စင်ကြယ်သော အသက်မွေးမှု (ဆရာ)

From Wikisource
Jump to navigation Jump to search
348321ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၃။ စင်ကြယ်သော အသက်မွေးမှု(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

သင်ခန်းစာခေါင်းစဉ်။ ။ စင်ကြယ်သော အသက်မွေးမှု

သင်ယူမှုဦးတည်ချက်။ ။ သူ့အသက်သတ်ခြင်း၏ ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် စင်ကြယ်သော အသက်မွေးမှု ပြုတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အသက်မွေးဝမ်းကျောင်း အလုပ်ဆိုတာ ကြားဖူးလား၊ ကြားဖူးတယ်ဆိုရင် ဘယ်လိုနားလည်သလဲ။ သားတို့ သမီးတို့ သိသလောက် ပြောပြပါလား”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများ ဖြေသမျှကို ဆရာက လက်ခံထားပါ။ ကလေးများ ဖြေဆိုပြီးလျှင် “အသက်မွေးဝမ်းကျောင်း အလုပ် ဆိုတာ လူတိုင်း စားဝတ်နေရေး အဆင်ပြေအောင် နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေပဲ ဖြစ်တယ်။ ဥပမာ-အိမ်က ဖေဖေမေမေတို့ နေ့တိုင်း လုပ်နေရတဲ့ အလုပ်၊ အရောင်းအဝယ် ...” စသည်ဖြင့် ဆရာက ရှင်းပြပါ။

֍ “အခု သားတို့သမီးတို့ နေ့တိုင်းတွေ့မြင်နေရတဲ့၊ ကြားဖူးနေရတဲ့ အလုပ်တွေကို သိသလောက်၊ ကြားဖူးသလောက် အုပ်စုဖွဲ့ ဆွေးနွေးကြရအောင်”ဟု ပြော၍ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ ကလေးများ၏ ဆွေးနွေးထားမှု ရလဒ်များကို စာရွက်လွတ်များပေါ်တွင် ရေးမှတ်ထားကြပါစေ။

֍ ပြီးလျှင် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက အတန်းရှေ့သို့ ထွက်၍ ပြောပြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ၊ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

ဝက်သတ်သမား စုန္ဒ

မြတ်စွာဘုရားလက်ထက်တော်အခါက စုန္ဒလို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့တယ်။ သူဟာ ဝက်တွေကို သတ်ပြီး ရောင်းချတဲ့အလုပ်ကို လုပ်တယ်။ စုန္ဒရဲ့ အိမ်မှာ ဝက်ခြံအကျယ်ကြီးရှိပြီး ဝက်တွေကို ဝယ်ယူကာ ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်ထားတယ်။ ဒါပေမဲ့ သူက ဝက်တွေအရွယ်ရောက်လို့ သတ်တဲ့အချိန်ရောက်ရင်တော့ ရက်ရက် စက်စက် သတ်ဖြတ်တယ်။ စုန္ဒဟာ အဲဒီဝက်ရဲ့ အသွေး၊ အသားတွေကို ချက်ပြုတ်ပြီး သူ့ရဲ့ ဇနီး၊ သားသမီးတွေနဲ့ အတူတူ မြိန်ရည်ယှက်ရည် စားသောက်တယ်။ ပြီးတော့ ရောင်းလည်းရောင်းတယ်။ အဲဒီလို သူလုပ်လာတာဟာ နှစ်ပေါင်း ၅၅-နှစ်တောင် ရှိခဲ့တယ်။

သူ့ရဲ့အိမ်နဲ့ မနီးမဝေး မြို့ဦးကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးနေထိုင်တဲ့ ကျောင်းရှိတယ်။ ဒါပေမဲ့ သူဟာ မြတ်စွာဘုရားကို မကိုးကွယ်ဘူး။ ဆွမ်းလည်း မလှူဘူး။ ပန်းလည်း မကပ်ဘူး။ ဘာအလှူမှ မလုပ်ဘူး။

တစ်နေ့ သူနေမကောင်းဖြစ်တဲ့အချိန်ရောက်တော့ သူလုပ်ခဲ့တဲ့ အကုသိုလ်က သူ့ကို ပြန်ပြီး အကျိုးပေးတော့တယ်။ အသက်ရှိနေဆဲမှာပင် သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အဝီစိငရဲမီးတွေ တောက်လောင်နေသလို မခံမရပ်နိုင်အောင် ပူလောင်နေတယ်။ သူဟာ အဲဒီပူလောင်နေတဲ့ ဝေဒနာကို မခံစားနိုင်လို့ သူသတ်ခဲ့တဲ့ ဝက်တွေလိုပဲ လေးဘက် ထောက်ပြီး အော်ဟစ်ပြေးလွှားနေရတယ်။

