်းပြီးစိုက်ကြည့်နေကြတယ်။ အားမာန်က ဝက်အုပ်ကြီးရဲ့အလယ်၊ တွင်းနှစ်ခုကြား မှာ ဆောင့်ကြောင့်ထိုင်ပြီး ကျားဆိုးကြီးကို စိုက်ကြည့်နေလိုက်တယ်။ ကျားဆိုးကြီးဟာ ဝက် တွေကိုကြည့်ပြီး အံ့ဩနေတယ်။ “အခါတိုင်းဆိုရင် ဝက်တွေဟာ ငါ့ကိုမြင်တာနဲ့ ခြေဦးတည့် ရာ ထွက်ပြေးသွားကြတယ်။ သူတို့ ပြေးထွက်တာနဲ့ နီးစပ်ရာ ဝက်တစ်ကောင်ကို ကိုက်ချီပြီး စားပစ်လိုက်ရုံပဲ။ ဒီနေ့တော့ ဝက်တွေက ထူးဆန်းနေလိုက်တာ”လို့ တွေးပြီး မြေပြင်မှာ ဝပ်ချ လိုက်တယ်။ ဝက်တွေကလည်း ကျားဆိုးကြီးလို မြေပြင်မှာ ဝပ်ချလိုက်ကြတယ်။ ဝက်တွေရဲ့ ထူးဆန်းတဲ့ အခြေအနေကြောင့် ကျားဆိုးကြီးဟာ ရှေ့ကို ဆက်မတိုးတော့ဘဲ ပြန်လာခဲ့ တယ်။

တောထဲရောက်တဲ့အခါ ကျားဆိုးကြီးရဲ့ စားကြွင်းစားကျန်တွေကို စားနေကျ မြေခွေး က “ခါတိုင်း ဝက်တစ်ကောင်တစ်ကောင် နေ့တိုင်း စားနေကျဖြစ်ပြီး ဒီနေ့တော့ ဘာမှမပါလာ ပါလား၊ ကျားဖြစ်ပြီး ဝက်ကို မနိုင်တာ ရှက်စရာကောင်းလိုက်တာ”လို့ လှောင်ပြောင်လိုက်ပါ တယ်။ “မဟုတ်ဘူး မြေခွေးရဲ့ ၊ ဝက်တွေဟာ ဒီနေ့ ပုံစံတစ်မျိုး ဖြစ်နေတယ်။ ငါ့ကို ကြောက် လန့်ပုံ မပေါ်ဘူး”လို့ ပြန်ပြောတော့ မြေခွေးက “သင် တစ်ချက်လောက် ဟိန်းဟောက်လိုက် ရင် ဝက်တွေအားလုံး ကြောက်လန့်ပြီး ပြေးကြမှာပါဗျာ”လို့ မြှောက်ပေးလိုက်တယ်။ ဒါနဲ့ ကျား ဆိုးကြီးဟာ နောက်တစ်ကြိမ် တောင်ကြားကို ပြန်ရောက်လာတယ်။ ဝက်တွေအားလုံးဟာ အရင်ကလို စည်းလုံးညီညွတ်စွာနဲ့ ရှိနေကြဆဲဖြစ်ပါတယ်။

ကျားဆိုးကြီးဟာ ဝက်တွေကိုမြင်တာနဲ့ မြေပြင်ကို အမြီးနဲ့ တဗုန်းဗုန်းရိုက်တယ်။ သွားတွေကို စေ့စေ့ကြိတ်ပြီး မြေကြီးကို ဒေါသတကြီးနဲ့ ကုတ်ဖဲ့ပါတယ်။ အဲဒီနောက် “ဝေါင်း” ခနဲ ဟိန်းဟောက်လိုက်ပြီး ဝက်ကလေးအားမာန်ကို အားနဲ့ခုန်အုပ်လိုက်ပါတယ်။ ဘေးကဝက် တွေအားလုံးက စိုးရိမ်သွားကြတယ်။ ဒါပေမဲ့ အားမာန်ဟာ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း သူ့ရှေ့က တွင်းထဲကို အလျင်အမြန် ပြေးဆင်းလိုက်ပြီး တွင်းထဲမှာ ပြားပြားဝပ်လိုက်တယ်။ ကျားဆိုးကြီးဟာ အရှိန်နဲ့ ပြေးခုန်လိုက်တာကြောင့် အရံသင့်တူးထားတဲ့ တွင်းရှည်ကြီးထဲကို ကျသွားခဲ့တယ်။ အရှိန်အဟုန်နဲ့ ပြေးဝင်ပြီး ခုန်အုပ်လိုက်တာကြောင့် တွင်းဝ ခပ်ကျဉ်းကျဉ်းထဲ ကို ပက်လက်လန်ကျသွားတော့ ကျားဆိုးကြီးဟာ တွင်းထဲမှာ ယက်ကန်ယက်ကန်နဲ့ မလှုပ်နိုင် အောင် ဖြစ်သွားပါတော့တယ်။

အားမာန်ဟာ တွင်းထဲကနေ အလျင်အမြန် ခုန်ထွက်လိုက်တယ်။ အဲဒီနောက်မှာ လှံ သွားလို ချွန်ထက်တဲ့ အစွယ်ကောက်ကြီးနဲ့ ကျားဆိုးကြီးကို ပေါင်ကနေ ရင်ဝအထိ ထိုးခွဲ လိုက်ပါတယ်။ ကျန်တဲ့ဝက်တွေကလည်း ကျားဆိုးကြီးကို ဝိုင်းကိုက်ကြတယ်။ အဲဒီနေ့ကစပြီး စည်းလုံးညီညွတ်တဲ့ ဝက်တွေအုပ်စုကို ဘယ်ရန်သူကမှ အန္တရာယ် မပေးရဲကြတော့ဘူး။ ဝက် တွေအားလုံးဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ သာယာလှပတဲ့ တောင်ကြားထဲမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပါတော့တယ်။

မှီငြမ်း ။ ။ ဝဍ္ဎကီသူကရဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ဒုတိယတွဲ။ ၅၈၁။ ဇာ၊ ဋ္ဌ၊ ၂၊ ၃၆၂။

֍ဇာတ်လမ်းနားထောင်ပြီးပါက အောက်ပါမေးခွန်းများကိုမေးပါ။

[သတိပြုရန် 2]

-ဝက်တွေရဲ့ ရန်သူက ဘယ်သူလဲ။
-အားမာန်ဟာ ကျားဆိုးကြီးရဲ့ ရန်က ကာကွယ်နိုင်အောင် ဘာတွေလုပ်သလဲ။
-ကျားဆိုးကြီးကို အနိုင်ရတာဟာ ဘာဖြစ်လို့လဲ။
-ဝက်တွေစည်းလုံးညီညွတ်တာကို ကျားဆိုးကြီးက ကြောက်လား၊ မကြောက်ဘူးလား။
-ဒီဇာတ်လမ်းကိုဖတ်ပြီး ဘာသင်ခန်းစာတွေ/အသိတွေ ရလိုက်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စည်းလုံးခြင်းသည် အင်အား ဇာတ်လမ်းပါသရုပ်ဖော်ပုံများ၊ ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းပါသရုပ်ဖော်ပုံ အရေအတွက်အရ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ ပြီး တစ်အုပ်စုကို ဆေးရောင်ခြယ်ရန် သရုပ်ဖော်ပုံတစ်ပုံစီ ဝေပေးပါ။ အုပ်စုတစ်စုချင်းစီက မိမိရရှိထားသောရုပ်ပုံကို စိတ်ကြိုက် ဆေးရောင်ခြယ်ပြီးလျှင် ရုပ်ပုံပါ အကြောင်းအရာကို နားလည်သလို ရှင်းပြကြပါစေ။

֍အုပ်စုအားလုံးပါဝင်ပြီးပါက ရုပ်ပုံများကို လဲလှယ်ပြီး ကြည့်ကြပါစေ။

ပြီးလျှင် အထက်ပါနည်းအတိုင်း မိမိရရှိထားသော ရုပ်ပုံအကြောင်းကို ရှင်းပြကြပါစေ။ ဤနည်းဖြင့် ရုပ်ပုံအားလုံးကို လှည့်လည်ကြည့်ရှုကြပါစေ။ (အချိန်ပေါ်မူတည်၍) ပြီးနောက် အုပ်စုတစ်စုချင်းကို မိမိတို့ကြည့်လိုက်ရသော ရုပ်ပုံများအကြောင်းကို နားလည် သလို ရှင်းပြကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု ဆရာတို့ ခန္ဓာကိုယ်မှာ စည်းလုံးညီညွတ်မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့အရာ ရှိတယ်။ အဲဒါဘာလဲ သိကြလား”ဟု မေးပါ။

[သတိပြုရန် 3]

ပြီးနောက် “ထမင်းစားရင် လက်ကယူပြီး ပါးစပ်ထဲထည့်၊ သွားက ဝါး၊ လျှာနဲ့လိပ်ပြီး မျိုချ ကြတယ် မဟုတ်လား”ဟု ပြော၍ ထမင်းစားဖို့အတွက် အဲဒီအရာတွေ အကုန်လုံးက စည်း လုံးညီညွတ်မှ ဖြစ်နိုင်ကြောင်း စသည်ဖြင့် ပြောပါ။

֍“ကဲ ဆရာတို့ စည်းစည်းလုံးလုံးနဲ့ပဲ ဆွေးနွေးတိုင်ပင်သွားကြရအောင်”ဟု ပြော၍ စာသင် ချိန်ကို စတင်ပါ။

֍“အခု ဆရာတို့ ဒီကျောင်းကြီးကို ဒီထက်ပိုပြီး လှပသွားအောင် သန့်ရှင်းရေးလုပ်ပြီး အလှ ဆင်ကြမယ်ဆိုရင် ဘယ်ကစပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ့်အုပ်စုနဲ့ကိုယ် စဉ်းစားပြီး သူငယ်ချင်းတွေကို ပြန်လည်ဝေမျှပေးကြမယ်ဟု ပြော၍ ကလေးများက ချရေးကြပါစေ။

֍ကလေးများ ချရေးထားသော အချက်များကို ... အုပ်စုကိုယ်စားလှယ်တစ်ယောက်က အားလုံးကြားအောင် ရှေ့သို့ထွက်၍ ဖတ်ပြကြပါစေ။

֍အုပ်စုတစ်စုပြောပြီးတိုင်း လက်ခုပ်တီး၍ အားပေးပါ။

֍အုပ်စုအားလုံးပါဝင်ပြီးပါက “အခု သားတို့၊ သမီးတို့ တိုင်ပင်ထားတာတွေက အလွန် ကောင်းပါတယ်။ အခုလို ပြည့်ပြည့် စုံစုံပြောနိုင်တာက စည်းစည်းလုံးလုံးနဲ့ တိုင်ပင်ဆွေး နွေးကြလို့ပဲ။ အဲဒါကြောင့် သားတို့၊ သမီးတို့ စုပေါင်းလုပ်ရမယ့်ကိစ္စတွေမှာ အခုလိုပဲ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်သွားကြရမယ်နော်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကစားချိန်ကို သင့်လျော်သလို ဆရာက သတ်မှတ်ပါ။
  2. ကလေးများ၏ အဖြေအားလုံးကို လက်ခံထားပါ။
  3. ကလေးများ ဖြေတတ် သလို ဖြေကြပါစေ။