ကိုရင်လေးရာဟုလာ -ဆရာ

From Wikisource
Jump to navigation Jump to search
339262ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၁) ကိုရင်လေးရာဟုလာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

ကိုရင်လေး ရာဟုလာ

သင်ယူမှုဦးတည်ချက် ။ ။ (က) ဘုရားသားတော်များဖြစ်သော ကိုရင်လေးများ၏ တစ်နေ့တာလုပ်ငန်းများကိုသိရှိစေရန်။

(ခ) ကိုရင်လေးရာဟုလာ၏စိတ်နေသဘောထားနှင့်ဆုံးမစကားနာခံတတ် သော အကျင့်တို့ကို သိရှိပြီး အားကျအတုယူတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်လေးရာဟုလာဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကိုရင်လေးများနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းပါ။

-ကိုရင်လေးတွေကို တွေ့ ဖူးလား၊ ဘယ်မှာတွေ့ ဖူးလဲ။
-ကိုရင်လေးတွေ ဝတ်တဲ့အဝတ်နဲ့ ကလေးတို့ဝတ်တဲ့ အဝတ်တွေ တူသလား။

[သတိပြုရန် 1]

֍ကလေးတို့အရွယ် ကိုရင်လေးတစ်ပါးဖြစ်သည့် “ကိုရင်လေးရာဟုလာ” ဇာတ်လမ်းကို ရုပ်ပုံများပြ၍ ပြောပြပါ။

ကိုရင်လေး ရာဟုလာ

ရှေးအခါတုန်းက ရာဟုလာလို့ အမည်ရတဲ့ ကိုရင်လေးတစ်ပါး ရှိခဲ့ဖူးတယ်။ အဲဒီ ကိုရင်လေး .. ရာဟုလာဟာ မြတ်စွာဘုရားရဲ့ သားတော်ဖြစ်ပေမဲ့ မာန်မာနမကြီးဘဲ ကျောင်းဝင်းအတွင်း၌ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်လေ့ရှိတယ်။ ခုနစ်နှစ်အရွယ် ကတည်းက မြတ်စွာဘုရားရှင်က သင်္ကန်းစီးပေးပြီး ကိုရင်ဝတ်ပေးခဲ့တယ်။ ကိုရင်လေးဟာ သူများတွေထက်ပိုပြီး ဆုံးမစကားတွေကို နားထောင်လေ့ရှိတယ်။ ကျောင်းမှာလည်း ကိုယ့် ထက်ကြီးတဲ့ ဦးဇင်းတွေ၊ ကိုရင်တွေဆုံးမရင် လေးလေးစားစားနဲ့ နားထောင်လေ့ရှိတဲ့အပြင် ဆရာသမားတွေရဲ့ စကားကိုလည်း အလွန်နားထောင်တဲ့ ကိုရင်လေးတစ်ပါး ဖြစ်တယ်။ ကိုရင်လေး ရာဟုလာဟာ မနက်အိပ်ရာထတိုင်း လက်နဲ့ သဲတစ်ဆုပ်ကိုယူကာ “မြတ်စွာ ဘုရားနှင့်ဆရာသမားတို့ထံမှ ဤသဲတစ်ဆုပ်စာလောက်အထိ များပြားသော ဩဝါဒကို နာယူချင်ပါ၏”လို့ အမြဲဆုတောင်းတယ်။

တစ်နေ့တော့ ဆုံးမစကားဆိုရင် အမြဲနားထောင်တဲ့ ကိုရင်လေးရာဟုလာကို ဦးဇင်း တွေက စမ်းသပ်ကြတယ်။ ကိုရင်လေးရာဟုလာ လာတဲ့လမ်းမှာ အမှိုက်ခြင်းတွေ၊ တံမြက် စည်းတွေ ပစ်ချထားကြပြီးတော့ “ကိုရင်ရာဟုလာ ... ဒါတွေ ကိုရင်ပစ်ထားတာ မဟုတ် လား”လို့ မေးကြတယ်။ ဒီတော့ ကိုရင်လေးရာဟုလာက “တပည့်တော် ပစ်ချတာမဟုတ်လို့ မသိမ်းနိုင်ပါဘူး”လို့ မပြောဘဲ သူကိုယ်တိုင် တံမြက်စည်းယူပြီး သန့်ရှင်းရေး လုပ်လိုက် တယ်။ ဒီလောက်ထိ သည်းခံပြီး ဆုံးမစကား နားထောင်တတ်တဲ့ ကိုရင်လေးဆိုတော့ သွားလေရာမှာ သူ့ကို ချစ်ခင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေခဲ့တယ်။ ကိုရင်လေးသွားတဲ့ နေရာ တိုင်းမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုကြတယ်။

