ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/မဟာဘုတ် ၄-ပါးအကျယ်

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒသမအခန်း မဟာဘုတ် ၄-ပါးအကျယ်
325686ကိုယ်ကျင့်အဘိဓမ္မာ — ဒသမအခန်း မဟာဘုတ် ၄-ပါးအကျယ်အရှင်ဇနကာဘိဝံသ

မဟာဘုတ် (ဓာတ်ကြီး၊) ၄-ပါး


၁။ ပထဝီဓာတ်၊
၂။ အာပေါဓာတ်၊
၃။ တေဇောဓာတ်၊
၄။ ဝါယောဓာတ်။

ပသာဒရုပ် ၅-ပါး

၅။ စက္ခုပသာဒ
၆။ သောတပသာဒ
၇။ ဃာနပသာဒ
၈။ ဇိဝှါပသာဒ
၉။ ကာယပသာဒ

အာရုံ ၅-ပါး

၁၀။ ရူပါရုံ
၁၁။ သဒ္ဒါရုံ
၁၂။ ဂန္ဓာရုံ
၁၃။ ရသာရုံ
ဖောဋ္ဌဗ္ဗာရုံ [ပထဝီ တေဇော ဝါယော ဓာတ်ကြီး ၃-ပါးကိုပင် တွေ့ထိဘွယ် အာရုံတမျိုးဖြစ်၍ ဖောဋ္ဌဗ္ဗာရုံဟု ခေါ်ထားသည်။

ဘာဝရုပ် ၂-ပါး

၁၄။ ဣတ္ထိဘာဝ
၁၅။ ပုရိသဘာဝ

၁၆။ ဟဒယဝတ္ထု
၁၇။ ဇီဝိတ
၁၀။ ဩဇာ (အာဟာရ)
၁၉။ အာကာသဓာတ်

မဟာဘုတ် ၄-ပါးအကျယ်

ပထဝီဓာတ်

ပကတိမြေသည် ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင် လောက်အောင် ခိုင်မာသကဲ့သို့ အတူဖြစ်ဘက် ရုပ်တရား စုကို ခံယူ ဆောင်ထားနိုင်လောက်အောင် ခိုင်မာသော ရုပ်ကို ပထဝီဓာတ် (မြေဓာတ်)ဟု ခေါ်သည်၊ ပကတိမြေကြီးနှင့် ကျောက်ခဲသံခဲ စသည်မှာ ဤပထဝီဓာတ် လွန်ကဲသော ရုပ်အစုအဝေးများတည်း

အာပေါဓာတ်

ပကတိရေသည် မြေမှုန့် မုံမှုန့် စသည်တို့ကို ပေါင်းစပ်ဒေသကဲ့သို့ အတူဖြစ်ဘက် ရုပ်မှုန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော)ရုပ်ကို အာပေါဓာတ် ရေဓာတ်)ဟုခေါ်သည်၊ ဤ အာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်း သဘောလည်း ရှိသေးသည်။ ထို့ကြောင့် ပကတိ, ကျင်ငယ် တံထွေး နှပ် စသည်တို့မှာ အာပေါဓာတ် လွန်ကဲသော ရုပ်အစု ဖြစ်ကြပေသည်။

တေဇောဓာတ်

ပကတိ မီးငွေ့ နေပူငွေ့များသည် အစိုအစေးများကို ခြောက်စေသကဲ့သို့ အာပေါဓာတ်ဖြင့် စိုစွတ် စေးကပ်သော ရုပ် အမှုန့်များကို အလွန်ကြီး မစိုစေဘဲ အနေတော်ရုံ သွေ့ခြောက်စေသော ရုပ်ကို တေဇောဓာတ် (မီးဓာတ်)ဟု ခေါ်၏၊ နွေအခါ၌ ကျန်းမာသူတို့၏ ခန္ဓာကိုယ်ဝယ် အအေးငွေ့ရှိ၏၊ ထိုအအေးငွေ့လည်း တေဇောဓာတ်ပင်တည်း၊ ထို့ကြောင့် ဥဏှတေဇော သီတတေဇောဟု တေဇော ၂-မျိုး ရှိကြောင်းကို သိရာ၏။

ဤတေဇောကိုပင် ဥတု ဟုလည်း ခေါ်၏၊ ခန္ဓာကိုယ်နှင့် တကွ အပြင်ပ မြေ ရေ တော တောင်ဟူသမျှ၌ ဧသောအခါ သီတတေဇော (သီတဥတု)သည် တလောကလုံးပြန့်နှံ၍, ပူသောအခါ ဥဏှတေဇော (ဥဏှဥတု)သည် တလောကလုံး၌ ပြန့်နှံ့လျက်ရှိ၏၊ ဤတေဇောသည် သူ့အခါနှင့်သူ ပူချိန် ပူ၍ ဧချိန်လျှင် ကျန်းမာ၏၊ ခန္ဓာကိုယ်တွင်း၌ရှိသော ဥဏှတေဇောသည် နဂိုသဘောထက် လွန်ကဲလာလျှင် နဲနဲလွန်လျှင် နဲနဲဖျား၏၊ များများလွန်လျှင် များများဖျား၏၊ သိပ်လွန်လျှင် သေ၏။ ထို့အတူ သီတတေဇောလွန်လျှင်လည်း ရောဂါရကြန်တော့သည်သာ။

