ကျင့်ကြံစရာ တရားရတနာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၇။ ကျင့်ကြံစရာ တရားရတနာ(ကျောင်းသားကိုင်သို့)
348305ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၇။ ကျင့်ကြံစရာ တရားရတနာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

သင်ခန်းစာခေါင်းစဉ်။ ။ ကျင့်ကြံစရာ တရားရတနာ

သင်ယူမှုဦးတည်ချက်။ ။ တရားဂုဏ်တော်များကို သိရှိပြီး ပီသရှင်းလင်းစွာ ရွတ်ဖတ်တတ်စေရန်နှင့် တရားတော်၏ သဘောသဘာဝကို အကျဉ်းအားဖြင့် သိရှိစေရန်

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ဘုရားဂုဏ်တော်ကိုးပါးကို ကွက်လပ်ဖြည့်ရန် ရေးထားသော စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ပထမတန်းတွင် လေ့လာခဲ့ပြီးသော “ဘုရားရှိခိုးကြမယ်” သင်ခန်းစာနှင့် ဒုတိယတန်းတွင် လေ့လာခဲ့ပြီးသော “ရွှေဥဒေါင်းမင်း” သင်ခန်းစာကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

֍ “သားတို့သမီးတို့ ဘုရားရှိခိုးကြမယ်’ သင်ခန်းစာမှာ ဘာတွေလေ့လာခဲ့လဲ၊ မှတ်မိကြသေးလား” ဟုမေးပါ။ (ဩကာသကန်တော့ချိုး)

֍ “ရွှေဥဒေါင်းမင်း သင်ခန်းစာမှာရော ဘာတွေ လေ့လာခဲ့သလဲ”ဟု ဆက်၍မေးပါ။ (ဘုရားဂုဏ်တော်ကိုးပါး)

֍ “ဘုရားဂုဏ်တော်ကိုးပါးကို မှတ်မိတဲ့သူရှိလား၊ ပြန်ရွတ်ပြပါဦး”ဟု ပြော၍ ကလေးများ ရွတ်ဆိုပြကြပါစေ။

֍ ဆရာက သင်ပုန်းပေါ်တွင် အောက်ပါ ဘုရားဂုဏ်တော်ကိုးပါးကို ရေးပြ၍ ကလေးများအား မိမိတို့မှတ်စုစာအုပ်တွင် မှတ်သားထားကြပါစေ။

ဘုရားဂုဏ်တော်ကိုးပါး

ဣတိပိ သော ဘဝဝါ-
၁။ အရဟံ၊
၂၊သမ္မာသမ္ဗုဒ္ဓေါ၊
၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။ သုဂတော၊
၅၊လောကဝိဒူ၊
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ၊
၇။ သတ္ထာ ဒေဝမနုဿာနံ၊
၈။ ဗုဒ္ဓေါ၊
၉။ ဘဂဝါ။

֍ ထို့နောက် အောက်ပါ နမူနာအတိုင်း ရေးထားသော စာရွက်များကို ကလေးများအား တစ်ယောက် တစ်ရွက်စီ ဝေပေးပါ။

နမူနာ-ဣတိပိ သော___။
___ရဟံ။
သမ္မာ___။
___စရဏ ___ စသည်ဖြင့်။

֍ စာရွက်ပါ ကွက်လပ်များကို ရေးဖြည့်ကြပါစေ။

֍ ထို့နောက် ဘေးမှသူငယ်ချင်းများနှင့် အဖြေမှန်ကို အပြန်အလှန် စစ်ဆေးကြပါစေ။

֍ ပြီးနောက် စာရွက်များကို ဆရာဆီသို့ လာပေးကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။

တရားဂုဏ်တော်ခြောက်ပါး ကွက်လပ်ဖြည့်ရန် ရေးထားသော စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်လည်းရွတ်ပြီးသွားပြီ၊ ရေးလည်းရေးပြီးသွားပြီဆိုတော့ အခု တရားဂုဏ်တော် ခြောက်ပါးကို ရွတ်တတ်အောင် အရင်ဆုံးသင်ပေးမယ်နော်”ဟု ပြော၍ အောက်ပါတရားဂုဏ်တော် ခြောက်ပါးကို သင်ပုန်းပေါ်တွင် ရေးပြပြီး အသံထွက် ပီသမှန်ကန်အောင် ရွတ်ဆိုပြ၍ ဂုဏ်တော်တစ်ခုစီ၏ အဓိပ္ပာယ်ကို ရှင်းပြပါ။