မှီငြမ်း ။ ။ တိပလ္လတ္ထမိဂဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၈၈၊ ဇာ၊ ဋ္ဌ၊ ၁၊ ၁၇၇။

֍ကိုရင်လေးရာဟုလာအကြောင်း ပြောပြီးသောအခါ -

-အမှိုက်တွေ တွေ့ တော့ ကိုရင်လေး ဘာလုပ်သလဲ၊ သားတို့၊ သမီးတို့ရော အမှိုက်တွေ တွေ့ ရင် ကိုရင်လေးလို ကောက်ကြသလား။
-ဆုံးမစကားပြောတဲ့သူတွေကို ကိုရင်လေးက ချစ်သလား၊ မုန်းသလား၊ သားတို့၊ သမီးတို့ရော ကိုယ့်ကိုဆုံးမတဲ့ ဖေဖေ၊ မေမေ၊ ကိုကို၊ မမတွေကို ချစ်သလား၊ မုန်းသလား။
-အမှိုက်တွေ့ရင် ကောက်တတ်တဲ့ ကိုရင်လေးကို ဦးဇင်းတွေက ဘာလုပ်ကြသလဲ ဟု ကလေးများ ကိုရင်လေးရာဟုလာကို အားကျအတုယူစေနိုင်အောင် မေးခွန်းများ မေးပါ။

֍“အမှိုက်တွေ့ ရင် ကောက်ပြီး သန့်သန့်ရှင်းရှင်းနေတဲ့သူကို ဆရာတွေက ချစ်တယ်၊ မေမေတို့ကလည်း ချစ်တယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်လေးရာဟုလာပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

ကိုရင်လေးရာဟုလာ အကြောင်းကို ကလေးများ မျက်လုံးထဲ မြင်ယောင်နေအောင် ပြန်လည် ဆက်စပ်ပြောပြပါ။

ထို့နောက် ကိုရင်လေးရာဟုလာပုံကို ဆေးရောင်ခြယ်ကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကိုရင်လေးရာဟုလာနှင့် ဆက်စပ်သော အကြောင်းအရာများကို ကျောရိုးယူ၍ ဆရာက ကိုရင်လေးရာဟုလာအကြောင်းကို ပြောပြပြီး ဆရာပြောသည့် အကြောင်းအရာကို ကလေးများက သရုပ်ဆောင်နေကြရမည်။

[သတိပြုရန် 2]

ဥပမာ - ကိုရင်လေးရာဟုလာ ဇေတဝန်ကျောင်းတော်ကြီးထဲမှာ လမ်းလျှောက်နေတယ် (ကလေးများအားလုံး လမ်းလျှောက်နေကြရန်)။ လမ်းလျှောက်နေရင်း ရှေ့မှာ အမှိုက် တွေ တွေ့လို့ ကောက်လိုက်တယ် (ကလေးများ အမှိုက်ကောက်သည့်ဟန် ပြုလုပ်ကြ ရန်)။ ကိုရင်လေးဟာ အမှိုက်တွေ အများကြီး ထပ်တွေ့ တာနဲ့ တံမြက်စည်းလိုက်ရှာ တယ် (ကလေးများ တံမြက်စည်းရှာသည့်ဟန် ပြုလုပ်ကြရန်)။ တံမြက်စည်းတွေ့ တာနဲ့ ကိုရင်လေးဟာ ကျောင်းဝင်းထဲမှာ တံမြက်စည်းလှည်းနေတယ် (ကလေးများအားလုံး တံမြက်စည်းလှည်းသည့်ဟန် ပြုလုပ်ကြရန်)။ ကိုရင်လေးတံမြက်စည်းလှည်းနေတုန်း အသက်ကြီးတဲ့ ဘုန်းကြီးတစ်ပါးက သူ့ရှေ့ကနေ ဖြတ်လျှောက်သွားတယ်။ အဲဒီအခါ ကိုရင်လေးက ခေါင်းကိုညွတ်ပြီး အရိုအသေ ပြုလိုက်တယ်။ ကိုရင်လေးရာဟုလာဟာ သူ့ကို လာရောက်ဆုံးမရင် အလွန်သဘောကျတယ်။ ဆုံးမစကားပြောသူတွေကို မမုန်း တဲ့အပြင် ဆုတောင် တောင်းလိုက်သေးတယ်။ ဆုတောင်းဖို့အတွက် ကိုရင်လေးဟာ မြေကြီးပေါ်က သဲတွေကို လက်နဲ့ ဆုပ်လိုက်တယ်။ ငါ့ကို ဆုံးမမယ့်သူများ ဒီသဲလုံး တွေလို များပါစေလို့ ဆုတောင်းလိုက်တယ် စသည်ဖြင့် ဖန်တီးပြုလုပ်ကာ ပြောပြနိုင် သည်။