သူ့ရဲ့ မိသားစုကလည်း သူအဲဒီလိုဖြစ်နေတာကို ဘာမှ လုပ်မပေးနိုင်ဘူး။ အိမ်ထဲကနေ ထွက်မသွားအောင် တံခါးတွေ ပိတ်ပြီး စောင့်ကြည့်နေရတယ်။ အဲဒီဝေဒနာကို ခုနစ်ရက်လုံးလုံး ခံစားရပြီး ခုနစ်ရက်မြောက်နေ့မှာ သေဆုံးသွားတယ်။ သေပြီးပြီးချင်းပဲ အဝီစိငရဲကို ကျသွားတယ်။

အဲဒီလို စုန္ဒအိမ်မှာ ဖြစ်နေတာကို သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ ရဟန်းတွေက ကြားပြီး မြတ်စွာဘုရားကို မေးလျှောက်တဲ့အခါ သူလုပ်ခဲ့တဲ့ အကုသိုလ်က သူ့ကို ပြန်အကျိုးပေးပြီး အဝီစိငရဲကျသွားကြောင်းကို မြတ်စွာဘုရားရှင်က ရှင်းပြတော်မူကာ မကောင်းမှုလုပ်တဲ့သူဟာ နောက်ဘဝအထိတောင် မနေဘဲ အခုဘဝမှာပဲ မကောင်းကျိုး ပေးတတ်ကြောင်း ဆက်လက်ဟောကြားတော်မူခဲ့ပါတယ်။

မှီငြမ်း။ ။ စုန္ဒသူကရိကဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ပထမတွဲ၊ ၁၇၆-၁၇၇။ ဓမ္မ၊ဋ္ဌ၊၁၊၈၀-၈၂။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-စုန္ဒက ဘာအလုပ်အကိုင်နဲ့ အသက်မွေးသလဲ။
-အဲဒီအလုပ်က ကောင်းတဲ့အလုပ်လား။ အကျိုးရှိတဲ့ အလုပ်လား။ ဘာကြောင့်လဲ။
-အဲဒီလို အလုပ်နဲ့ နှစ်ပေါင်းဘယ်လောက်ကြာအောင် လုပ်ကိုင်သလဲ။
-စုန္ဒဟာ မြတ်စွာဘုရားကို ဘာလှူဒါန်းဖူးသလဲ။
-စုန္ဒဟာ ဘယ်လိုရောဂါ ဝေဒနာခံစားပြီး သေဆုံးသွားရသလဲ။ ဘာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားပြီး သေရတာလဲ။
-မကောင်းမှုလုပ်တဲ့သူဟာ နောင်ဘဝကျမှ မကောင်းကျိုးပေးတာလား၊ ယခုဘဝမှာရောပဲ မကောင်းကျိုး မပေးဘူးလား။
-ဝက်သတ်ပြီး အသက်မွေးဝမ်းကျောင်းရပေမယ့် မြတ်စွာဘုရားကို ဆွမ်းကပ်ခြင်း အစရှိတဲ့ ကုသိုလ် ကောင်းမှုတွေ လုပ်ရင်ရော ဘယ်လိုဖြစ်မယ်ထင်သလဲ။ ဘာကြောင့်လဲ။

֍ ကလေးများနှင့် အမေးအဖြေ ပြုလုပ်ပြီးလျှင် ဆရာက “ဘယ်သက်ရှိသတ္တဝါကိုမဆို သတ်တဲ့သူဟာ သေတဲ့အခါမှာ ငရဲကျတတ်တယ်။ ငရဲကလွတ်ပြီး လူပြန်ဖြစ်လာရင်လည်း ဆိုးကျိုးတွေ ရတတ်တယ်” ဟုပြော၍ သင်ပုန်း/ စာရွက်ကြီးတွင် ရေးသားထားသော အောက်ပါ သူ့အသက်သတ်ခြင်း၏ ဆိုးကျိုးများကို ရှင်းပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

၁။ ခြေလက်အင်္ဂါ ချို့တဲ့တတ်ခြင်း
၂။ ရုပ်ဆိုးခြင်း
၃။ အားအင် ချည့်နဲ့ခြင်း
၄။ လျင်မြန်ဖျတ်လတ်မှု မရှိခြင်း
၅။ ကြောက်တတ်ခြင်း
၆။ သူတစ်ပါးသတ်၍ သေရခြင်း
၇။ အနာရောဂါများခြင်း
၈။ အခြွေအရံပျက်စီးခြင်း
၉။ အသက်တိုခြင်း

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ...မလုပ်သင့်တဲ့ အလုပ်တွေက ဘာတွေလဲဆိုတာကို ဆွေးနွေးကြရအောင်”ဟု ပြော၍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ ဆရာက အုပ်စုအားလုံးရှေ့တွင် စာရွက်ကြီးတစ်ရွက် ချထားပေးပါ။ အုပ်စုတစ်အုပ်စုစီက မိမိတို့အုပ်စု ဆွေးနွေး ထားသော အချက်များကို စာရွက်ကြီးပေါ်တွင် ရေးကြပါစေ။