တရားဂုဏ်တော်ခြောက်ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော = ကောင်းမွန်စွာ ဟောတော်မူအပ်သော တရားတော်ဖြစ်သော ဂုဏ်။
၂။ သန္ဒိဋ္ဌိကော = ကိုယ်တိုင်ကိုယ်ကျ သိမြင်သဘောပေါက်ရသော ဂုဏ်။
၃။ အကာလိကော = ချက်ချင်းလက်ငင်း အကျိုးပေးနိုင်သော ဂုဏ်။
၄။ ဧဟိ ပဿိကော = မယုံလျှင် လက်တွေ့လာကျင့်ကြည့်ပါဟု ဖိတ်ခေါ်ရဲသော ဂုဏ်။
၅။ ဩပနေယျကော = စိတ်ထဲ၌ အမြဲမပြတ် ဆောင်ထားအပ်သော ဂုဏ်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ = ပညာရှိတို့ တစ်ဦးချင်းစီ သိမြင်ခံစားအပ်သော ဂုဏ်။

֍ တရားဂုဏ်တော် ခြောက်ပါးကို ကလေးများ ကူးယူမှတ်သားကြပါစေ။

֍ ထို့နောက် အောက်ပါနမူနာအတိုင်း ရေးထားသော စာရွက်များကို ကလေးများအား တစ်ယောက်တစ်ရွက်စီ ဝေပေးပါ။

နမူနာ-သွာက္ခာတော___ဓမ္မော။
___ကော။
___ကော။
ဧဟိ___စသည်ဖြင့်။

֍ စာရွက်ပါ ကွက်လပ်များကို ရေးဖြည့်ကြပါစေ။

֍ ထို့နောက် ဘေးမှ သူငယ်ချင်းများနှင့် အဖြေမှန်ကို အပြန်အလှန် စစ်ဆေးကြပါစေ။

֍ ပြီးနောက် စာရွက်များကို ဆရာဆီသို့ လာပေးကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “မြတ်စွာဘုရားဟာ ဘုရားဖြစ်တော်မူတဲ့အချိန်ကစပြီး ပရိနိဗ္ဗာန်စံတဲ့အထိ တရားများကို ဟောတော်မူခဲ့တယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာရလို့ တရားထူးရသွားကြတဲ့သူတွေလည်း အများကြီးပဲ။ အဲဒီထဲမှာ မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားလိုက်ရတဲ့ ဖားလေးတစ်ကောင်အကြောင်းကို ဖတ်ကြည့်ကြမယ်” စသည်ဖြင့် ပြောကာ စာသင်ချိန်ကိုစတင်ပါ။

ဖားနတ်သားလေး

တစ်ခါတုန်းက ဗုဒ္ဓဘုရားရှင်ဟာ စမ္ပာပြည်မှာရှိတဲ့ ဂဂ္ဂရာလို့ခေါ်တဲ့ ရေကန်အနီးမှာ သီတင်းသုံးနေထိုင်ပြီး ရဟန်း၊ ရှင်၊ လူတွေကို တရားဟောတော်မူတယ်။

ဘုရားရှင်တရားဟောနေစဉ်မှာပဲ ဖားလေးတစ်ကောင်ဟာ ရေကန်ထဲက ထွက်လာတယ်။ ပရိသတ်အစွန် တစ်နေရာမှာ ဝပ်ပြီး “ဒီအသံဟာ တရားသံပဲဖြစ်မယ်”လို့ အာရုံပြုကာ နာယူပါတယ်။

အဲဒီအခါ နွားကျောင်းသား တစ်ယောက်ကလည်း မြတ်စွာဘုရားတရားဟောတဲ့ နေရာကို ရောက်လာပြီး တရားနာယူတယ်။ တရားနာတဲ့အခါ သူဟာ နွားမောင်းတဲ့ နှင်တံတုတ်ကို ထောက်ပြီး နာယူပါတယ်။ အဲဒီအချိန်မှာ သူ့နှင်တံတုတ်ဟာ ဖားငယ်ရဲ့ ဦးခေါင်းပေါ်ကို မတော်တဆ ထောက်မိသွားပြီး ဖားငယ်ဟာ အဲဒီနေရာမှာပဲ သေဆုံးသွားရှာတယ်။

