ကျိုက်ထီးရိုးဘုရား သွားကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၂။ ကျိုက်ထီးရိုးဘုရား သွားကြမယ်
326979ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၂။ ကျိုက်ထီးရိုးဘုရား သွားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

ကျိုက်ထီးရိုးဘုရား သွားကြမယ်[edit]

ချောစုတို့မြေးအဘိုးနှစ်ယောက်သည် ကျောင်းပိတ်ရက်တွင် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးထွက် ခဲ့ကြသည်။ ရောက်ဖူးချင်သော နေရာကို ရောက်ရတော့မည်ဖြစ်သဖြင့် ချောစု အလွန်ပျော်နေ၏။

ချောစုတို့ မြေးအဘိုးနှစ်ယောက်သည် ကင်ပွန်း စခန်းမှ ရသေ့တောင်အထိ ကားဖြင့် တက်ခဲ့ကြသည်။ တောင်ပေါ်ကားလမ်းသည် မတ်စောက်လွန်း၍ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းနေ၏။ ကားပေါ်တွင် ချောစု သည် စကားမပြောဘဲ ပတ်ဝန်းကျင်မှ ရှုခင်းများကို ငေးမောရင်း ရသေ့တောင်သို့ ရောက်လာခဲ့သည်။ ရသေ့တောင်မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ခြေကျင်တက်ခဲ့ကြ ရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် မသန်စွမ်း သူများသည် အထမ်းပုခက်များနှင့် တက်နေကြသည်ကို တွေ့ရ၏။ လမ်းတစ်လျှောက်တွင်လည်း ချောစုသိချင် သော အရာမှန်သမျှကို အဘိုးအား မေးလာခဲ့သည်။

ချောစု - အဘိုး ... ဒီကျိုက်ထီးရိုးဘုရားက မွန် ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ရှိတာနော်။
အဘိုး - ဟုတ်တာပေါ့ မြေးရဲ့ ။
ချောစု - အဘိုး ... ကျိုက်ထီးရိုးလို့ ဘာလို့ ခေါ်တာလဲ။

အဘိုး - အင်း ... ငါ့ မြေးက မေးတတ်လိုက်တာ။ ဟုတ်တယ်၊ အဲဒါတွေဟာ ငါ့မြေးတို့ သိထား သင့်တာတွေပဲ။ အရင်က “ကျိုက်ဣသိရိုး”လို့ ခေါ်ကြတယ်။ “ကျိုက်”ဆိုတာ မွန်လို “ဘုရား”ကို ခေါ်တာ။ “ဣသိ”ဆိုတာ “ရသေ့” “ရိုး”ဆိုတာက “ရွက်”တာကို ဆိုလိုတယ်။ အပြည့်အစုံဆိုရင်တော့ “ရသေ့ ရွက်ထားတဲ့ ဘုရား”လို့ အဓိပ္ပာယ်ရတယ်။ “ကျိုက်ဣသိရိုး”လို့ ပြောဆိုကြရာက အချိန်ကြာလာတော့ “ကျိုက်ထီးရိုး” ဆိုပြီး ဖြစ်လာတယ်လို့ ဆိုတယ် မြေးလေးရဲ့။

ချောစု - ဒီကျိုက်ထီးရိုးဘုရားကို ဘယ်သူတည်ထားခဲ့တာလဲ အဘိုး။
အဘိုး - တိဿရသေ့ကြီးက သိကြားမင်းနဲ့ သုဝဏ္ဏဘူမိဘုရင်ကြီးတို့ရဲ့ အကူအညီနဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်သုံးဆူကို ဌာပနာပြီး တည်ထားခဲ့တာပေါ့ ။
ချောစုတို့ မြေးအဘိုးနှစ်ယောက် စကားပြောရင်း တက်လာခဲ့ရာ ကျိုက်ထီးရိုးစေတီတော်ကြီး ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ချောစု - အဘိုး ... ဘုရားက တောင်စောင်းလေးပေါ်မှာ တင်နေတာ ထူးဆန်းတယ်နော်။
အဘိုး - ဟုတ်တယ် ... ငါ့မြေးရဲ့၊ အဲဒီတောင်ထိပ်နဲ့ စေတီအကြား အပ်ချည်တစ်မျှင်စာလောက် လွတ်နေသေးတယ်။
ချောစု - ဟုတ်လား၊ တော်တော် ထူးဆန်းတာပဲနော်။
အဘိုး - ထူးဆန်းတာပေါ့ ငါ့မြေးရယ်၊ နောက်ထပ်လည်း ထူးဆန်းတာတွေ အများကြီးရှိသေးတယ်။
ချောစု - ဟုတ်လား ... အဘိုး၊ သမီး သိချင်လိုက်တာ၊ ပြောပြပါလား အဘိုးရယ်။

