တရားထိုင်ကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၈။ တရားထိုင်ကြမယ်(ကျောင်းသားကိုင်သို့)
348306ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၈။ တရားထိုင်ကြမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

သင်ခန်းစာခေါင်းစဉ်။ ။ တရားထိုင်ကြမယ်

သင်ယူမှုဦးတည်ချက်။ ။ နည်းလမ်းတကျ တရားထိုင်တတ်စေရန်နှင့် တရားထိုင်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်များ၊ ပုံဆွဲရန် လိုအပ်သော ပစ္စည်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဒီနေ့ သားတို့သမီးတို့နဲ့ ဆွေးနွေးမှာကတော့ ‘တရားထိုင်ကြမယ် ́ ဆိုတဲ့ သင်ခန်းစာ ဖြစ်တယ်”ဟု ပြောပြီး စာသင်ချိန်ကို စတင်ပါ။

“အခု သားတို့သမီးတို့ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။ ပျော်ရွှင်နေလား၊ စိတ်ညစ်နေလား၊ ဘယ်လိုဖြစ် နေတယ်ဆိုတာ စဉ်းစားကြည့်ကြပါ။ သားတို့သမီးတို့ ခံစားနေရတဲ့ စိတ်အခြေအနေကို ပုံတွေနဲ့ဖော်ပြမယ်။ အခု ဆွဲပြထားတဲ့ ပုံတွေထဲမှာ သားတို့သမီးတို့ ဘယ်ပုံထဲကလို ဖြစ်နေသလဲ”စသည်ဖြင့် ပြောပြီး အောက်ပါ ပုံများကို သင်ပုန်းတွင် ဦးစွာဆွဲပြပါ။

ပုံ (၁) :(

ပုံ (၂):|

ပုံ (၃) :)

֍ “ဒီပုံတစ်ပုံစီက ဘယ်လိုခံစား နေရတဲ့ပုံတွေလို့ ကလေးတို့ ထင်သလဲ”ဟု မေးမြန်း ဆွေးနွေးပြီး ဆရာက “ပုံ (၁) က စိတ်ညစ် နေတဲ့ပုံ။ ပုံ (၂) က စိတ်လည်း မညစ်ဘူး၊ ပျော်ရွှင်နေတာလည်း မဟုတ်ဘူး ပုံမှန်အတိုင်းပဲ။ ပုံ (၃) ကတော့ ပျော်ရွှင်နေတဲ့ပုံ ဖြစ်တယ်။ သားတို့သမီးတို့ အခု လက်ရှိ ခံစားနေရတဲ့ ပုံတစ်ပုံကို ဆွဲပြပါ”ဟု ပြောပြီး ပုံတစ်မျိုးစီကို ဆွဲကြပါစေ။

֍ ထို့နောက်၎င်းတို့ ဆွဲထားသောပုံကို သင်ပုန်း (သို့မဟုတ်) နံရံပေါ်တွင် ကပ်ကြပါစေ။ ထိုသို့ ကပ်ရာတွင် အမျိုးအစားတူရာပုံများကို စု၍ ကပ်ကြပါစေ။

֍ သင်ပုန်း (သို့မဟုတ်) နံရံပေါ်ရှိ စာရွက်များကို ကလေးများအချင်းချင်း လိုက်လံကြည့်ရှုကြပါစေ။

֍ ထို့နောက် ဆရာက ပြောဆိုချင်သောကလေး အချို့အား ဘာကြောင့် စိတ်ညစ်ရကြောင်း (သို့မဟုတ်) ဘာကြောင့် ပျော်ရွှင်ရကြောင်းကို မေးမြန်းပါ။ (အချိန်ပေါ်မူတည်ပြီး ကလေးများကို မေးနိုင်သည်။)

֍ ကလေးများကို မေးမြန်းဆွေးနွေးပြီးသောအခါ...“စိတ်တည်ငြိမ်ပြီး စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို နောက်တစ်ချိန်မှာ ဆွေးနွေးကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ပုလင်းလွတ်နှစ်လုံး၊ သဲနှင့်ရေ။

သင်ယူမှုလုပ်ငန်းစဉ်

֍ စာသင်ချိန် (၁)တွင် ကလေးများကပ်ထားခဲ့သော သင်ပုန်း(သို့မဟုတ်) နံရံပေါ်ရှိ ပုံများကို ညွန်ပြ၍ ဆရာက “ဒီပုံတွေမှာဆိုရင် တချို့ကလေးတွေက ပျော်ရွှင်နေကြတယ်။ တချို့ကတော့ စိတ်ညစ်နေကြတာကို တွေ့ရတယ်။ အဲဒီလို မျက်နှာမှာပေါ်နေတဲ့ စိတ်ခံစားမှုဟာ ဘာနဲ့တူသလဲ ဆိုတာကို ဆရာက ဒီဥပမာနဲ့ လုပ်ပြမယ်” ဟု ဆိုကာ ပုလင်းလွတ်နှစ်လုံးကို ယူ၍ တစ်လုံးထဲသို့ ရေကြည်ထည့်ပြီး ကျန်တစ်လုံးထဲသို့ မြေမှုန့်နှင့်ရေများ ထည့်ပါ။