֍ မိမိအုပ်စု ရေးထားသော အချက်များနှင့် အခြားအုပ်စု ရေးထားသောအချက်များ တူညီနေလျှင် ထပ်၍မရေး တော့ဘဲ မတူညီသော အချက်များကိုသာ ရေးကြရန် ဆရာက ကြို၍ပြောပြထားပါ။

֍ အုပ်စုအားလုံး ရေးပြီးသွားပါက “ဒီအလုပ်တွေ အားလုံးက သားတို့သမီးတို့အားလုံး သတ်မှတ်ထားတဲ့ မလုပ် သင့်တဲ့ အလုပ်တွေနော်”ဟု သတိပေးပါ။

֍ ထို့နောက် ဆရာက ဘုရားရှင်ဟောကြားထားခဲ့သည့် မလုပ်အပ်သော အသက်မွေးဝမ်းကျောင်း ငါးမျိုးကို ပြောပြပါ။

၁။ လက်နက်ရောင်းဝယ်ခြင်း၊
၂။ လူရောင်းဝယ်ခြင်း၊
၃။ တိရစ္ဆာန်များကို သတ်ရန် ရောင်းဝယ်ခြင်း၊
၄။ အရက်၊ ဘိန်း စသည့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊
၅။ သေစေတတ်သော အဆိပ်ရောင်းဝယ်ခြင်း။

֍ “ဘာကြောင့် ဒီအလုပ်တွေကို မလုပ်အပ်သော အသက်မွေးဝမ်းကြောင်း အလုပ်တွေလို့ ဘုရားရှင်က သတ်မှတ် ခဲ့တယ် ထင်သလဲ”ဟု ကလေးများကို မေးပါ။ ကလေးများ၏ အဖြေကို ရယူပြီးမှ အောက်ပါအတိုင်း အနှစ်ချုပ် ပါ။

“မိမိ၏ အကျိုးစီးပွား၊ သူတစ်ပါး အကျိုးစီးပွားကို ထိခိုက်စေတဲ့ အလုပ်တွေကို မစင်ကြယ်တဲ့ အလုပ်လို့ ခေါ်တယ်။ အဲဒီ မကောင်းတဲ့၊ မစင်ကြယ်တဲ့ အလုပ်တွေကို မလုပ်ဘဲ ကောင်းမွန်စင်ကြယ်ပြီး ကုသိုလ်ရမယ့် အလုပ်မျိုးကိုပဲ လုပ်ကြရမယ်”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ အခု အသက်မွေးမှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလည်း လေ့လာပြီးသွားပြီ၊ သူ့အသက် သတ်ရင် ခံစားရမယ့် ဆိုးကျိုးတွေကိုလည်း သိသွားပြီ။ မလုပ်သင့်တဲ့ အလုပ်တွေကိုလည်း သိသွားပြီ။ အခု လုပ်သင့်တဲ့အလုပ်တွေကို စဉ်းစားဆွေးနွေးကြရအောင်” စသည်ဖြင့် အစပျိုး၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများအား စာရွက်လွတ် တစ်ရွက်စီ ဝေပေးပါ။

ပြီးလျှင် “သားတို့သမီးတို့ အရွယ်ရောက်လာရင် ဘယ်လို အသက်မွေးဝမ်းကျောင်း အလုပ်တွေ လုပ်ချင်လဲ၊ ဘာကြောင့် လုပ်ချင်တာလဲ။ စဉ်းစားပြီး ချရေးထားကြရအောင်”ဟု ပြောပါ။

֍ ရေးပြီးသွားလျှင် အခြားသူငယ်ချင်းများ ကြားအောင် ပြောပြကြပါစေ။

֍ ကလေး၏ အဖြေများတွင် လိုအပ်ချက်များရှိပါက ဆရာက ဖြည့်စွက်ပေးပါ။

֍ ထို့နောက် ဆရာက “မကောင်းမှု လုပ်တဲ့သူဟာ နောင်ဘဝအထိ မနေဘဲ အခုဘဝမှာပဲ မကောင်းကျိုး ပေးတတ်တယ်။ သားတို့သမီးတို့ဟာ မကောင်းတဲ့၊ မစင်ကြယ်တဲ့ အလုပ်တွေကို မလုပ်ကြဘဲ မိမိလည်းအကျိုးရှိ၊ သူတစ်ပါးလည်း အကျိုးရှိ၊ စင်လည်းစင်ကြယ်ပြီး ကုသိုလ်လည်းရတဲ့ အလုပ်တွေကိုသာ လုပ်ကြပါ” ဟုပြော၍ သင်ခန်းစာကို နိဂုံးချုပ်ပါ။