အဘိုး - ပြောပြမှာပေါ့ ငါ့မြေးရယ် ... သေချာနားထောင်ပြီးတော့ မှတ်ထားနော်။ သိကြားမင်းက တိဿရသေ့ကြီးရဲ့ ဦးခေါင်းနဲ့တူတဲ့ ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းက ဆယ်ယူပြီး ကျိုက်ထီးရိုး ကျောက်တောင်ထိပ်မှာ တင်ထားခဲ့တယ်။ အဲဒီကျောက်တုံးကြီးက ကျောက်တောင်စောင်းထိပ်မှာ ရှိနေပေမယ့် ငလျင်လှုပ်ရင်လည်း ရွေ့သွား လှုပ်သွားတယ်ဆိုတာ မရှိဘူး။ မြတ်စွာဘုရားရဲ့ ဆံတော်ကိုလည်း ဌာပနာထားတယ်။ ကမ္ဘာပေါ်မှာ ကျိုက်ထီးရိုးစေတီနဲ့ တူတဲ့စေတီမရှိဘူး။ ဘုရားဖူးတွေဟာ ခက်ခက်ခဲခဲနဲ့ တောတောင် လျှိုမြောင်တွေ ဖြတ်ကျော်ပြီး ဘုရားဖူးကြရတယ်။ ဒါပေမဲ့ ဘေးရန် အန္တရာယ်ကင်းကြတယ်။ ဖူးလို့မဝအောင်လည်း ဖြစ်ကြရတယ်။ ခက်ခက်ခဲခဲလာဖူးရလို့ ကြည်နူးဝမ်းသာ ကြရတယ်။ ဒါတွေဟာ ကျိုက်ထီးရိုးဘုရားရဲ့ အံ့ဖွယ်တွေပဲပေါ့။ အဲ့ဒါကြောင့် ကျိုက်ထီးရိုးဘုရားဖူး လာရတာ ကုသိုလ်လည်းရတယ်၊ တော၊ တောင်၊ ရေ၊ မြေအစရှိတဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း လေ့လာနိုင်တယ် ငါ့မြေးရဲ့။ မြေးအဘိုးနှစ်ယောက် စကားတပြောပြောဖြင့် တက်လာခဲ့ကြရာ ရင်ပြင် တော်ပေါ်သို့ ရောက်လာခဲ့ကြသည်။

ချောစု - အဘိုး ... ဘုရားကို အရင်သွားဖူးရအောင်။
ဘိုးဘိုး - အေး ... သွားကြမယ်။
ချောစု - အဘိုး ...ဟိုမှာ အစ်ကိုကြီးတွေ ဘာလုပ်နေကြတာလဲ။
ဘိုးဘိုး - သူတို့က ဘုရားကို ရွှေသင်္ကန်း ကပ်နေကြတာ။
ချောစု - ဟုတ်လား ... ဒါဆို သမီးလည်း ရွှေသင်္ကန်းကပ်ချင်တယ်၊ အဘိုးဝယ်ပေးပါလား။
ဘိုးဘိုး - ငါ့ မြေးက မိန်းကလေးဆိုတော့ အဲဒီနေရာကို ဝင်လို့မရဘူး။
ချောစု - ဘာဖြစ်လို့လဲ အဘိုး၊ မိန်းကလေး ဝင်လို့မရဘူးလို့ ဘုရားက ဟောခဲ့လို့လား။
ဘိုးဘိုး - အဲဒီလိုတော့ ဘုရားရှင်က တားမြစ်မထားပါဘူး၊ လူတွေက ရတနာသုံးပါးကို အလွန် လေးစားကြည်ညိုလွန်းပြီး ဖြစ်သွားတဲ့ ဓလေ့ထုံးစံတစ်ခုပဲ ဖြစ်တယ်၊ အဲဒီတော့ ငါ့မြေးကိုယ်စား အဘိုးကပဲ ရွှေသင်္ကန်း ကပ်ပေးမယ်နော်။
ချောစုတစ်ယောက် အဘိုး ရွှေသင်္ကန်းကပ်နေသည်ကို ကြည့်ပြီး ကြည်ညိုစွာဖြင့် ဘုရားကို ဦးချကန်တော့လိုက်ပါသည်။ အဘိုး ရွှေသင်္ကန်းကပ်၍ ဘုရားဝတ်ပြုပြီးသောအခါ အဘိုး နှင့်အတူ တည်းခိုဆောင်သို့ ထွက်လာခဲ့သည်။
ချောစု - အဘိုး ... ပြီးရင် သမီးကို ဘယ်လိုက်ပို့ပေးမှာလဲ။
ဘိုးဘိုး - ကျိုက်ထီးရိုးဘုရားကို ရောက်ရင် လူတိုင်းသွားတတ်တဲ့ နေရာတွေရှိတယ်။ အဲဒါ တွေက မုဆိုးတောင်၊ ကျီးကန်းပါးစပ်ဂူ၊ ကျောက်ထပ်ကြီး စတဲ့နေရာတွေပဲ။ အဲဒီနေရာတွေကို လိုက်ပို့ပေးမယ်လေ။ ခုတော့ ရေချိုးပြီး နားကြဦးစို့။
ချောစု - ဟုတ်ကဲ့ အဘိုး။

ချောစုတစ်ယောက် ပါးစပ်က “ဟုတ်ကဲ့”ဟု ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ “အဘိုး လိုက်ပို့တဲ့ နေရာတွေထဲက မသိတာတွေ ရှိရင်လည်း မေးရမယ်၊ ကျောင်းပြန်ရောက်ရင်လည်း သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်၊ ဓမ္မစကူးလ်က ဆရာ၊ ဆရာမတွေကိုလည်း ပြန်ပြောပြရမယ်” ဟု တွေးနေမိပါတော့သည်။

ကျိုက်ထီးရိုး[edit]

ရသေ့ခေါင်းပေါ် စေတီတော်လို့၊ နာမည်ကျော်တဲ့ ဘုရားရှင်။
ထူးဆန်းအံ့ဖွယ် ကျိုက်ထီးရိုးလို့၊ ဟိုးဟိုးကျော်လို့ သမိုင်းတွင်။
မြို့ ကျိုက်ထိုဝင် ကင်ပွန်းစခန်းက၊ တက်လှမ်းကြပေါ့ တို့အစဉ်။
စေတီကြီးတွင် လုံးတော်ပြည့်ပတ်၊ ရွှေသင်္ကန်းမြတ် ကပ်လှူတင်။
ရောက်ဖူးသူများ သဒ္ဓါပွား၊ စည်ကားအမြဲပင်။
အဲဒါကြောင့် ဆံတော်ရှင်ဘုရား၊ ကုသိုလ်ပွား အများဖူးစေချင်။