֍ ပြီးနောက် မြေမှုန့်နှင့်ရေများ ထည့်ထားသော ပုလင်းကို ယူ၍ “ဒီပုလင်းကို လှုပ်လိုက်မယ်ဆိုရင် ဘာဖြစ်သွား မယ်လို့ ထင်သလဲ”ဟု မေးပါ။ ထို့နောက် ပုလင်းကို လက်တွေ့လှုပ်ကြည့်လိုသူ ကလေး ၃/၄-ဦးခန့်အား အတန်းရှေ့သို့ ခေါ်ထုတ်ကာ လက်တွေ့လှုပ်ကြည့်ကြပါစေ။

֍ ထိုကဲ့သို့ နောက်ကျိနေသော ရေပုလင်းကို ကြည်လင်နေသော ရေပုလင်းနှင့် ယှဉ်ပြပြီး “ဒီရေပုလင်း နှစ်လုံးဟာ ဘယ်လိုကွာခြားနေသလဲ”ဟု မေးကာ ကလေးများနားလည်သလို ဖြေကြပါစေ။

֍ ကလေးများဖြေဆိုပြီးသောအခါ ဆရာက ...

“ဟောဒီ မြေမှုန့်ထည့်ထားတဲ့ပုလင်းကို လှုပ်လိုက်လို့ဖြစ်လာတဲ့ နောက်ကျိနေတဲ့ရေနဲ့ ဆရာတို့ သားတို့သမီးတို့ ရဲ့စိတ်မှာ ဖြစ်နေတာတွေနဲ့ အတူတူပဲ။ ဆရာတို့ရဲ့ စိတ်မှာ အတွေးတွေ အများကြီးရှိတယ်။ သားတို့သမီးတို့ရဲ့ မိဘတွေ၊ လူကြီးသူမတွေမှာဆိုရင် မိသားစုစားဝတ်နေရေး၊ အလုပ်အကိုင် စတာတွေအတွက် စဉ်းစားစရာ ပူပန်စရာတွေ အများကြီးရှိတယ်။

သားတို့သမီးတို့ဆိုရင်လည်း နေပူမိုးရွာမရှောင် ကျောင်းတက်ရတာ၊ အိမ်စာလုပ်ရတာ၊ ဆော့ကစားရတာ၊ မောင်နှမတွေနဲ့ စကားများတာ၊ သူငယ်ချင်းအချင်းချင်း စကားများရတာ၊ လိုချင်တာမရတာတွေ ရှိနိုင်တယ်။ အဲဒီလို အလုပ်တွေ၊ အခက်အခဲတွေ၊ အတွေးတွေ များနေမယ်ဆိုရင်တော့ စိတ်ညစ်လာမယ်၊ စိတ်ညစ်လာရင် အမှားအယွင်းတွေ ဖြစ်လာနိုင်တယ်”

ထို့နောက်ဆရာက ကြည်လင်နေသော ရေပုလင်းကို ပြ၍-

֍ “ဆရာတို့ သားတို့သမီးတို့ရဲ့ စိတ်တွေ တည်ငြိမ်နေမယ်၊ စိတ်ကြည်လင်သန့်ရှင်းနေမယ်ဆိုရင် ဒီရေပုလင်းထဲက ကြည်လင်နေတဲ့ရေလိုပဲ သန့်ရှင်းနေမယ်။ တည်ငြိမ်နေမယ်။ ဒါဖြင့် စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို နောက်တစ်ချိန်မှာ ဆက်ပြီးဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ တရားထိုင်နည်းလင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား စိတ်တည်ငြိမ်ပြီး ပျော်ရွှင်လာအောင် မည်သို့လုပ်သင့်သည်ကို မေးမြန်းပါ။

֍ ကလေးများ ဖြေပြီးသောအခါ ဆရာက “စိတ်တည်ငြိမ်မှ ပျော်ရွှင်နိုင်မှာဖြစ်တဲ့အတွက် စိတ်တည်ငြိမ်အောင် တရားထိုင်ကြရမယ်”ဟု ပြောပြပြီး ကလေးများ အောက်ပါလင်္ကာကို ရွတ်ဆိုကြပါစေ။ (ဤသင်ခန်းစာကို သင်ကြားရာတွင် ဆရာအနေဖြင့် အသံကို အေးဆေးတည်ငြိမ်စွာ ဖြစ်နေရန် ကြိုးစားထားသင့်သည်။)