ဖားငယ်ဟာ တရားတော်ရဲ့ အနက်အဓိပ္ပာယ်ကို မသိရှာပါဘူး။ ဒါပေမယ့် တရားတော်ကို အာရုံပြုနေလို့ ကြည်သာရွှင်လန်းတဲ့ စိတ်အစဉ် ရှိနေတုန်းမှာ သေဆုံးသွားတဲ့အတွက် တာဝတိံသာ နတ်ပြည်မှာ နတ်သားဖြစ်သွားပါတယ်။

မက္ကူကဒေဝပုတ္တ (ဖားနတ်သား)လို့ အမည်တွင်ပြီး ရွှေဗိမာန်မှာ နတ်သမီး အခြံအရံပေါင်း များစွာနဲ့ စံစားရပါတယ်။ ဖားနတ်သားဟာ အတိတ်ဘဝက ဖားသူငယ်ဖြစ်ခဲ့ပုံနဲ့ ဘုရားရှင်ရဲ့ တရားတော်ကို နာခဲ့ရလို့ အခုလို နတ်သားဖြစ်လာခဲ့ရပုံတို့ကို ဆင်ခြင်မိပြီး ဘုရားရှင်ကို သွားရောက်ဖူးမြော်တယ်။

ဘုရားရှင်က ဖားနတ်သားရဲ့ ဖြစ်ကြောင်းကုန်စင်ကို တန်ခိုးတော်နဲ့ သိမြင်တော်မူပြီးဖြစ်တယ်။ ဒါပေမယ့် တရားနာ ပရိသတ်တွေကိုလည်း ထင်ထင်ရှားရှား သိစေလိုတဲ့အတွက် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းတယ်။ ဖားနတ်သားကလည်း ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားလိုက်တယ်။

အဲဒီအခါ ဘုရားရှင်က တရားနာခြင်းရဲ့ အကျိုးကျေးဇူးကို ရှင်းလင်းဟောပြတော်မူပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက်ဟောတော်မူပါတယ်။ တရားဒေသနာအဆုံးမှာ ဖားနတ်သားဟာ သောတာပန်တည် သွားပြီး အခြားတရားနာပရိသတ်တို့လည်း ထူးမြတ်တဲ့ အကျိုးကျေးဇူးတွေကို ခံစားရရှိသွားပါတယ်။

မှီငြမ်း။ ။ ၃၈ ဖြာမင်္ဂလာပုံပြင်များ၊ မင်းယုဝေ၊ ၁၃၅-၁၃၆။ ဝိမာနဝတ္ထု၊ဋ္ဌ၊၂၀၁။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မြတ်စွာဘုရားဟာ ဘယ်နေရာမှာ ဘယ်သူတွေကို တရားဟောခဲ့သလဲ။
-မြတ်စွာဘုရား တရားဟောနေစဉ်မှာ ဖားငယ်လေးဟာ ဘာကြောင့် တရားနာတာလဲ။
-နွားကျောင်းသားကရော ဘယ်လိုပုံစံမျိုးနဲ့ တရားနာသလဲ။
-ဖားငယ်လေး တရားနာနေရင်းနဲ့ ဘာဖြစ်သွားတာလဲ။ ဘယ်သူ့ကြောင့်လဲ။
-ဖားငယ်လေးသေတော့ ဘယ်ကို ရောက်သွားတာလဲ။ ဘာကြောင့်လဲ။
-သားတို့၊ သမီးတို့ရော တရားနာဖူးကြလား။ ဘယ်လို နာဖူးကြသလဲ။
-တရားနာယူနေစဉ်မှာ ဘယ်လိုခံစားရလဲ စသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံး သတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ ဖားနတ်သားလေး တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက “ကလေးတို့လည်း တရားဂုဏ်တော်တွေကို မှန်မှန်ကန်ကန် ရွတ်ဆိုနိုင်ကြပြီ။ တရားတော်ရဲ့ အဓိပ္ပာယ်ကို နားမလည်တဲ့ ဖားနတ်သားလေးတောင်မှ ကြည်ညိုစိတ်ကြောင့် နတ်သားဖြစ်နိုင်တယ်ဆိုရင် ကလေးတို့လည်း ရိုရိုသေသေ ရွတ်ဆိုနာကြားကြရင် ပိုပြီးအကျိုးထူးနိုင်တယ်”စသည်ဖြင့် ပြောကြားပေးပြီး အောက်ပါတေး ကဗျာကို သံပြိုင်ရွတ်ဆိုကြပါစေ။