ထို့ကြောင့် တေဇော၏ အပြောင်းအလွဲကို မခံနိုင်သူတို့သည် အလွန် ပူသောအခါ၊ ခရီးသွားခြင်း အလွန်ပူသောအစာ စားခြင်း အလွန် အေးသောအခါ ခရီးသွားခြင်း၊ အအေးမိခြင်း, အလွန် အေးသော အစာကို စားခြင်းကို သတိကြီးစွာထား၍ ရှောင်ရှားနိုင်မှသာ ကျန်းမာသူ အသက် ရှည်သူများ ဖြစ်နိုင်သည်။ ပကတိ မီး နေတို့သည် ဥဏှတေဇော လွန်ကဲသော ရုပ်အစုအဝေးများဖြစ်ကြ၍ အေးမြသောရေနှင့် ရေခဲ စသည်တို့မှာ သီတတေဇောလွန်ကဲသော ရုပ်အစုအဝေးများ ဖြစ်ကြလေသည်။

ပါစကဝမ်းမီး

အစာသစ်အိမ်၏အောက်၌ စားသမျှအစာကို ကြေကျက်စေနိုင်သော “ပါစကဝမ်းမီး”ခေါ် တေဇာတမျိုးရှိသေး၏၊ ထိုပါစကတေဇော အားကောင်းသူ၌ စားသမျှအစာ ကြေ၏၊ ထိုတေဇောညံ့လျှင် အစာမကြေဘဲ ဓာတ်ပျက်တတ်၏၊ ထိုကဲ့သို့ ဓာတ်ပျက်မှန်း သိလျှင် ကြေကျက်လွယ်၍ နူးညံ့သော အစာကို စားသောက်မှသာ ကျန်းမာနိုင်မည်။

ဝါယောဓာတ်

ပကတိလေသည် ထိုထိုအရာဝတ္ထုကို တွန်းထိုး ထောက်ကန်နိုင်သကဲ့သို့ တကွဖြစ်ဘက် ရုပ်အစုကို အချင်းချင်းထိကပ်နေအောင် တွန်းထိုး ထောက်ကန်တတ်သော ရုပ်ကို ဝါယောဓာတ်(လေဓာတ်)ဟု ခေါ်၏၊ ခန္ဓာကိုယ်တွင်း၌ လေဓာတ် ၆-မျိုး ရှိ၏၊ ၆-မျိုး က..

၁။ ဥဒ္ဓင်္ဂမ လေ

အထက်သို့ဆန်တက်သော လေတည်း၊ ထိုလေ လွန်ကဲသောအခါ ရင်ပြည့်ခြင်း, ရင်ခံခြင်း၊ ကြို့ထိုးခြင်း၊ ချောင်းဆိုးခြင်း ချီခြင်း စသော ရောဂါများ ဖြစ်စေတတ်၏၊ စကားပြောသောအခါ၌ ဤလေဓာတ်က အထက်သို့ အမြဲတက်လျက်ရှိသောကြောင့် ရင်ပြည့် ရင်ခံ ရောဂါရှိသူသည် ထိုစကားပြောမှုကို အထူးဆင်ခြင်ရမည်၊ ဝမ်းထဲ၌ တစုံတရာအစာမရှိလျှင် သာ၍ပင် အထက်သို့ လေတက်တတ်လေသည်။

၂။ အဓောဂမ လေ

အောက်သိုစုန်ဆင်းသော လေတည်း၊ ထိုလေလွန် သောအခါ၌ ဝမ်းလျှောခြင်း စသော ရောဂါကို ဖြစ်စေတတ်၏။

၃။ ကုဉ္ဆိဋ္ဌလေ

အူသိမ် အူမရှိ အတွင်းကိုချန်၍ ဝမ်းတွင်း ရှိသမျှအရပ်ဝယ် သွားလာနေသော လေတည်း၊

၄။ ကောဋ္ဌာသယ လေ

အူသိမ်အူမတို့အတွင်းဝယ် လှည့်လည်နေသော လေတည်း၊ စားသမျှအစာကို အောက်သို့ဆောင်ပို့သော ဤလေက အူမကြီး အတွင်း၌ရှိသောကြောင့် စားသမျှ အစာတွေ အစာသစ်အိမ်မှ အစာဟောင်း အိမ်သို့ သက်ဆင်းလျက် အပြင်သို့ ထွက်ကြရသည်။