တရားထိုင်နည်းလင်္ကာ

တင်ပျဉ်ခွေကာ ထိုင်နေပါ၊
ခါးမှာ ဖြောင့်ဖြောင့်ထား။
မလှုပ်ဣန္ဒြေ ငြိမ်ငြိမ်နေ၊
စိတ်တွေ မလွင့်ပါး။
မျက်စိမှိတ်ကာ ခေါင်းတည့်ပါ၊
နှာသီးဝမှာ စိတ်ကိုထား။
ထွက်လေဝင်လေ စူးစိုက်ကာ၊
မှတ်ပါ ကလေးများ။

မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ လင်္ကာကို ကလေးများနှင့် သင့်လျော်အောင် ပြုပြင်ထားပါသည်။

֍ လင်္ကာရွတ်ဆိုပြီးလျှင် လင်္ကာကို မည်သို့နားလည်ကြောင်း ကလေးများကိုယ်တိုင် ပြောပြပါစေ။ ကလေးများ ပြောပြီးလျှင် တရားထိုင်နည်းကို ဆရာက အောက်ပါအတိုင်း ဖြည့်စွက်ပါ။

အခြေခံတရားရှုမှတ်နည်း

၁။ တင်ပျဉ်ခွေ၍ သက်သောင့်သက်သာထိုင်ပါ။ (ဘယ်ခြေကို အောက်ကထား၍ ညာခြေကို အပေါ်က ထားပြီး သက်သက်သာသာ ထိုင်ပါ။)
၂။ ဘယ်ဘက်လက်ဝါးပေါ် ညာဘက်လက်ဝါးတင်ကာ လက်မထိပ်ချင်း ထိပြီးထားပါ။
၃။ ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားပါ။ (စိတ်ဖြင့်ဆောင်ထားသော အကြောများကို လျှော့ချထားပါ။ တင်းအောင်ပြုလုပ်၍ မထားရပါ။ ခါး၊ ကျော၊ ခေါင်းတို့ကို တုတ်ချောင်း ထောင်ထားသလို တင်းတောင့် ထောင်မတ် မထားရ။)
၄။ မျက်စိကို အိပ်ခါနီးအချိန်မှာ မှိတ်သလို သက်သာစွာ မှိတ်ထားပါ။ ဖိ၍မှိတ်မထားရပါ။ မှိတ်တုတ်မှိတ် တုတ်လည်း မဖြစ်စေရပါ။
၅။ ပါးစပ်ကို စကားမပြောဘဲနေတဲ့အခါ စေ့ထားသလို သက်သာစွာ စေ့ထားပါ။
၆။ လက်၊ ခြေထောက်များ မလှုပ်ရပါ။
၇။ စိတ်ကို နှာသီးဖျား (သို့မဟုတ်) နှာသီးဝ၌ ထားပါ။
၈။ အသက်ရှနေတာကို အာရုံပြုထားပါ။

(နှာသီးဝ၌ လေများတိုးဝင်သွားလိုက် တိုးထွက်လာလိုက်၊ တိုးဝင်သွားလိုက် တိုးထွက်သွားလိုက် ဖြစ်နေတာကို သိနေပါ။ တိုးဝင်သွားလိုက် တိုးထွက်သွားလိုက်ကို သိလားဟု စောင့်ကြည့်ပြီး လေးငါးကြိမ်မေးပါ၊ မသိရင် ထပ်စောင့်ကြည့်ပါ။)

ကလေးများ သိနိုင်လောက်ပြီဟု ယူဆသောအခါ “လေတိုးဝင်သွားရင် ဝင်တယ်လို့ စိတ်ထဲမှာမှတ်ပါ။ လေတိုးထွက်လာရင် ထွက်တယ်လို့ စိတ်ထဲမှာ မှတ်ပါ။ ထိုနည်းအတိုင်း ဝင်တယ် ထွက်တယ်လို့ မှတ်နေပါ”ဟု ဆရာက ပြောပြပါ။

မှီငြမ်း။ ။ ပဋိသမ္ဘိဒါမဂ် ပါဠိတော် မြန်မာပြန်၊ မဟာဝဂ်၊ အာနာပါနဿတိကထာ ဝေါဒါနဉာဏ်အကျယ်ပြခြင်း၊ ၁၅၉၊ ၂၁၇။