֍ထို့နောက် ဆရာက ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။

-“ကိုရင်လေးတွေနဲ့ စကားပြောဖူးသလား။ ကိုရင်လေးတွေကို ကလေးတို့က ဘယ် လို ခေါ်သလဲ”
-“ကိုရင်က ခေါ်ရင်ရော ဘယ်လို ထူးသလဲ”ဟုမေးပြီး ကိုရင်လေးများသည် ဘုရား၏ သားတော်လေးများဖြစ်ကြောင်းနှင့် ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစား ကောင်းကောင်းမွန်မွန် ပြောဆိုရမည်ဖြစ်ကြောင်းပြောပြ၍ ကလေးများအား နှစ်ယောက်တစ်ဖွဲ့ လေ့ကျင့်ပါစေ။

ဥပမာ။ ။ ကိုရင်လေးက “ဒကာလေး မောင်မောင်/ဒကာမလေး နီနီ”လို့ ခေါ်ရင် လက်အုပ်ချီကာ “အရှင်ဘုရား” “ဘုရား”ဟု ထူးရကြောင်း ပြောပါ။

֍ကိုရင်လေးက တစ်ခုခုပေးလျှင်သော်လည်းကောင်း၊ ခိုင်းလျှင်သော်လည်းကောင်း “တင် ပါ့ဘုရား” “မှန်ပါ့ဘုရား” ဟု ပြန်ပြောရမည်ဖြစ်ကြောင်း၊ ကိုရင်လေးနှင့် စကားပြောလျှင် “ကိုရင်လေး” ဟု ရိုရိုသေသေ ခေါ်ရမည်ဖြစ်ကြောင်း ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်ကလေး ရာဟုလာကဗျာ၊ ကိုရင်လေးရာဟုလာပုံ၊ ဆရာသမားများ ရှေ့တွင် ဦးညွတ်သွားနေပုံ၊ ဆုတောင်းနေပုံ၊ တံမြက်စည်းလှည်းပြီး အမှိုက်သိမ်းနေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမဦးစွာ ဆရာက အောက်ပါ “ကိုရင်ကလေး ရာဟုလာ”ကဗျာကို အသံနေ အသံထားဖြင့် အလွတ်ရသည်အထိ ရွတ်ဆိုကြပါစေ။

ကိုရင်ကလေး ရာဟုလာ

ကိုရင်ကလေး ရာဟုလာ၊
ဘုရားသားတော်ပါ။
ဘုရားသားတော် ဖြစ်ပေမဲ့၊
မမော်ကြွားဘူးကွဲ့။
သူ့လက်ကလေးနဲ့ သဲဆုပ်ကာ၊
ဩဝါဒ မျှော်ရှာ။
ဒီသဲပမာ ဩဝါဒ၊
ရရင် ကောင်းလေစွ။

֍ကဗျာရွတ်ပြီးသောအခါ ရုပ်ပုံများကို အခန်းနံရံများတွင် ကပ်ထားပါ။ ရုပ်ပုံများ၏ အဓိပ္ပာယ်ကို ရှင်းပြပါ။

֍ထို့နောက် ကလေးများကို အုပ်စု (၄) စု ဖွဲ့ပြီး အုပ်စုတစ်စုစီမှ တစ်ယောက်စီ ထွက်စေ ၍ ဆရာရှေ့တွင် ညီညီညာညာ ရပ်နေစေကာ ဆရာက ရုပ်ပုံတစ်ခုအမည်ကို ပြောပေး ပါ။ ကလေးများက ထိုရုပ်ပုံရှိရာသို့ ခုန်ဆွခုန်ဆွဖြင့် သွားရပ်နေရမည်။ ပထမဆုံး ရောက်သော အုပ်စုကို အနိုင်ပေးပါ။

֍ဆရာက ကိုရင်လေးများသည် ဘုရား၏ သားတော်လေးများဖြစ်ပြီး ဘုရားစကားကို လိုက်နာနေထိုင်သူများဖြစ်၍ သူတို့ကို ရိုရိုသေသေ ဆက်ဆံပြောဆိုရမည်ဖြစ်ကြောင်း၊ ကိုရင်လေးရာဟုလာကဲ့သို့ မိဘ၊ ဆရာစကား နားထောင်ပြီး လိမ္မာယဉ်ကျေးစွာ ပြုမူ နေထိုင်ရမည်ဖြစ်ကြောင်း ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအားလုံး ပြောဆိုခွင့်ရအောင် လှုံ့ဆော်ပေးပါ။
  2. ကလေးများ၏ တုံ့ပြန်အဖြေများအပေါ် မူတည်၍ ဆရာက ဆက်၍ မေးပါ။