ကျိုက်ထီးရိုးဘုရား သွားကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၂။ ကျိုက်ထီးရိုးဘုရား သွားကြမယ်(ကျောင်းသားကိုင်သို့)
348320ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၂။ ကျိုက်ထီးရိုးဘုရား သွားကြမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

သင်ခန်းစာခေါင်းစဉ်။ ။ ကျိုက်ထီးရိုးဘုရား သွားကြမယ်

သင်ယူမှုဦးတည်ချက်။ ။ ကျိုက်ထီးရိုးဘုရားအကြောင်းနှင့် ထူးခြားချက်များကို လေ့လာသိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့၍ အုပ်စုတိုင်းအား စာရွက်များ ဝေပေးပါ။

֍ အုပ်စုအသီးသီးက၎င်းတို့ သိထား၊ ကြားထားဖူးသော ဘုရားစေတီများ၏ အမည်များ၊ ဘယ်အချိန်က ဘယ်သူ တည်ခဲ့သလဲ စသည်ဖြင့် ဘုရားသမိုင်းများကို ဆွေးနွေးတိုင်ပင်ပြီး ချရေးကြပါစေ။

֍ ရေးပြီးသောအခါ အုပ်စုကိုယ်စားလှယ် အသီးသီးက ၎င်းတို့ရေးထားသော ဘုရားစေတီများ အကြောင်းကို အကျဉ်းချုပ် ပြောပြကြပါစေ။

֍ ကလေးများ၏ တင်ပြချက်များကို ဆရာက မှတ်သားထားပြီး လိုအပ်သလို အနှစ်ချုပ် ပြောပြပြီးနောက် “နောက် တစ်ချိန်မှာ ဆရာက သားတို့သမီးတို့ကို ကျိုက်ထီးရိုးဘုရားအကြောင်း လေ့လာကြမယ်”ဟု ဆိုကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၃) စု ဖွဲ့ပါ။

֍ အုပ်စုအသီးသီးက တစ်အုပ်စုလျှင် ကိုယ်စားလှယ်သုံးဦးကို မိမိတို့စိတ်ကြိုက် ရွေးချယ်ကြစေကာ တစ်ဦးက နောက်ခံစကားပြောသူ၊ နောက်တစ်ဦးက ဘိုးဘိုး၊ နောက်ဆုံးတစ်ဦးက မြေးမလေးချောစုအဖြစ် “ကျိုက်ထီးရိုး ဘုရား သွားကြမယ်” ဇာတ်လမ်းကို အသံနေအသံထားဖြင့် ဖတ်ပြရမည်ဖြစ်ကြောင်း ဦးစွာပြောပါ။ (စာဖတ်ပြီးပါ က မေးခွန်းတစ်ခုစီကို ဖြေဆိုရမည်ဖြစ်ကြောင်းလည်း ကလေးအားလုံးကို သိပါစေ။)

֍ ထို့နောက် အုပ်စုအသီးသီး၏ အုပ်စုကိုယ်စားလှယ် သုံးဦးက ကျိုက်ထီးရိုးဘုရားအကြောင်းကို အသံနေအသံ ထားဖြင့် အလှည့်ကျ ဖတ်ပြကြပါစေ။