֍ ထို့နောက် ဆရာက “အခုလေ့လာခဲ့တာ တရားထိုင်ပုံ ထိုင်နည်းဖြစ်ပြီးနောက်စာသင်ချိန်မှာ အခုပြောခဲ့တဲ့ နည်းလမ်းအတိုင်း လက်တွေ့တရားထိုင်ကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ကလေးတို့အားလုံး တရားထိုင်ရင် ဘယ်လိုထိုင်ရမယ်ဆိုတဲ့ တရားထိုင်ပုံ ထိုင်နည်းကို စာသင်ချိန် (၃)မှာ သိခဲ့ပြီးပြီ။ အခုစာသင်ချိန်မှာ ငါးမိနစ်ခန့် လက်တွေ့တရားထိုင်ကြမယ်။ တရားမထိုင်ခင် အရင်ဆုံးနေရာယူ ရအောင်”ဟု ဆိုကာ ကလေးများကို တစ်တန်းလျှင် ရှစ်ယောက်ဖြင့် အတန်းငါးတန်းကို ရှေ့နောက် ညီညာစွာ တန်းစီ၍ ထိုင်ကြပါစေ။ (ကလေးအရေအတွက်ပေါ်မူတည်၍ ဆရာက စီစဉ်ပါ။)

֍ ထို့နောက်တွင် ဆိုခဲ့သော တရားထိုင်နည်းလင်္ကာကို ပြန်လည်ရွတ်ဆိုစေပြီး အထက်ပါ တရား ထိုင်နည်းအတိုင်း ကလေးများ ထိုင်ကြပါစေ။

စာသင်ချိန် (၃)

֍ ကလေးများ အဆင်သင့်ဖြစ်ပြီဆိုလျှင် ဆရာက “အခု သားတို့သမီးတို့က ဝင်လေ၊ ထွက်လေပေါ်မှာ အာရုံ စူးစိုက်ထားပါ။ နှာသီးဖျားကနေ ဝင်လာတဲ့လေက အေးနေပြီးတော့ ပြန်ထွက်သွားတဲ့အချိန်မှာ လေက နွေးနေတာကို သတိပြုပါ။ တရားထိုင်နေရင်းနဲ့ ခန္ဓာကိုယ်က နာလာတာ၊ ခေါင်းယားလာတာ၊ ခါးညောင်းလာတာ တွေလည်း ဖြစ်ပေါ်နိုင်တယ်။ အဲဒီလိုဖြစ်လာခဲ့ရင် သားတို့သမီးတို့က အဲဒီနာကျင်ကိုက်ခဲလာတဲ့ နေရာလေးကို သတိထား ကြည့်ရမယ်။ ခဏကြာတဲ့အချိန်မှာ အဲဒီနာကျင်မှုလေးဟာ သူ့ဘာသာသူ ပျောက်သွားတာလည်း တွေ့ရမယ်။ မပျောက်တာလည်း တွေ့ရမယ်။ ပြီးရင် ဝင်လေထွက်လေပေါ်မှာပဲ ပြန်အာရုံစိုက်ပြီး ရှုမှတ်ပါ၊ သတိထားနေပါ”ဟု ပြောကြားပေးပါ။ (တရားရှုမှတ်တဲ့အခါ “လျောင်း၊ ထိုင်၊ သွား၊ ရပ်”ဆိုတဲ့ ကိုယ်အမူအရာ လေးမျိုးနဲ့ ရှုမှတ်လို့ ရတယ်။ လျောင်းရင် ‘ကျောင်းတယ်၊ ထိုင်ရင် ‘ထိုင်တယ်’၊ သွားရင် ‘သွားတယ်၊ ရပ်ရင် ‘ရပ်တယ်’လို့လည်း ရှုမှတ်လို့ ရတယ်”ဟု ရှင်းပြပါ။)

֍ ထို့နောက် တရားမထိုင်ခင် ဖြစ်ပေါ်နေသောစိတ်နှင့် တရားထိုင်ပြီး ဖြစ်ပေါ်လာသောစိတ် အခြေအနေကို ကလေးများနှင့် ဆွေးနွေးပါ။ ဆွေးနွေးချက်များကို ဆရာက မှတ်တမ်းတင်ထားပါ။

֍ “တရားထိုင်ခြင်းအားဖြင့် စိတ်ကြမ်းတွေ၊ စိတ်ရှုပ်တွေ၊ စိတ်ရိုင်းတွေ ငြိမ်းချမ်းသွားပြီး စိတ်တည်ငြိမ်လာမယ်၊ စိတ်ချမ်းသာလာမယ်။ စိတ်ချမ်းသာလာရင် ဉာဏ်လည်းကောင်းမယ်၊ စာလည်းတော်မယ်။ ဒါဆိုရင် သားတို့ သမီးတို့ဟာ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်လာမယ်။ ဒါကြောင့် သားတို့သမီးတို့ဟာ နေ့စဉ် တရားထိုင်တဲ့ အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်ကြပါ”ဟု ပြောပြီး သင်ခန်းစာကို အနှစ်ချုပ်ပါ။