၅။ အင်္ဂမင်္ဂါနုသာရီ လေ

လက် ခြေ စသောအင်္ဂါကြီးငယ်တို့ကို လျှောက်သော လေတည်း၊ ထိုလေတို့က ကောင်းစွာမလျှောက်လျှင် ရောဂါ ဖြစ်တတ်၏ ခန္ဓာကိုယ်၌ အကြောသေးကလေးများရှိကြ၏၊ထိုးအသေးများ၏ အတွင်း၌ လေလျှောက်လျက်ရှိရာ ကြာရှည်စွာ ကွေး၍နေထိုင်သူ) ရှည်စွာ ကုန်း၍ ဝပ်၍ နေသူ၊ လက်ကို ကွေးထားသူ၌ (ရေပိုက်လုံးကို ကွေးထားလျှင် ရေမသွားသကဲ့သို့) လေ ကောင်းစွာ မလျှောက်နိုင်၊ ထိုလေများ စုမိစုရာ စုကြ၏၊ ထို့ကြောင့် လေကတွန်းပို့မှ သွားနိုင်သော သွေးများလည်း စုမိစုရာ စုနေသဖြင့် ဧကန် ရောဂါတခုခု ရကြသည့်ပြင် နဂို ရောဂါမကင်းသူမှာ ရောဂါတိုးလာတော့၏။ ထို့ကြောင့် ဤလေမျိုး မှန်မှန်လျှောက်အောင် ကြာရှည်စွာ ကွေးပြီးလျှင် ပေါင် ခြေသလုံး ပိညပ် နေအောင် မထိုင်ကြဘို့နှင့် အကြောများ ဆန့်အောင် လမ်းများများ လျောက်ဘို့ တိုက်တွန်းကြသည်။

၆။ အဿာသ ပဿာသ လေ

ဤလေကား အသက် ရှူရှိုက်သောအခါ ထွက်သက် ဝင်သက် လေများတည်း၊ အာနာပါနဟုလည်း ခေါ်၏။ ဤသို့လျှင် လေအမျိုးအစား ၆-ပါးရှိ၏။

အမာခံနှင့် အမွှန်းတင်ရုပ်

ဤ ပထဝီအခါ တေဇော ဝါယော ဟူသော ဓာတ်ကြီး ၄-ပါးသည် အထည်ကိုယ် အမာခံရုပ်များတည်း၊ နောက်၌-ပြမည့် ပသာဒရုပ်စသည်ကား ထိုဓာတ်ကြီး ၄-ပါးကိုမှီတွယ်၍ ဖြစ်ရသော အမွှန်းတင် ရုပ်များဖြစ်သည်။ ထင်ရှားစေအံ့-ခေတ်ကြီး ၄-ပါးသည် အထည်ကိုယ် အမာခံများဖြစ်ရကား ဓာတ်ကြီးလေးပါးတို့ အစုအဝေး များလေ ခန္ဓာကိုယ်ကြီးမားလေ ဖြစ်၏၊ မြေပြင်ကြီး ကျောက်တောင်ကြီး ရေပြင်ကြီး “မီးလုံးကြီး လေမုန်တိုင်းကြီး စသည်ဖြင့် သက်မဲ့ ဝတ္ထု ကြီးတွေ ကြီးမားလေသမျှ၌၎င်း လူကြီး, နတ်ကြီး, ငါးကြီး, လိပ်ကြီး စသည်ဖြင့် သက်ရှိ အကောင်အထည်တွေ ကြီးမားလေသမျှ၌၎င်း, ဤဓာတ်ကြီး ၄-ပါးတို့ အစုအဝေး၏ များနေခြင်းသာ ဖြစ်သည်။

ပြလတ္တံ့သော စက္ခု သောတ ရူပ သဒ္ဒ စသည်တို့အတွက်ကား ထူး၍ အရာ ဝတ္ထု ကြီးမားတော့မည်မဟုတ်၊ ဥပမာ-ဆပ်ပျာမွေးခဲ တခဲ၌ အလွန် အနံ့ကောင်းအောင် အနံ့ဓာတ် ဂန္ဓရုပ်တွေ များစွာထုံမွှမ်းထားသော်လည်း ဆပ်ပျော်ခဲသည် တိုး၍လည်းမကြီး အနံ့ဓာတ် ဂန္ဓရုပ်တွေ လျော့လိုက်ခြင်း ကြောင့်လည်း ဆပ်ပျော်ခဲ တိုး၍မငယ်၊ ထို့ကြောင့် ပထဝီစသော ဓာတ်ကြီး ၄-ပါး အထည်ဝတ္ထု ထင်ရှားသောအမာခံ ရုပ်များဖြစ်ကြောင်း သိပါ။