ကျိုက်ထီးရိုးဘုရား သွားကြမယ်

နောက်ခံစကားပြောသူ-ချောစုတို့မြေးအဘိုးနှစ်ယောက်ဟာ ကျောင်းပိတ်ရက်မှာ ကျိုက်ထီးရိုးဘုရားဖူးခရီး ထွက်ခဲ့ ကြတယ်။ ချောစုဟာ သူရောက်ဖူးချင်တဲ့ နေရာကို ရောက်တော့မှာမို့ သိပ်ပျော်နေပါတယ်။ ချောစုတို့မြေးအဘိုးဟာ ကင်ပွန်းစခန်းကနေ ရသေ့တောင်အထိ ကားနဲ့တက်ခဲ့ကြတယ်။ လေတဖြူးဖြူးတိုက်နေတော့ တောင်ပေါ်တက်နေတဲ့ ကားလမ်းဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကားပေါ်မှာ ချောစု စကားမပြောဘဲ ပတ်ဝန်းကျင်က ရှုခင်း တွေကို ငေးမောရင်း ပါလာခဲ့တယ်။ ဒီလိုနဲ့ ရသေ့တောင်ကို ရောက်လာခဲ့တယ်။ အသက်အရွယ်ကြီးရင့်သူတွေနဲ့ မသန်စွမ်းသူတွေ ရသေ့တောင်ကနေ ကျိုက်ထီးရိုးတောင်ပေါ်ကို အထမ်းပုခက်တွေနဲ့ တက်ကြတာကို တွေ့ရတယ်။ ချောစုတို့ မြေးအဘိုးနှစ်ယောက် တက်လာတဲ့ လမ်းတစ်လျှောက်မှာတော့ ချောစုသိချင်တာတွေ ဘိုးဘိုးကို မေးလာခဲ့တယ်။

ချောစု-ဘိုးဘိုး ကျိုက်ထီးရိုးဘုရားက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ရှိတာနော်။

ဘိုးဘိုး-ဟုတ်တာပေါ့မြေးရဲ့။

ချောစု-ကျိုက်ထီးရိုးလို့ ဘာလို့ခေါ်တာလဲ ဘိုးဘိုး ။

ဘိုးဘိုး-အင်း ... ဘိုးဘိုးမြေးကတော့ စပ်စုပြီဟေ့။ ဒါပေမဲ့ မြေးမေးတာ ကောင်းတယ်။ ဒါကို မြေးတို့ သိထားသင့် တာပေါ့။ ကျိုက်ထီးရိုးဟာ ကျိုက်ဣသိယိုးဆိုတဲ့ မွန်စကားက ဆင်းသက်လာတယ်။ ‘ကျိုက်’ ဆိုတာ ဘုရားကို ခေါ် တာ။ ‘ဣသိ’ ဆိုတာကတော့ ‘ရသေ့’ လို့ ဆိုလိုတယ်။ ‘ယိုး ဆိုတာက ‘ရွက်ထားတာ’လို့ အဓိပ္ပာယ်ရတယ်။ အပြည့် အစုံဆိုရင်တော့ ရသေ့ ရွက်ထားသောဘုရားလို့ ဆိုလိုတယ်။ ‘ကျိုက်ဣသိယိုး ́ လို့ ခေါ်ရင်းကနေ နောက်ပိုင်းမှာ ‘ကျိုက်ထီးရိုး’ ဆိုပြီး ဖြစ်လာတာပဲ။

ချောစု-ဘယ်သူတည်ခဲ့တာလဲဟင် ဘိုးဘိုး။

ဘိုးဘိုး-“မြတ်စွာဘုရားရဲ့ ဆံတော်သုံးဆူကို ဌာပနာပြီး တိဿရသေ့ကြီးက သိကြားမင်းနဲ့သုဝဏ္ဏဘူမိ ဘုရင်ကြီး တို့ရဲ့ အကူအညီနဲ့ တည်ထားခဲ့တာတဲ့။

နောက်ခံစကားပြောသူ-ဒီလိုနဲ့ ချောစုတို့ မြေးအဘိုးနှစ်ယောက် စကားပြောလာကြရင်း ကျိုက်ထီးရိုးစေတီတော်ကြီးကို လှမ်းမြင်နေရပြီ။ ချောစုလှမ်းပြီး ကြည့်လိုက်တော့ ထူးဆန်းတာ တစ်ခုကို တွေ့လိုက်ရတယ်။ ဒါနဲ့ ...

ချောစု-ဘိုးဘိုး ထူးဆန်းတာတွေ့လား၊ ကျောက်တုံးကြီးက ရသေ့ဦးခေါင်းနဲ့ တူတယ်၊ တွေ့လား ဘိုးဘိုး။

ဘိုးဘိုး-အေး... တွေ့တာပေါ့မြေးရဲ့၊ အရင်တုန်းကဆို ရသေ့ရွက်ဘုရားလို့တောင် ခေါ်ခဲ့ကြတာ။ တချို့ကလည်း ဆင်ဦးခေါင်းပုံသဏ္ဌာန် ရှိတယ်လို့ ပြောတယ်မြေးရဲ့။

ချောစု-ဘိုးဘိုး ဘုရားက တောင်စောင်းလေးပေါ်မှာ တင်နေတာ ထူးဆန်းတယ်နော်။

ဘိုးဘိုး-ဟုတ်တယ် မြေးရဲ့၊ အဲဒီတောင်ထိပ်နဲ့ စေတီနဲ့အကြား အပ်ချည်တစ်မျှင်စာလောက် လွတ်နေသေးတယ်။

ချောစု-ဟုတ်လား၊တော်တော်ထူးဆန်းတာပေါ့နော်။

ဘိုးဘိုး-ဒါပေါ့ မြေးရဲ့၊ နောက်ထပ်လည်းအံ့ဩစရာတွေ အများကြီး ရှိသေးတယ်။

ချောစု-ဟုတ်လား ဘိုးဘိုး၊ သမီးသိချင်တယ်၊ ပြောပြပါလား။

ဘိုးဘိုး-ပြောပြမှာပေါ့ မြေးလေးရဲ့၊ သေချာနားထောင်ပြီး မှတ်ထားနော်။

သိကြားမင်းက တိဿရသေ့ကြီးရဲ့ ဦးခေါင်းနဲ့တူတဲ့ ကျောက်တုံးကြီးကို သမုဒ္ဒရာထဲက ဆယ်ယူပြီး ကျိုက်ထီးရိုး ကျောက်ဆောင်ထိပ်မှာ တင်ထားတယ်။ အဲဒီ ကျောက်တုံးကြီးက ကျောက်တောင်စောင်းထိပ်မှာ ရှိနေပေမဲ့ ငလျင် လှုပ်ရင်လည်း ရွေ့သွား၊ လှုပ်သွားတယ်ဆိုတာ မရှိဘူး။ မြတ်စွာဘုရားရဲ့ ဆံတော်ကိုလည်း ဌာပနာထားတယ်။ ကမ္ဘာပေါ်မှာ ကျိုက်ထီးရိုးစေတီနဲ့တူတဲ့ စေတီမရှိဘူး။ ဘုရားဖူးတွေဟာ ခက်ခက်ခဲခဲနဲ့ တောတောင်၊ လျှိုမြောင် တွေကို ဖြတ်ကျော်ပြီး ဘုရားဖူးရတယ်။ ဘုရားဖူးတွေက အဲဒီလိုခက်ခက်ခဲခဲ ဖူးရတာတောင် ဖူးမဝဖြစ်ကြရတယ်။

ဘုရားဖူးတွေဟာ ဘေးရန်အန္တရာယ်မရှိ ကြည်နူးချမ်းသာရတယ်။ ဒါတွေဟာ ကျိုက်ထီးရိုးဘုရားရဲ့အံ့ဖွယ်တွေပဲ ဖြစ်တယ်။ ကျိုက်ထီးရိုး ဘုရားဖူးလာရတာ ကုသိုလ်လည်းရတယ်၊ ဒေသန္တရဗဟုသုတလည်းရတယ်။ တော၊ တောင်၊ ရေ၊ မြေ အနေအထား၊ သဘာဝပတ်ဝန်းကျင်တို့ကိုလည်း လေ့လာနိုင်တယ်။

နောက်ခံစကားပြောသူ-မြေးအဘိုးနှစ်ယောက် စကားတပြောပြောနဲ့ တက်လာလိုက်တာ ရင်ပြင်တော်ပေါ်ကို ရောက်လာခဲ့တယ်။

ချောစု-ဘိုးဘိုး ဘုရားကို အရင်သွားဖူးကြရအောင်။

ဘိုးဘိုး-ကောင်းတာပေါ့ မြေးရဲ့။

ချောစု-ဘိုးဘိုး ဟိုမှာ အစ်ကိုကြီးတွေ ဘာလုပ်နေကြတာလဲ။

ဘိုးဘိုး-ဩော် ဒါလား၊ အဲဒါ ဘုရားကို ရွှေသင်္ကန်းကပ်နေကြတာ။

ချောစု-ဟုတ်လား၊ ဒါဆို သမီးကိုလည်း ရွှေသင်္ကန်း ဝယ်ပေးပါ ဘိုးဘိုး၊ သမီးလည်း ကပ်ချင်တယ်။

ဘိုးဘိုး-ဩော်... မြေးရယ် သမီးက မိန်းကလေးမို့လို့ အဲဒီနေရာကို ဝင်လို့မရဘူး။

ချောစု-ဘာဖြစ်လို့လဲဟင် ဘိုးဘိုး၊ မိန်းကလေး ဝင်လို့မရဘူးလို့ ဘုရားက ဟောခဲ့တာလား။

ဘိုးဘိုး-အဲဒီလိုတော့ ဘုရားရှင်က တားမြစ်မထားဖူး မြေးရဲ့။ လူတွေက ရတနာသုံးပါးကို အလွန်လေးစား ကြည်ညိုလွန်းပြီး ဖြစ်သွားတဲ့ ဓလေ့ထုံးစံပဲဖြစ်တယ် မြေးရဲ့၊ အဲဒီတော့ မြေးကိုယ်စား ဘိုးဘိုးကပဲ ရွှေသင်္ကန်း ကပ်ပေးပါ့မယ်နော်။

နောက်ခံစကားပြောသူ-ချောစုတစ်ယောက် ဘိုးဘိုး ရွှေသင်္ကန်းကပ်တာကို ငေးကြည့်ပြီး ကြည်ညိုစွာနဲ့ ဘုရားကို ဦးချကန်တော့လိုက်ပါတယ်။ ဘိုးဘိုး ရွှေသင်္ကန်းကပ်တာ၊ ဘုရားဝတ်ပြုတာကို စောင့်နေပြီးမှ ဘိုးဘိုးနဲ့အတူ တည်းခိုဆောင်ကို ထွက်လာခဲ့တယ်။

ချောစု-ဘိုးဘိုး ... ပြီးရင် သမီးကို ဘယ်လိုက်ပို့ပေးမှာလဲ။

ဘိုးဘိုး-ကျိုက်ထီးရိုးဘုရားရောက်ရင် လူတိုင်းသွားတတ်တဲ့နေရာတွေဖြစ်တဲ့ မုဆိုးတောင်၊ ကျီးကန်းပါးစပ်ဂူ၊ ကျောက်ထပ်ကြီးဘုရား စတဲ့ နေရာတွေကို လိုက်ပို့ပေးမှာပေါ့ မြေးရဲ့၊ အခုတော့ ရေချိုးပြီး နားကြမယ်လေ။

ချောစု-ဟုတ်ကဲ့ ဘိုးဘိုး။

နောက်ခံစကားပြောသူ-ချောစုတစ်ယောက် ပါးစပ်ကသာ “ဟုတ်ကဲ့” လို့ပြောပေမဲ့ စိတ်ထဲမှာတော့ “ဘိုးဘိုး လိုက်ပို့တဲ့ နေရာတွေမှာ မသိတာတွေ ရှိသေးရင်လည်း မေးရမယ်၊ ခရီးကပြန်လို့ ကျောင်းရောက်ရင်လည်း သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်။ ဓမ္မစကူးလ်က ဆရာ၊ ဆရာမတွေကိုလည်း ပြန်ပြောပြရမယ်”လို့ တွေးနေပါတော့တယ်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ထို့နောက် အောက်ပါ အချက်များကို သင်ပုန်းတွင် ရေးသားထား၍ အုပ်စုလိုက် စဉ်းစားဆွေးနွေးရေးသားပြီး ရလဒ်များကို ကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-ကျိုက်ထီးရိုးဘုရားဟူသော အမည် ဖြစ်ပေါ်လာပုံ၊ ကျိုက်ထီးရိုး၏ အဓိပ္ပာယ်နှင့် တည်နေရာ
-ကျိုက်ထီးရိုးဘုရား၏ ကြည်ညိုစရာအံ့ဖွယ်အဖြာဖြာ
-ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်ရှိ တောတောင်သဘာဝ
-ကျိုက်ထီးရိုးဘုရားအနီးရှိ သွားလာလည်ပတ်စရာ ကျိုက်ထီးရိုးသို့ သွားနိုင်သော နည်းလမ်းများ

֍ အုပ်စုကိုယ်စားလှယ် တစ်ဦးစီ တင်ပြပြီးလျှင် ဆရာက “သားတို့သမီးတို့ အခု ကျိုက်ထီးရိုးဘုရားအကြောင်းကို သိသွားကြပြီဆိုတော့ ကိုယ်တိုင် ကျိုက်ထီးရိုးဘုရားဆီကို ဘုရားဖူးသွားကြရမယ်ဆိုရင် ဘာကြောင့်သွားချင် တာလဲ၊ ဘာတွေလုပ်ကြမလဲ ဆိုတာကို နောက်တစ်ချိန်ကျရင် ဆက်လက်ဆွေးနွေးကြမယ်”ဟု ပြော၍ စာသင် ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်၊ ကျိုက်ထီးရိုး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို စာရွက်တစ်ရွက်စီပေး၍ စာရွက်၏ထိပ်တွင် မိမိတို့အမည်များကို ရေးသားထားကြပါစေ။

֍ ထို့နောက် “သားတို့သမီးတို့ကိုယ်တိုင် ကျိုက်ထီးရိုးကို ဘုရားဖူးသွားကြမယ်ဆိုရင် ဘာကြောင့် သွားချင်တာလဲ၊ ဘာတွေလုပ်ကြမလဲ”ဟု မေး၍ စဉ်းစားကြစေကာ စာရွက်ပေါ်တွင် ရေးကြပါစေ။

֍ ကလေးများ ရေးထားသော စာရွက်များအားလုံးကို ဆရာက စုစည်းရောမွှေ၍ ကလေးများကို တစ်ဦးလျှင် တစ်ရွက်စီ ပြန်လည်ဝေပေးကာ အလှည့်ကျ ဖတ်ပြကြပါစေ။

ဥပမာ-ကျွန်တော်ကိုင်ထားတဲ့ စာရွက်ကတော့ သူငယ်ချင်း ရဲ့စာရွက် ဖြစ်ပါတယ်။ သူရေးထားတာက “ကျိုက်ထီးရိုးဘုရားကြီးက ထူးဆန်းလို့ သွားချင်တာ။ ကျိုက်ထီးရိုးရောက်ရင် ဘုရားလည်းဖူး မယ်၊ သဘာဝအလှအပတွေကိုလည်း ခံစားမယ်” စသဖြင့် ပြောကြပါစေ။

֍ “သားတို့သမီးတို့က ကျိုက်ထီးရိုးဘုရားအကြောင်းကိုလည်း သိသွားကြပြီ၊ ဘာကြောင့် သွားချင်ကြတယ် ဆိုတာကိုလည်း ပြောပြီးသွားကြပြီဆိုတော့ အခု ကျိုက်ထီးရိုးဘုရားအကြောင်းကို ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုကြရအောင်”ဟု ပြော၍ အောက်ပါကဗျာကို ရွတ်ဆိုစေပြီး သင်ခန်းစာကို အဆုံးသတ်ပါ။

ကျိုက်ထီးရိုး

ရသေ့ခေါင်းပေါ် စေတီတော်လို့၊
နာမည်ကျော်တဲ့ ဘုရားရှင်။
ထူးဆန်းအံ့ဖွယ် ကျိုက်ထီးရိုးလို့၊
ဟိုးဟိုးကျော်လို့ သမိုင်းတွင်။
မြို့ကျိုက်ထိုဝင် ကင်ပွန်းစခန်းက၊
တက်လှမ်းကြပေါ့ တို့အစဉ်။
စေတီကြီးတွင် လုံးတော်ပြည့်ပတ်၊
ရွှေသင်္ကန်းမြတ် ကပ်လှူတင်။
ရောက်ဖူးသူများ သဒ္ဓါပွား၊
စည်ကား အမြဲပင်။
အဲဒါကြောင့် ဆံတော်ရှင်ဘုရား၊
ကုသိုလ်ပွား အများဖူးစေချင်။