ဖားနတ်သားလေး

ဖားကလေးတွေက စွေ့စွေ့ခုန် တောအုပ်မြိုင်ကြီးစိမ်းစိုစို
ရဟန်းသူတော်တို့ သီတင်းသုံးရာ ဗုဒ္ဓမြတ်စွာ ကြွရောက်လာ
တရားရေအေး တိုက်ကာကျွေး အေးမြစိတ်ကြည်သာ
မြတ်စွာဘုရားရဲ့ သံသာသာ တရားဟောစဉ်အခါ
ဖားလိမ္မာလေး တစ်ကောင်ဟာ စူးစိုက်နားထောင်ရှာ
မတ်တတ်ရပ်လို့ တုတ်ထောက်ကာ နွားကျောင်းသားလေးတရားနာ
ဖားလိမ္မာလေး သနားစရာ တုတ်နဲ့ ထောက်မိကာ
ဘုရားရှင်တရားရဲ့ သံသာသာ ကြည်ညိုသဒ္ဓါပွားစဉ်မှာ
သေဆုံးသွားတဲ့ ဖားလိမ္မာ ဖားနတ်သားလေး ဖြစ်သွားတာ။

֍ ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး စာရွက်လွတ်များ ဝေပေးပါ။

֍ အုပ်စုတိုင်းက အောက်ပါမေးခွန်းများကို ဆွေးနွေးကြပါစေ။

-မကောင်းမှုဆိုတာ ဘာလဲ။
-ကောင်းမှုဆိုတာ ဘာလဲ။
-စိတ်ကို ဖြူစင်အောင် ဘယ်လိုထားကြမလဲ။

֍ ကလေးများ ဆွေးနွေးပြီးရေးကြပါစေ။ ရေးထားသည်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ထွက်၍ ပြောပြကြပါစေ။

֍ ကလေးများပြောသွားသော အချက်များကို ဆရာက မှတ်သားထားကာ မကောင်းမှုများဖြစ်သည့် ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက်လေးပါးနှင့် မနောဒုစရိုက်သုံးပါးတို့ကို ရှောင်ကြဉ်ကာ မိမိ၏စိတ်ကို ဖြူစင်အောင်ထားသင့်သည့်အပြင် ကောင်းမှုကုသိုလ်များကို ဖြစ်စေနိုင်သည့် သုစရိုက်တရားများကိုသာ ပြုမူ၊ ပြောဆို၊ ကြံစည်သင့်ကြောင်း စသည်ဖြင့် ဖြည့်စွက်ပြောပြပေးပါ။ (မှတ်ချက် ။ ။ ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက် လေးပါး၊ မနောဒုစရိုက် သုံးပါးကို သင်ခန်းစာ (၉) တွင် ကြည့်ရှုနိုင်ပါသည်။)

֍ ပြီးနောက် “မြတ်စွာဘုရားရဲ့ တရားတော်တွေထဲမှာ လိုက်နာကျင့်ကြံစရာ ဆုံးမဩဝါဒတွေ အများကြီးရှိတယ်။ ဒါပေမဲ့ စောစောက သားတို့သမီးတို့ကို ပြောပြလိုက်တဲ့ အချက်သုံးချက်ကတော့ တရားတော်တွေရဲ့ အကျဉ်း ချုပ်ပဲဖြစ်တယ်။ အခု အဲဒီအချက်သုံးချက်ကို ဆောင်ပုဒ်လေးနဲ့ ဆိုကြည့်ရအောင်”ဟု ပြော၍ သင်ခန်းစာကို အဆုံး သတ်ပါ။

“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား”